၆၊ ဒီဇင်ဘာလ၊ ၂၀၂၁။
ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့လူငယ်တွေကို ကားနဲ့တိုက်ပြီး သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ပန်းပင်ကြီးလမ်းကျူးလွန်မှုကို လုံးဝလက်ခံနိုင်ဖွယ်မရှိဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူး Ramanathan Balakrishnan က ထုတ်ပြန်ပါတယ်။
ကြည့်မြင်တိုင်၊ ပန်းပင်ကြီးလမ်း သတ်ဖြတ်မှုတွေအတွက် အပြင်းထန်ဆုံး ပြစ်တင်ရှုံ့ချတယ်လို့လည်း ကုလဌာနေ ညှိနှိုင်းရေးမှူးက ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ၅ရက်နေ့မှာ ရန်ကုန်၊ကြည့်မြင်တိုင်၊ပန်းပင်ကြီးလမ်းပေါ် ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့လူငယ်တွေကို အကြမ်းဖက်စစ်တပ်က အနောက်အနေ ကားနဲ့အပြင်းဝင်တိုက်ပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့ရာ ကျဆုံး၅ဦး၊သေနတ်ထိမှန်၈ဦးနဲ့ ဖမ်းဆီးခံရသူ၁၀ဦးလောက်ရှိတယ်လို့ ကနဦးသိရှိရပါတယ်။
အဲဒီတိုက်ခိုက်ခံမှုကို အလွန်အမင်းစိုးရိမ်မကင်းဖြစ်မိတယ်လို့ Ramanathan Balakrishnan က ဆိုသလို ဖိနှိပ်မှုတွေ အဆုံးသတ်ရေး နိုင်ငံတကာအသိုင်းအဝန်းက စုစည်း ညွတ်ညွတ်စွာ လုပ်ဆောင်ကြဖို့တိုက် တွန်းထားတဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ စကားလုံးတွေကို ထပ်လောင်း ပြောကြားတယ်လို့ Ramanathan Balakrishnan က ထုတ်ပြန်ပါတယ်။
ပန်းပင်ကြီးလမ်းအကြမ်းဖက်သတ်ဖြတ်မှုနဲ့ပတ်သက်ပြီး အကြမ်းဖက်စစ် အုပ်စုကို အရေးယူနိုင်ဖို့အတွက် နိုင်ငံတကာအသိုက်အဝန်းနဲ့ ဆက်သွယ်ဆောင်ရွက်နေတယ်လို့ ပြည်ထောင်စုလွှတ် တော် ကိုယ်စားပြုကော်မတီက ဒီဇင်ဘာ ၅ ရက်စွဲနဲ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းရဲ့ ထုတ်ပြန်ချက်အရ နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့တဲ့ပြည်သူ ၁၃၀၀ကျော်သွားပါပြီ။