NLD နာယက ဦးတင်ဦးကို စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်သွားတွေ့

၅၊ဒီဇင်ဘာလ၊ ၂၀၂၁။

NLDပါတီရဲ့ နာယကတစ်ဦးဖြစ်သူ ဦးတင်ဦးကို အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်က သွားရောက်တွေ့ဆုံခဲ့တယ်လို့ ရန်ကုန်နိုင်ငံရေးအသိုင်းဝန်းကနေ သိရပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ ၅ရက်နေ့ မနက် ၉နာရီ ၃၀မိနစ်ခန့်မှာ အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင်က သွားရောက်တွေ့ဆုံခဲ့တာဖြစ်ပြီး နိုင်ငံရေးအကြောင်းတွေကို ပြောဆိုခဲ့ခြင်းမရှိကာ ဦးတင်ဦးရဲ့ ကျန်းမာရေးဆိုင်ရာ ကိစ္စတွေကိုပဲ မေးမြန်းခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်တဲ့ အသိုင်းဝန်းကဆိုပါတယ်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်လာရောက်တွေ့ဆုံမည့် သတင်းဟာ မနေ့ကတည်းက ထွက်ပေါ်နေတာဖြစ်ပြီး ဦးတင်ဦးရဲ့ ရန်ကုန်နေအိမ်ကို လုံခြုံရေးချထားတာ မိုင်းရှင်းတာတွေ လုပ်ဆောင်ခဲ့ပြီး အိမ်နီးဝန်းကျင်မှာလဲ လုံခြုံရေးတွေ ရယူထားခဲ့တယ်လို့ သိရပါတယ်။

ဦးတင်ဦးဟာ ၂၀၀၇ခုနှစ်မှာ နေအိမ်အတွင်း ရေချိုခန်းမှာ ချော်လဲပြီးနောက် လေဖြတ်ဝေဒနာကို ခံစားနေရပြီး စကားကောင်းစွာ ပြောကြားနိုင်ခြင်းမရှိဘူးလို့သိရပါတယ်။

အသက် ၉၀ကျော်ရှိလာပြီဖြစ်တဲ့ ဦးတင်ဦးဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း တစ်ဦးလည်း ဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်ရာမှာလဲ ပါဝင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။

(ဓာတ်ပုံ -Google)