၃၊ ဒီဇင်ဘာလ၊ ၂၀၂၁။
မြန်မာအကြမ်းဖက်စစ်တပ်ကို ဆက်လက်ဖိအားပေးဖို့ နည်းလမ်းမျိုးစုံ အသင့်ရှိနေတယ် လို့ အမေရိကန်နိုင်ငံရဲ့ အရှေ့အာရှ နှင့် ပစိဖိတ် ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဒန်နီယယ် ကရစ်တင် ဘရင့် က ပြောကြားလိုက်ပါတယ်။
အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဒန်နီယယ် ကရစ်တင် ဘရင့် သုံးနှုန်းသွားခဲ့တဲ့စကားတွေထဲ All options are on the table ဆိုတဲ့စကားပါရှိပြီး အဲဒါဟာ လိုအပ်ရင် စစ်ရေးအရ အရေးယူမှုပါဝင်လာနိုင် တယ်လို့ဆိုတဲ့ သံတမန်အသုံးအနှုန်းဖြစ်ကြောင်း မြန်မာ့အရေးလေ့လာသုံးသပ်သူ ဆရာလှစိုးဝေကဆိုပါတယ် ။
အမေရိကန်ဟာ အီရတ်အရေး မှာလည်း အလားတူ စကားလုံးများ သုံးနှုန်း ပြောဆိုခဲ့ဖူးတယ်လို့လည်း ဆရာလှစိုးဝေက ဆိုပါတယ်။
“မြန်မာပြည်သူတွေအပေါ်ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေနဲ့ လက်မခံနိုင်စရာ အာဏာသိမ်းမှုကို တတ်နိုင်သမျှ ပြောင်းလဲပစ်ဖို့ အမေရိကန်အနေနဲ့သာမက နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ပါ ကျွန်တော်တို့ တာဝန်ရှိတယ်လို့ ထင်ပါတယ်။”လို့ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။
အမေရိကန်အနေနဲ့ မြန်မာစစ်တပ်ရရှိနေတဲ့ဝင်ငွေတွေကိုလုံးဝဖြတ်တောက်ဖို့နဲ့ လိုအပ်ရင် နောက်အဆင့်တွေ ထိတက်ပြီး အရေးယူပိတ်ဆို့ဖို့ အသင့်ရှိနေတယ်လို့လည်း အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက ပြောသွားပါတယ်။
အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးက သူ့ရဲ့ခရီးစဉ်ဟာ အရှေ့တောင် အာရှ အပေါ် အမေရိကန်က ဘယ်လောက် အလေးထားသလဲဆိုတာကို ယုံကြည်ရတဲ့အနေအထား အထိ ပေါ်လွင်အောင် သက်သေထူနိုင်ဖို့ ရောက်ရှိလာခြင်း ဖြစ်ကြောင်းအင်ဒို-ပစိဖိတ် ဒေသအပေါ် အာဆီယံ ရဲ့အချက်အချာ ကျမှု နှင့် ရှုမြင်ထားမှုကို အမေရိကန်ကထောက်ခံကြောင်းလည်းပြောပါတယ်။
အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးဟာ အင်ဒိုနီရှားနိုင်ငံမှာ အာဆီယံအထူးကိုယ်စားလှယ်တွေအပါအဝင် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနအဆင့်မြင့်အရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့သလို မလေးရှားမှာလည်း နိုင်ငံခြားရေးဝန်ကြီးအပါအဝင် အဆင့်မြင့်အရာရှိတွေနဲ့ တွေ့ဆုံခဲ့တယ်ဆိုပါတယ်။ စင်ကာပူကနေ ထိုင်းနိုင်ငံကို ဆက်လက်သွားရောက်ပါမယ်။