NUG အစိုးရအောင်မြင်လာလေ စစ်အုပ်စုရဲ့ အဖျက်လုပ်ငန်း ပိုကြီးလာမယ်လို့ ယာယီသမ္မတသတိပေး

၂၃၊ နိုဝင်ဘာလ၊ ၂၀၂၁။

NUGအစိုးရအောင်မြင်လာလေ အကြမ်းဖက်စစ်အုပ်စုရဲ့ အဖျက်လုပ်ငန်းပိုမိုကြီးမားလာမယ်လို့ ယာယီသမ္မတ က သတိပေးလိုက်ပါတယ်။

ဒီနေ့မနက်ပိုင်းမှာကျင်းပတဲ့ NUGအစိုးရအဖွဲ့ ပုံမှန်အစည်းအဝေးမှာ ယာယီသမ္မတဒူဝါလရှီးလ က အခုလို ပြောကြားခဲ့တာပါ။

ယာယီသမ္မတက တော်လှန်ရေးဟာအဆင့်တစ်ခုကို ရောက်ရှိပြီးဖြစ်သလို ပိုမိုခက်ခဲတဲ့အဆင့်ကို ဖြတ်သန်းနိုင်ဖို့ ပြင်ဆင်ကြရမယ်လို့လည်း ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ အချို့အဖွဲ့အစည်း တွေကိုချဉ်းကပ်ပြီး NUCC ကနေ ပဲ့ထွက်လာအောင် လုပ်ဆောင်နေတယ်လို့ကြားသိရကြောင်း၊ အင်အားကြီးတဲ့ NLD နဲ့ EAOs တွေရဲ့ညီညွတ်မှုကို မနာလို ဖြိုခွင်းမှုတွေ အကွက်ဆင်လာနိုင်ကြောင်းလည်း ယာယီသမ္မတ ဆက်လက်ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ငွေတိုက်စာချုပ်ကို အားတက်သရောဝယ်ယူကြတဲ့ ပြည်သူတွေ ရဲ့ တော်လှန်ရေးအပေါ် စိတ်အားထက်သန်မှုကို အထူးကျေးဇူးတင်ကြောင်းပြောကြားခဲ့သလို ပြည်တွင်းပြည်ပက ပြည်သူတွေဟာ အောင်နိုင်လိုစိတ်ပြင်းပြစွာနဲ့ ကဏ္ဍစုံက ပံ့ပိုးထောက်ပံ့နေကြတာမို့ အစိုးရအနေနဲ့ တော်လှန်ရေးအတွက် ပိုမိုတာဝန်ကြီးလာ တယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် အလုပ်တွေ ထိထိရောက်ရောက် ပိုမိုလုပ်ဆောင်နိုင်ဖို့ အစိုးရအဖွဲ့တာဝန်ရှိသူတွေအားလုံးနှစ်ဆ ကြိုးပမ်း ဆောင်ရွက်သွားကြဖို့ တိုက်တွန်းခဲ့ပါတယ်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးချုပ်က တော်လှန်ရေးကာလက ၉ လကျော်လာတဲ့အခါ ပြည်သူတွေ အတော်ပင်ပန်းပြီး ဒုက္ခရောက်နေ ကြပြီဖြစ်လို့ အစိုးရအဖွဲ့အနေနဲ့လုပ်ဆောင်ချက်တိုင်းဟာ အကြမ်းဖက်စစ်အုပ်စုကို ကို ထိုးနှက်နိုင်စေဖို့ အထူးအာရုံစိုက်ရမယ်လို့ လည်းပြောပါတယ်။