၂၄၊ နိုဝင်ဘာ၊ ၂၀၂၁။
ဒီအုပ်စုဟာ အပြင်ပန်းကြည့်လိုက်တော့ အုပ်စုကျပ်သဘောမျိုးဖြစ်ခဲ့ပေမယ့် အမှန်တကယ် ကစားတဲ့အခါ မျှော်လင့်မထားခြင်း ရလဒ်တွေသာ ဆက်တိုက်ထွက်ပေါ်လာခဲ့ပါတယ်။ ကျွန်တော်တို့ဟာ အေစီမီလန်အသေကို ရှာဖွေတွေ့ခဲ့ရတယ်၊ မြူးကြွားနေတဲ့ အမြင့်ပျံကြိုးကြာကို မြင်တွေ့ခဲ့ရတယ်၊ အမှားအယွင်း သူငယ်နာမစင်နိုင်တဲ့ ပေါ်တိုကို တွေ့ခဲ့ရတယ်၊ ရုန်းကန်ရခြင်း အရေးပေါ်ခန်းထဲက အက်သလက်တီကိုကို မြင်ခဲ့ရတယ်။ အခုတော့လည်း လီဗာပူးဟာ နောက်တစ်ဆင့်အတွက် ဘာလုပ်ရမလဲကို စဉ်းစားခန်းဖွင့်နေချိန်မှာ ပေါ်တို၊ အက်သလက်တီကိုနဲ့ အေစီမီလန်တို့ကတော့ အုပ်စုဒုတိယနေရာအတွက် လေဆန်ကို ထိုးခွဲဖို့ ပြင်နေကြရပါပြီ။ ဒီနေ့ညမှာ လီဗာပူးနဲ့ ပေါ်တို၊ အက်သလက်တီကိုနဲ့ အေစီမီလန်တို့ ကစားကြဖို့ ရှိနေပါတယ်။ ကျွန်တော့်စိတ်ကတော့ ခေါင်းစဉ်အတိုင်းပဲ ရှိနေပါတယ်။ အက်သလက်တီကို လရောင်လျှောက်လမ်းကို လျှောက်ကြည့်ဖို့ စိတ်ကူးကြည့်နေမိတယ်။
အက်သလက်တီကိုဟာ ဒီနှစ်ချန်ပီယံလိဂ်မှာတော့ အခုအထိ အဆင်ပြေပြေ ဖြစ်မနေသေးပါဘူး။ တစ်ပွဲနဲ့ တစ်ပွဲအကြားက အသင်းကစားပုံဟာ ခန့်မှန်းရခက်လို့နေပါတယ်။ အုပ်စုနောက်ဆုံးပွဲစဉ်ကို ပေါ်တူဂီမြေဆီ ချီတက်ရမှာဖြစ်တဲ့အတွက် အခုပွဲမှာ အေစီမီလန်ကို အနိုင်ယူထားဖို့ဆိုတာက အက်သလက်တီကိုအတွက် မဖြစ်မမနေ လုပ်ကို လုပ်နိုင်ရမယ့်ကိစ္စမျိုး ဖြစ်လို့နေပါတယ်။ အက်သလက်တီကိုရဲ့ဒီနှစ်အားနည်းချက်က ကွင်းလယ်လုပ်အားနှုန်း ကျဆင်းနေတာပါပဲ။ တိုက်စစ်မှာ ဆွာရက်ဇ်၊ ကာရတ်စ်ကို၊ ဂရစ်ဇ်မန်းနဲ့ ယောင်အို ဖီးလစ်ခ်တို့ ရှိနေပြီး အဲ့ဒီအထဲမှာမှ ယုံကြည်အားကိုးရနိုင်သူဆိုလို့ ဆွာရက်ဇ်တစ်ယောက်တည်းသာ ရှိနေတာကို သတိပြုရမှာပါ။ ဒါပေမဲ့ လွတ်မြောက်ရေးလမ်းစတစ်ခုကို မဖြစ်မနေ ရှာဖွေရတော့မယ်ဆိုတာကို အိမ်ကွင်းအားသာချက်ဆိုတာနဲ့ ဓာတ်ပြုကြည့်လိုက်တဲ့အခါ အက်သလက်တီကို လရောင်က ပိုလင်းလာသလိုတောင် ရှိနေပါတယ်။
ချန်ပီယံလိဂ်မှာဆိုရင် အေစီမီလန်က ခြေစွာတယ်ဆိုတာတွေဟာ ဒဏ္ဍာရီထဲမှာ မောင့်ကိုထားရစ်ခဲ့ဆိုတာမျိုးတွေ ဖြစ်သွားခဲ့ပါပြီ။ နတ်ဘုရားကြီး အီဘရာဟီမိုဗစ်မှသည် ကွင်းလယ်ဘုရင် ကက်စ်ဆိုင်းအထိ ဘယ်သူကမှ အေစီမီလန်ကို ကယ်နိုင်စွမ်း မရှိကြတော့ပါဘူး။ သူတို့ဟာ စီးရီးအေလျှောက်လှမ်းကို ချုံထွင်းလမ်းခင်းလုပ်ဖို့ အာသီသ ပြင်းပြနေချိန်ကြောင့် ချန်ပီယံလိဂ်ဘက်မှာတော့ လုပ်သလို မဖြစ်ရင် ဖြစ်သလို လုပ်တယ်ဆိုတာမျိုးတွေ လျှောက်လုပ်နေသလို ခံစားလာမိပါတယ်။ ဒီနေ့မှာမှ သူတို့ ပြန်မလာနိုင်ခဲ့ရင် ချန်ပီယံလိဂ်ကနေ အပြီးသတ် ထွက်ခွာရခြင်းဆိုတဲ့လက်မှတ်ကိုလည်း အေစီမီလန်က ဖြတ်လိုက်ရတော့မှာပါ။ ဒီတော့ ဒီဇာတ်လမ်းရဲ့ဇာတ်ပေါင်းတော်မူခန်းကို ဖွင့်ဆိုရရင် အက်သလက်တီကိုသည် အနိုင်၊ အေစီမီလန်သည် အရှုံး၊ နောက်တစ်ဆင့်တက်ရေးမျှော်လင့်ချက်သည် အက်သလက်တီကိုအတွက်၊ အပြီးသတ်နှုတ်ဆက်ခြင်းသည် အေစီမီလန်အတွက် ဆိုတာမျိုးတွေ ဖြစ်လာနိုင်စရာ အကြောင်းရှိနေပါတယ်။ လရောင်ဖြာကျနေတဲ့ အက်သလက်တီကို လျှောက်လမ်းလေးမှာ အေးချမ်းစွာ လျှောက်လှမ်းကြည့်ဖို့ကို ဆန္ဒရှိနေပါတယ်။