၂၃၊ နိုဝင်ဘာလ၊ ၂၀၂၁။
အကြမ်းဖက်စစ်အုပ်စုက မြန်မာပြည်သူတွေကို ထင်သလိုဖမ်းဆီးမှုတွေ တိုးလာတဲ့အပေါ် ကုလသမဂ္ဂအနေနဲ့ အထူးစိုးရိမ်ကြောင်းပြောပါတယ်။
နိုဝင်ဘာ၂၂ရက်နေ့ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ကုလအတွင်းရေးမှူးချုပ် ပြောခွင့်ရ Stephane Dujarric ကအဲဒီလိုပြောပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ သမ္မတဦးဝင်းမြင့်၊ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရအဖွဲ့ဝင်တွေ၊NLDပါတီဝင်တွေနဲ့ ဒီမိုကရေစီဖော်ဆောင်ဖို့လုပ်နေသူတွေ ကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့အတွက် ကုလသမဂ္ဂအနေနဲ့ အထူးစိုး ရိမ် ကြောင်းပြောပါတယ်။
ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံအာဏာစသိမ်းတဲ့အချိန်ကစလို့ အခု၉လကျော်အထိ လက်တွေ့မကျတဲ့ စိုးရိမ်ပူပန် ကြောင်းနဲ့ စစ်အုပ်စုကို တိုက်တွန်းကြောင်းသာ ကြေညာချက်ထုတ်ပြန်နေတဲ့အပေါ် မြန်မာပြည်သူတွေက စိတ် ပျက်နေကြပါတယ်။
‘မင်းအောင်လှိုင်ဒုက္ခပေးသမျှ ခါးစည်းခံနေရတဲ့ မြန်မာပြည်သူတွေ စိုးရိမ်ဖို့မကျန်အောင်ကို ကုလသမဂ္ဂက စိုးရိမ် နေတာမို့ စိတ်ပျက်ရတယ်’လို့ ရန်ကုန်၊လှိုင်မြို့နယ်၂ရပ်ကွက်နေ ကုမ္ပဏီဝန်ထမ်းတစ်ဦးကပြောပါတယ်။
အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးထားစဉ် သေဆုံးသွားသူ ၁၇၅ဦးထက်မနည်းရှိနေပြီး သူတို့ရဲ့ခန္ဓာကိုယ်ပေါ် နှိပ် စက်ညှင်းပန်းထားတဲ့လက္ခဏာတွေ တွေ့ရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
ဖမ်းဆီးထားသူအားလုံးကိုပြန်လွှတ်ပေးဖို့နဲ့ အဖွဲ့အားလုံးက အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့လည်း ကုလက ထပ်မံတောင်းဆိုပါတယ်။