မတရားဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ဖို့ လုံခြုံရေးကောင်စီတောင်းဆို

၉၊ဒီဇင်ဘာလ၊ ၂၀၂၁။

အာဏာသိမ်းပြီးနောက် မတရား ဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ဖို့ လုံခြုံရေးကောင်စီက တောင်းဆို လိုက်ပါတယ်။

လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ နိုင်ဂျာနိုင်ငံက ဒီဇင်ဘာလ ၈ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ကြေညာချက်မှာ အဲဒီလိုဖော်ပြထားပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို အာဏာသိမ်းစစ်အုပ်စုက ထောင်ဒဏ်တွေ ချမှတ်လိုက်တဲ့အပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေအနေနဲ့ အလွန် စိုးရိမ်ပူပန်ကြောင်း လည်းဆိုပါတယ်။

လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ၊ နိုင်ငံရေးအရ အမှီအခိုကင်းမှုနဲ့ စည်းလုံးညီညွတ်မှု အခြေအနေတွေကို ထိပါးလိုခြင်း မရှိကြောင်းလည်း ဖော်ပြထား ပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီလမ်းစဉ် ဆက်လက်ဖော်ဆောင်ဖို့၊ အကြမ်းဖက်တိုက်ခိုက်မှုတွေ ရှောင်ရှားဖို့၊ အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဖို့၊ မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ အကျိုးစီးပွားကို အလေးအနက်ထားဖို့၊ လူ့အခွင့်အရေး အခြေခံစံနှုန်းတွေကို လေးစားဖို့၊ တရားဥပဒေစိုးမိုးရေး ရှိဖို့ စတာတွေ လိုအပ်တယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။

ဒီဇင်ဘာ၇ရက်နေ့မနက်က စစ်ကိုင်းတိုင်း ဆားလင်းကြီး မြို့နယ်မှာပြည်သူ၁၁ဦးကို ရက်ရက်စက်စက် သတ်ဖြတ်မှုကိုပြင်းထန်စွာရှုံ့ချ ကြောင်းနဲ့ မြန်မာစစ်တပ် အာဏာပိုင်တွေအနေနဲ့ နိုင်ငံတကာ ဥပဒေတွေအရ အရပ်သားပြည်သူတွေရဲ့ အသက်ကို ထိခိုက်အော င်မလုပ်ဖို့ တာဝန်ရှိတာကို သတိပေးလိုကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ရဲ့ ပြောခွင့်ရ Stephane Dujarric က ပြောလိုက်ပါတယ်။

မြန်မာအကြမ်းဖက်စစ်တပ်ဟာ ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ လူ ၁၁ ဦးကို သေနတ်နဲ့ ပစ်ခတ်ပြီး မီးရှို့သတ်ဖြတ်ခဲ့တာ ဖြစ်ပြီးယုံကြည်လောက်တဲ့ သတင်းတွေအရ ရက်ရက်စက်စက် အသတ်ခံရတဲ့အထဲမှာ အသက်မပြည့်သေးတဲ့ ကလေး ငါးဦး ပါဝင်ကြောင်း သိရတယ်လို့လည်း သူက ပြောပါတယ်။

ကုလသမဂ္ဂအနေနဲ့ မြန်မာစစ်တပ်နဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို ကမ္ဘာ့နိုင်ငံအားလုံးက တညီတညွတ်တည်း ဝိုင်းပြီး တုံ့ပြန်ကြဖို့ သူက တောင်းဆိုလိုက်ပါတယ်။