အသံတိတ်သပိတ်မလုပ်ကြဖို့တိုက်တွန်းထားတဲ့ NLD ထုတ်ပြန်စာအတု အွန်လိုင်းမှာ ပျံ့နှံ

၉၊ဒီဇင်ဘာလ၊ ၂၀၂၁။

ဒီဇင်ဘာလ ၁၀ရက်နေ့ ကမ္ဘာ့လူ့အခွင့်အရေးနေ့မှာ မြန်မာနိုင်ငံအနှံ့ အာဏာသိမ်း အကြမ်းဖက် စစ်အုပ်စုကို လက်မခံကြောင်း အသံတိတ်သပိတ်ပြုလုပ်ဖို့ တော်လှန်ရေးအင်အားစုတွေက လှုံ့ဆော်ထားချိန်မှာ NLDပါတီ ဗဟိုကော်မတီက အသံတိတ်သပိတ်မလုပ်ဖို့ တိုက်တွန်းတဲ့ ထုတ်ပြန်ကြေညာစာအတု တစောင် ဒီကနေ့ အွန်လိုင်းပေါ်မှာ ထွက်ပေါ်လာခဲ့ပါတယ်။

ကြေညာချက်အတုဟာ စစ်အုပ်စုကိုထောက်ခံတဲ့ လူမှုကွန်ရက်စာမျက်နှာတွေ ၊ အကောင့်တွေက စတင်ပျံ့နှံလာတာဖြစ်တယ်လို့ အွန်လိုင်းသုံးစွဲသူတွေက ဆိုကြပါတယ်။

ထုတ်ပြန်စာထဲမှာ အသံတိတ်သပိတ်ဆင်နွှဲမယ့် မနက်ဖြန် သောကြာနေ့ဟာ အစ္စလမ်ဘာသာဝင်တွေရဲ့ ဝတ်ပြုဆုတောင်းရာ နေ့ဖြစ်တာကြောင့် မလုပ်ဆောင်ဖို့ဆိုကာ ရေးသားထားပါတယ်။

အခုလိုလုပ်ရပ်ဟာ စစ်အာဏာရှင်တော်လှန်နေတဲ့ ပြည်သူတွေကို ဒွိဟဖြစ်အောင် ရည်ရွယ်ချက်ချက်လုပ်ဆောင်တာကိုလည်း တွေ့ရပါတယ်။

“စာအတုပါ ပါတီကနေ အဲ့လိုစာမျိုး မထုတ်ပါဘူး၊ တမင်ကို ဘာသာရေးနဲ့ပါ သွေးခွဲ တိုက်ခိုက်တာ မျိုးက စစ်ကောင်စီကပဲ လုပ်နေကြပါ၊ မနက်ဖြန်မှာ ပြည်သူတွေ ပူးပေါင်း ပါဝင်ခြင်း မရှိအောင် ဖိအားပေးနေတာတွေရှိနေပါတယ် မနက် ၁၀နာရီ ညနေ ၄နာရီအတွင်းမှာ ပူးပေါင်းပါဝင်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်”လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ မနက်ဖြန် အသံတိတ်သပိတ်မဖြစ်မြောက်ရေးအတွက် စျေးဆိုင်ခန်းတွေကို လိုက်လံဖိအားပေးနေပြီး မဖြစ်မနေ ဆိုင်ဖွင့်ကြဖို့နဲ့ မဖွင့်တဲ့ ဆိုင်တွေကိုလည်း အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမယ်လို့ ဖိအားပေးခြိမ်းခြောက်မှုတွေကို နေရာအနှံ့မှာ လုပ်ဆောင်နေပါတယ်။

စစ်အုပ်စုလက်ဝေခံတွေဟာ မနက်ဖြန်မှာ ရန်ကုန်မြို့တွင်း နေရာအချို့မှာ ဆန်၊ဆီနဲ့ ရိက္ခာဖြန့်ဝေလှူဒါန်းမှုတွေနဲ့ အဖိုးနည်းသက်သာ ရောင်းချမှုတွေကို လုပ်ဆောင်ပေးမယ်လို့လည်း မြို့နယ်အချို့မှာ လိုက်လံကြေညာမှုတွေ ရှိနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

“ရွှေပြည်သာဖက်မှာ ဆန်နဲ့ စားသောက်ကုန်တွေ လှူမှာမို့ ရပ်ကွက်ရုံးမှာ စာရင်းလာပေးပြီး အဆင်သင့် တန်းစီစောင့်ဆိုင်းပေးဖို့ဆိုတာမျိုး ကြေညာတာတွေ့တယ်၊ ဒီဖက်မြို့နယ်မှာလည်း မနက်ဖြန်ကို ဆန်နဲ့ ကြက်ဥတွေကို စျေးနှုန်းသက်သာစွာနဲ့ လာရောင်းပေးမှာမို့ သူတို့သတ်မှတ်နေရာတွေမှာ လာဝယ်ကြပါလို့ လိုက်အော်သွားတယ်၊ တမင် အပြင်မထွက်ထွက်အောင်လုပ်တာပါ”လို့ တောင်ဥက္ကလာပမြို့နေ ပြည်သူတစ်ဦးကပြောပါတယ်။

မနက်ဖြန် မြန်မာနိုင်ငံအနှံ့မှာ မနက် ၁၀နာရီကနေ ညနေ ၄နာရီအထိ ပြည်သူတွေဟာ နေအိမ်ကနေ အပြင်မထွက်ဘဲ အသံတိတ်သပိတ်ကို ဆင်နွှဲကြမှာပဲဖြစ်ပါတယ်။