လက်နက်ကိုင်ပဋိပက္ခဒဏ်ခံစားနေရတဲ့ မြန်မာပြည်သူတွေအတွက် ကျပ်သန်း၆၀၀ကျော် အီးယူ ထောက်ပံ့မယ်

၂၂၊ နိုဝင်ဘာလ၊ ၂၀၂၁။

လက်နက်ကိုင်ပဋိပက္ခဒဏ် ခံနေရတဲ့ မြန်မာပြည်သူတွေအတွက် ဥရောပသမဂ္ဂက ကျပ်သန်း၆၀၀ကျော်(ယူရို၃သိန်း)အကူအညီပေးအပ်သွားမယ်လို့သိရပါတယ်။

ကျပ်သန်း၆၀၀ကျော်ကို ပဋိပက္ခဒဏ်အဆိုးရွားဆုံးခံစားနေရတဲ့ ပြည်နယ်အချို့က လူ၁၅၀၀၀ကျော်အတွက် လူသားချင်းစာနာမှုအကူ အညီပေးအပ်သွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂက ဒီကနေ့ထုတ်ပြန်လိုက်တာပါ။

အဲဒီထောက်ပံ့ငွေနဲ့ အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းတွေ၊ အခြေခံရှေးဦးသူနာပြုပစ္စည်းတွေ၊ သန့်ရှင်းတဲ့ရေ နဲ့မိလ္လာအဆောက်အအုံတွေ သုံးစွဲခွင့်ရရှိရေးအတွက် အဓိက ပံ့ပိုးပေးမှာဖြစ်ပြီး ကိုဗစ် ရောဂါပျံ့နှံ့မှု ကာကွယ်ထိန်းချုပ်ရေးအတွက် လိုအပ်တဲ့ ဆောင်ရွက်ချက်တွေကိုလည်း လုပ်ဆောင်သွားမှာဖြစ်သလို သက်ကြီးရွယ်အိုတွေ မသန်စွမ်းတွေ၊ ကလေးငယ်တွေနဲ့အမျိုးသမီးဦးဆောင်တဲ့ အိမ်ထောင်စုတွေအတွက် အထူးအလေးပေး ကူညီထောက်ပံ့သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံရှိ ဥရောပသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုအကူအညီ ပရိုဂရမ်တွေကို စီမံကြီးကြပ်သူ လုခ်ဗာနာက “ပိုပြီးအရှိန်အဟုန် ပြင်းထန်လာတဲ့ စစ်ပွဲတွေဟာ ဟိုးယခင်ကတည်းက ဆိုးရွားလွန်းနေတဲ့ လူသားချင်းစာနာထောက်ထားမှု အခြေအနေတွေကို ပိုပြီးဆိုးရွားစေတာကြောင့် မပြီးပြတ်သေးတဲ့ ပြည်တွင်းပဋိပက္ခဒဏ်တွေကို ကာလရှည်ကြာ ထိခိုက်ခံစားနေရတဲ့ ပြည်သူလူထုအတွက် တစ်ပူပေါ် နှစ်ပူဆင့်စေပါတယ်”လို့ဆိုပါတယ်။

အခုပေးမဲ့ ဥရောပသမဂ္ဂ ရန်ပုံငွေကို ဥရောပအရပ်ဘက်ကာကွယ်ရေးနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ ဥရောပကောင်စီ(ECHO) ရဲ့ အသေးစားတုံ့ပြန်ဆောင်ရွက်မှုရန်ပုံငွေကနေတစ်ဆင့် ပေးအပ်တာပါ။