ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေအချိန်မရွေးဖြစ်လာနိုင်တာကြောင့် ပြည်သူတွေ သတိရှိဖို့ ULA/AA ထုတ်ပြန်

၁၀၊ ဒီဇင်ဘာလ၊ ၂၀၂၁။

အကြမ်းဖက်စစ်အုပ်စုက ရခိုင်ပြည်နယ်အတွင်းမှာ စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်လာတာကြောင့် အချိန်မရွေးတိုက်ပွဲဖြစ်လာတာမို့ ပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိကြဖို့ ULA/AA(ရက္ခိုင့်တပ်တော်)က သတင်းထုတ်ပြန်လိုက်ပါတယ်။

စစ်အုပ်စုဟာ ရခိုင်ပြည်နယ်အတွင်းမှာ ကျေးရွာတွေကိုသွားလာကာ စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်နေပြီး တပ်အပြောင်းအရွေ့တွေလဲ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် ရက္ခိုင့်တပ်တော်က စောင့်ကြည့်နေပြီး ပြည်သူတွေ စစ်ရေးသတိရှိဖို့ ULAက ဒီကနေ့မှာ သတင်းထုတ်ပြန်လိုက်တာပါ။

သမိုင်းဝင် ဆံတော်ရှင်ဘုရားပွဲကျင်းပနိုင်ရေး စီစဉ်နေမှုမှာလည်း စစ်အုပ်စုက လမ်းပြုပြင်ရေး အကြောင်းပြ​ပြီး အင်အားအများအပြားနဲ့ ဝင်ရောက်ခြယ်လှယ်နေပြီး ဘုရားပွဲကို သွားရောက်ကြမယ့် ပြည်သူတွေအနေနဲ့ ဆင်ခြင်သုံးသပ်ကြဖို့လည်း ULAက အကြံပြုထားပါတယ်။

စစ်အုပ်စုဟာ ပြည်သူတွေရဲ့ ကျေးရွာတွေကို ဝင်ရောက်ကာ ကုန်စည်တွေ သယ်ယူပို့ဆောင်ရေးတွေမှာ တားမြစ်ပိတ်ပင်တာဟာ ရန်စတဲ့အပြုအမှုတွေဖြစ်ပြီး နှစ်ဖက်တင်းမာလာမှုကြောင့် တိုက်ပွဲတွေ အချိန်မရွေး ဖြစ်ပွားနိုင်တဲ့ အခြေအနေကိုလည်း ရောက်ရှိနိုင်တယ်လို့ ဆိုပါတယ်။