စစ်အုပ်စုနဲ့ဆက်နွှယ်နေတဲ့ကုမ္ပဏီတွေမှာ ဩစတြေးလျရင်းနှီးမြှုပ်နှံထားမှုကိုရပ်ဆိုင်းဖို့ NUG ဝန်ကြီး ပန်ကြား

၃၀၊ နိုဝင်ဘာလ၊ ၂၀၂၁။

မြန်မာအကြမ်းဖက်စစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ ကုမ္ပဏီတွေမှာ ဩစတြေးလျနိုင်ငံပိုင် Future Fund (အနာဂတ်ရန်ပုံငွေ)ရဲ့ ရင်းနီးမြှုပ်နှံထားမှုကို ရပ်ဆိုင်းဖို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနီးမြှုပ်နှံမှုဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ပန်ကြားလိုက်ပါတယ်။

သြစတြေးလျရဲ့ နိုင်ငံပိုင်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ ဖြစ်တဲ့ Future Fund (အနာဂတ်ရန်ပုံငွေ)က မြန်မာစစ်တပ်နဲ့ ပတ်သက်ဆက်နွယ်နေတဲ့ ကုမ္ပဏီ ၁၄ ခုမှာ သြစတြေးလျဒေါ်လာ ၁၅၈ သန်းဝန်းကျင်တန်ဖိုးရှိတဲ့ ရှယ်ယာတွေ ရင်းနှီးမြှုပ်နှံထားကြောင်းJustice For Myanmar ရဲ့ ဒီကနေ့ထုတ်ပြန်မှုမှာ ဝန်ကြီးဦးတင်ထွန်းနိုင်က အဲဒီလိုပြောခဲ့တယ်လို့ဖော်ပြထားပါတယ်။

‘ဒီလို ထောက်ပံ့မှုကို ရပ်ဆိုင်းဖို့ သြစတြေးလျအစိုးရနဲ့ Future Fund ကို ကျွန်တော်တို့ ပန်ကြား လိုပါတယ်၊ စစ်တပ်က ပြည်သူတွေအပေါ် ဒီလိုမျိုး အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေချိန်မှာ သူတို့က မြန်မာစစ်တပ်ကို ဆက်လက်ရပ်တည်နိုင်အောင် ကူညီနေသလိုဖြစ်နေပါတယ်။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေကို ကျွန်တော်တို့ တားဆီးဖြတ်တောက်နိုင်မယ်ဆိုရင် စစ်တပ် ဆက်ရပ်တည်နိုင်မှာ မဟုတ်ပါဘူး၊ ဒါကြောင့်လည်း နိုင်ငံတကာလုပ်ငန်းတွေကို စစ်တပ်နဲ့ ပတ်သက်မှုတွေ ရပ်တန့်ဖို့၊ ရင်းနှီးမြှုပ်နှံမှုတွေ ရုပ်သိမ်းဖို့ ကျွန်တော်တို့ ပန်ကြားနေရခြင်း ဖြစ်ပါတယ်’လို့ ဝန်ကြီးကဆိုပါတယ်။

Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်ကလည်း မြန်မာအကြမ်းဖက်စစ်တပ်ကို တိုက်လေယာဉ်တွေ၊ ဒုံးကျည်တွေ၊ ရေဒါတွေ ထောက်ပံ့ပေးနေပြီး စစ်ရာဇဝတ်သားတွေအတွက် နှစ်စဉ်အခွန်ငွေ သန်းချီထောက်ပံ့ပေးနေတဲ့ ကုမ္ပဏီတွေမှာ သြစတြေးလျရဲ့ ‘အနာဂတ်’ ဆိုတဲ့ နာမည်နဲ့ အခွန်ထမ်းတွေရဲ့ ရန်ပုံငွေတွေကို ရင်းနှီးမြှုပ်နှံနေပါတယ်လို့ ဆိုပါတယ်။

သြစတြေးလျ ဖက်ဒရယ်အစိုးရက မြန်မာနိုင်ငံရေးအကျဉ်းသားတွေ ပြန်လည်လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီစနစ် ပြန်လည်ကျင့်သုံးရေးအတွက် တောင်းဆိုခဲ့ပေမယ့်အကြမ်းဖက်စစ်အုပ်စုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေချမှတ်ဖို့ တောင်းဆိုတာ ကိုတော့ ငြင်းဆန်ထားခဲ့ပါတယ်။