၂၂၊ နိုဝင်ဘာလ၊ ၂၀၂၁။
ဆူဒန်နိုင်ငံမှာ အာဏာသိမ်းစစ်တပ်နဲ့ အရပ်သား ခေါင်းဆောင်တွေအကြား သဘောတူညီချက်ရပြီး ရာထူးက ဖြုတ်ချခံရတဲ့ ဝန်ကြီးချုပ် Abdalla Hamdok ကို ရာထူးပြန်ပေးလိုက်ပါပြီလို့ သိရပါတယ်။
ဒါပေမယ့် ဆူဒန်ပြည်သူတွေကတော့ ဆန္ဒပြပွဲတွေ ဆက်လက်ဆင်နွဲနေပါတယ်။ နိုဝင်ဘာ ၂၁ရက်နေ့က ဆန္ဒပြလူအုပ်ကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်နှိမ်နှင်းလို့ လူ ၁၀ဦးသေဆုံးခဲ့ပါတယ်။
စစ်တပ်နဲ့ နိုင်ငံရေးပါတီတွေအကြား ဆွေးနွေးပြီး သဘောတူညီချက်အရ အောက်တိုဘာ ၂၅ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဖမ်းဆီးခံရတဲ့ နိုင်ငံရေးသမားတွေကို ပြန်လွှတ်ပေးမယ်လို့ စစ်ဘက်ရော အရပ်သားအစိုးရ တာဝန်ရှိသူတွေကပါ ပြောပါတယ်။
အခုလို သဘောတူညီချက် ရဖို့အတွက် အမေရိကန်ပြည်ထောင်စု၊ ကုလသမဂ္ဂတို့ဟာ အရေးပါတဲ့ အခန်းကနေ စေ့စပ်ပေးခဲ့တယ်လို့လည်း တာဝန်ရှိသူတွေက ဆိုပါတယ်။
မနေ့က ဝန်ကြီးချုပ် Abdallah Hamdok နဲ့ စစ်တပ်အကြီးအကဲ Abdel Fattah al-Burhan တို့ တနင်္ဂနွေနေ့မှာ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်မယ့် မြို့တော် Khartoum က သမ္မတအိမ်တော်ရှိရာကို ထောင်နဲ့ချီတဲ့ ဆန္ဒပြပြည်သူတွေ ချီတက်ကြစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အခုလိုပစ်ခတ်နှိမ်နင်းခဲ့တာလို့ သိရပါတယ်။