၂၄၊ နိုဝင်ဘာလ၊ ၂၀၂၁။
အကြမ်းဖက်စစ်အုပ်စုတိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၂သိန်းကျော်အနက် အများစု ဟာ လူကုန်ကူးမှုအန္တရာယ်ရှိနေတယ်လို့ သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
နယူးယောက်မြို့၊ကုလသမဂ္ဂဌာနချုပ်မှာ နိုဝင်ဘာ၂၂ရက်ကနေ၂၃ရက်နေ့အထိကျင်းပခဲ့တဲ့ ကုလသမဂ္ဂကမ္ဘာလုံးဆိုင်ရာ လူကုန်ကူးမှုတိုက်ဖျက်ရေးအစီအစဉ်နဲ့ပတ်သက်တဲ့ အထွေထွေညီလာခံ အဆင့်မြင့်အစည်းအဝေးမှာပြောကြားတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ မိန့်ခွန်းမှာ အဲဒီလိုထည့်သွင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံအတွင်း လူကုန်ကူးမှုပြဿနာဖြေရှင်းရေး၊ ငြိမ်းချမ်းမှု၊ တည်ငြိမ်အေးချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုတို့ ပြန်လည်ရရှိရေးအတွက် နိုင်ငံတကာအသိုက်အဝန်းက မြန်မာပြည်သူတွေကို ကူညီပံ့ပိုးဖို့လည်း တိုက်တွန်း ခဲ့ပါတယ်။
အာဏာသိမ်းတဲ့အချိန်ကစလို့ မြန်မာအကြမ်းဖက်စစ်အုပ်စုဟာ ပြည်သူတွေအပေါ် စနစ်တကျ ရည်ရွယ်ချက်ရှိရှိ နှိမ်နင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ၁,၃၀၀ နီးပါး အသက်ဆုံရှုံးခဲ့ရပြီး အဲဒီထဲမှာ အနည်းဆုံး ကလေး ၉၀ပါဝင်ကြောင်းဒါ့အပြင်မြန်မာပြည်သူ ၂၃၄,၆၀၀၀ ကျော်ဟာ နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်းလည်းဆိုပါ တယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ဆိုးဝါးရက်စက်တဲ့လုပ်ရပ် တွေဟာ လူကုန်ကူးသူတွေအတွက် အခွင့်ကောင်းဖြစ်ပြီး ဒုက္ခသည် စခန်းတွေက အမျိုးသမီး၊ အမျိုးသမီးငယ်၊ကလေးငယ်နဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် လူကုန်ကူးမှုအန္တရာယ်ဟာအရင်ကနဲ့မတူဘဲ ပိုမိုကျရောက်ဖို့ အခွင့်အရေးများနေကြောင်းလည်းသံအမတ်ကြီးက ပြောပါတယ်။
လာမည့် ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှုနှုန်းဟာစုစုပေါင်း လူဦးရေရဲ့ ရာခိုင်နှုန်း၂၀ရှိမယ်လို့ ခန့်မှန်းထားပြီး လက်ရှိ မှာလူဦးရေ ၃ သန်းဟာ လူသားချင်းစာနာမှုအကူအညီ အရေးပေါ် လိုအပ်နေတယ်လို့ လည်း သံအမတ်ကြီးက ပြောပါတယ်။
နိုင်ငံတိုင်းရဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး၊ ကာကွယ်ရေးနဲ့အရေးယူဆောင်ရွက်ရေးမှာ တရားဥပဒေစိုးမိုးရေးကဏ္ဍဟာ အရေးပါကြောင်း၊ မြန်မာနိုင်ငံက တရားမဝင်အာဏာသိမ်းစစ်တပ်ဟာ ပြည်သူတွေကို ကာကွယ်ပေးရမယ့်အစား သတ်ဖြတ်တိုက်ခိုက်နေပြီးအာဏာသိမ်းစစ်တပ်လက်အောက်ရှိ တရားဥပဒေစိုးမိုးရေး အေဂျင်စီတွေဟာ မြန်မာပြည်သူတွေအတွက် တရားမျှတမှုကင်းမဲ့တဲ့ အဖွဲ့အစည်းတွေ ဖြစ်လာကြောင်းလည်း ထည့်သွင်းပြောကြားပါတယ်။
မြန်မာနိုင်ငံကဒီမိုကရေစီရွေးကောက်ခံအစိုးရဟာ လူကုန်ကူးမှုကာကွယ်တိုက်ဖျက် ရေးကို ရည်ရွယ်ပြီးတရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးနဲ့လူ့အခွင့်အရေးမြှင့်တင်ရေး တို့အပြင် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အားသွန်ခွန်စိုက်ကြိုးပမ်း ခဲ့ပေမဲ့ တာဝန်ခံမှုမရှိတဲ့ စစ်တပ် ကြောင့် ကန့်သတ်ချက်တွေ ရှိခဲ့ကြောင်း၊ အဲဒီကန့်သတ်ချက်တွေကြားကနေပြီး အမျိုးသားအစီအစဉ်နဲ့ လုပ်ငန်းစဉ်တွေချမှတ်ပြီးလူကုန်ကူးခံရသူတွေကို နေရပ်ပြန် ရေး၊ ပြန်လည်ပေါင်းစည်းရေးနဲ့ ပြန်လည်ထူထောင်ရေးတို့ကို အလေးထားဆောင်ရွက်ခဲ့ကြောင်းလည်း ပြောခဲ့ပါတယ်။