၉၊ဒီဇင်ဘာလ၊ ၂၀၂၁။
မကြာခင်စတင်တော့မယ့်အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် (Antony J. Blinken) ရဲ့ အာဆီယံ၃နိုင်ငံခရီးစဉ်အတွင်း ရောက်ရှိတဲ့နိုင်ငံတိုင်းမှာ ဆိုးသထက်ဆိုးလာနေတဲ့ မြန်မာနိုင်ငံအခြေအနေကို ဆွေးနွေးမယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီဇင်ဘာလ ၈ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ လာမယ့်သီတင်းပတ်အတွင်း အင်ဒိုနီးရှား၊မလေးရှားနဲ့ ထိုင်းနိုင်ငံ ကိုသွားရောက်မှာဖြစ်ပြီး ဒီခရီးစဉ်ဟာ ပိုမိုဆိုးရွားလာတဲ့ မြန်မာနိုင်ငံအရေး ဆွေးနွေးဖို့ နဲ့ တရုတ်ကိုရင်ဆိုင်နေတဲ့ အမေရိကန်ရဲ့ မဟာဗျူဟာ အရှေ့တောင်အာရှအတွက် ဘယ်လောက် အရေးပါသလဲ ဆိုတာကို ပြသဖို့အဓိကဖြစ် တယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းချိန်ကစလို့ အမေရိကန်ဟာ ပြင်းထန်တဲ့ကန့်ကွက်မှုတွေအကြိမ်ကြိမ် ပြုလုပ်ခဲ့သလို မြန်မာစစ်ခေါင်းဆောင်တွေကလည်း ဆိုးရွားလွန်းလှတဲ့ လူမဆန်မှုမျိုးစုံကို ကျူးလွန်မြဲ ကျူးလွန်နေပါတယ်။
‘အာဆီယံမူ၅ချက်ကို မင်းအောင်လှိုင်လုံးဝလက်မခံတာ မြန်မာပြည်သူတွေသိသလို အမေရိကန်လည်း သိလာပုံရတယ်’လို့ ရန်ကုန်အခြေစိုက် နိုင်ငံရေးလေ့လာသုံးသပ် သူတစ်ဦးကပြောပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်မှာ တရုတ်နိုင်ငံနဲ့ ပတ်သက်ပြီး ပိုမိုခိုင်မာလာတဲ့ အမေရိကန်ရဲ့မူဝါဒတွေကို အဓိကထား ဆွေးနွေးမယ်လို့လည်းသိရပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ အင်ဒို-ပစိဖိတ်ဒေသရဲ့ အရေးပါမှုနဲ့ မလေးရှားနိုင်ငံမှာ အရှေ့တောင်အာရှ ဒေသတွင်း လွတ်လပ်ပွင်လင်းမှုကို ဆက်လက်ထိန်းသိမ်းထားဖို့ ကိစ္စကို ပြောဆိုမယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။