မြန်မာတိုက်ပွဲ ဆိုးဆိုးရွားရွား ရှေ့မတိုးနောက်မဆုတ်အခြေအနေရောက်နေလို့ ICG ပြော

၂၉၊ နိုဝင်ဘာလ၊ ၂၀၂၁။

အကြမ်းဖက်စစ်အုပ်စုနဲ့ ခုခံတော်လှန်သူတွေရဲ့ကြား တိုက်ပွဲတွေဟာ ဆိုးဆိုးရွားရွား ရှေ့မတိုးနောက် မဆုတ်သာ အခြေအနေကိုရောက်ရှိနေတယ်လို့ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်အခြေစိုက် နိုင်ငံတကာ ပဋိပက္ခတွေကို လေ့လာစောင့်ကြည့်တဲ့ International Crisis Group (ICG)က ဆိုပါတယ်။

ICG က မကြာသေးခင်ကထုတ်ပြန်တဲ့ မြန်မာနိုင်ငံအတွင်းစစ်အာဏာသိမ်းမှုနောက်ပိုင်း အကြမ်းဖက်မှုများဆိုင်ရာ အစီရင်ခံစာမှာ အဲဒီလိုဖော်ပြထားတယ်လို့သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ အရပ်သား ပစ်မှတ်တွေကို ထိုးဖောက် တိုက်ခိုက် ဖမ်းဆီးမှုတွေ လုပ်နိုင်နေပေမယ့်လည်း ဒီလုပ်ရပ်တွေဟာ အခုအချိန်ထိ ခုခံတွန်းလှန်ရေး လှုပ်ရှားမှုကို ထိထိရောက်ရောက် ဖြိုခွဲနိုင်တာမျိုး မတွေ့ရဘူးလို့ ICG အဖွဲ့ရဲ့ အကြီးတန်း အကြံပေးနဲ့ မြန်မာဆိုင်ရာ သုံးသပ်သူ Richard Horsey က ဆိုကြောင်း VOA ကပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ အုပ်ချုပ်မှုကို ခွင့်ပြုမှာမဟုတ်ဘူး ဆိုတဲ့ လူထုကြား တခဲနက် ထုတ်ဖော်လာမှုဟာ ဖြစ်ထွန်းမှုအသစ် ဖြစ်ကြောင်း အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျုရဲ့ မြန်မာဆိုင်ရာ ညွှန်ကြားရေးမှူး Jason Tower က ပြောတယ်လို့ VOAကဆိုပါတယ်။

စစ်အုပ်စုဘက်က အလုံးအရင်းနဲ့ ဖမ်းဆီးမှုတွေ၊ မြို့တွေမှာ တိုက်ခိုက်မှုတွေက ခုခံတွန်းလှန်မှုတွေကို ပိုပြီး အားကောင်းစေတယ်လို့လည်း သူက ထပ်လောင်း ပြောပါတယ်။

ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းလာတဲ့လူတွေ ပိုများလာသလို ဆက်လက် တွန်းလှန်နေကြတာဟာ သိပ်ကို ထင်သာမြင်သာဖြစ်ပြီး ဒီအခြေအနေက လျော့ပါးသွားတာလည်း မတွေ့ရဘူးလို့ Jason Tower က ပြောပါတယ်။