ISP-Myanmar အဖွဲ့ဝင်ကိုထောင်ဒဏ် ၂နှစ် ချမှတ်ခြင်းအပေါ် ပြင်းထန်စွာကန့်ကွက်

၂၊ဒီဇင်ဘာလ ၊၂၀၂၁။

ISP-Myanmar အဖွဲ့ဝင် ကိုအောင်မျိုးထက်ကိုထောင်ဒဏ် ၂နှစ် ချမှတ်ခဲ့တဲ့အပေါ် ပြင်းထန်စွာကန့်ကွက်ကြောင်း ဒီကနေ့ထုတ်ပြန်လိုက်ပါတယ်။

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) မှာ တာဝန် ထမ်းဆောင်နေသူ တဦးဖြစ်တဲ့ကိုအောင်မျိုးထက်ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၃၀ ရက်မှာ စစ်ကိုင်းတိုင်း၊ ကန့်ဘလူ မြို့နယ်တရားရုံး (ရွှေဘိုထောင်တွင်းတရားရုံး)က ပုဒ်မ (၅၀၅ – က )နဲ့ ထောင်ဒဏ်၂နှစ် ချမှတ် လိုက်ခြင်းအပေါ် ISP-Myanmar အနေနဲ့ ပြင်းထန်စွာ ကန့်ကွက်လိုက်တာပါ။

စာနယ်ဇင်းသမားအဖြစ် လုပ်ကိုင်ခဲ့ဖူးသူ ကိုအောင်မျိုးထက်ဟာ ၂၀၂၁ ခုနှစ် ဧပြီ ၂၀ ရက်မှာ သူ့ရဲ့ ဇာတိဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့မှာ လက်ဖက်ရည်ဆိုင် ထိုင်နေစဉ် စစ်အုပ်စု တပ်ဖွဲ့ဝင်တွေက DVB နဲ့ Mizzima သတင်းဌာနတွေကို သတင်းတွေပေးပို့နေတယ်ဆိုတဲ့ ယူဆချက်နဲ့ ဖမ်းဆီးခဲ့ကာ ရာဇသတ်ကြီးပုဒ်မ (၅၀၅ – က) နဲ့ တရားစွဲဆိုခဲ့ခြင်းဖြစ်ပါတယ်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဖိနှိပ်ခံနေရချိန်မှာ ကိုအောင်မျိုးထက်ကို ထောင်ဒဏ်ချမှတ်လိုက်ခြင်းဟာ မြန်မာနိုင်ငံမှာ သတင်းမီဒီယာ လွတ်လပ်ခွင့် ကင်းမဲ့နေခြင်းကို ထပ်မံ ပြဆိုလိုက်တဲ့ သာဓကတခု ဖြစ်ပြီး အခု ချမှတ်လိုက်တဲ့ အမိန့်ကို ပြန်လည် ပြင်ဆင်ဖို့ ISP-Myanmar က အလေးအနက် တိုက်တွန်းကြောင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ စာနယ်ဇင်းသမား ၁၁၆ ဦးထက်မနည်း ဖမ်းဆီး ခံခဲ့ရပြီး အဲဒီအထဲက ၇၉ ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။ ၃၇ ဦးဟာ လက်ရှိအချိန်အထိ ဖမ်းဆီး ခံထားရဆဲဖြစ်ပြီးနှစ်ဦးမှာ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

ဖမ်းဆီး ထောင်ချ တရားစွဲဆိုထားတဲ့ စာနယ်ဇင်းသမား အားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ ISP- Myanmar က အလေးအနက် တောင်းဆိုတယ်လို့လည်းထုတ်ပြန်ပါတယ်။