၁၈၊ နိုဝင်ဘာလ၊ ၂၀၂၁။
တရုတ်အထူးသံတမန်ဆွန်းကော့ရှန်း ရဲ့ ဒုတိယအကြိမ်မြောက်မြန်မာနိုင်ငံခရီးစဉ်ဟာ အကြမ်းဖက်စစ်အုပ် စုကို ဖိအားသာတိုးစေခဲ့တယ်လို့ ရန်ကုန်အခြေစိုက်နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကဆိုပါတယ်။
တရုတ်အစိုးရရဲ့ အာရှရေးရာအထူးသံတမန် ဆွန်းကော့ရှန်းဟာ နိုဝင်ဘာ၁၅ရက်နေ့က အကြမ်းဖက်စစ်အုပ်စု ခေါင်းဆောင်မင်းအောင်လှိုင်၊စစ်အုပ်စုခန့်နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်၊ရာပြည့်တို့နဲ့ သီးခြားတွေ့ဆုံခဲ့ ပါတယ်။
‘တရုတ်ကတော့တရုတ်ပုံစံအတိုင်း မင်းအောင်လှိုင်တို့ကို အစိုးရတစ်ရပ်ပုံစံမျိုးလည်းဆက်ဆံမယ်၊တစ်ဖက်မှာ လည်း အာဆီယံမူ၅ချက်ကိုသာထောက်ခံတယ်ဆိုတာမျိုးပေါ့။တရုတ်ရဲ့ရပ်တည်ချက်ဟာ မင်းအောင်လှိုင်အတွက် ဖိအားကြီးတယ်’လို့ သူကပြောပါတယ်။
South China Morning Post သတင်းစာက ဆွန်းကော့ရှန်းဟာ စစ်အုပ်စုနဲ့တွေ့ဆုံစဉ် ငြိမ်းချမ်းရေးအစီအစဉ် ကို အကောင်အထည်ဖော်ဖို့ တိုက်တွန်းခဲ့ကြောင်း ရေးသားထားသလို မြန်မာနိုင်ငံဘက်အသီးသီးတို့အနေနဲ့ ညှိနှိုင်း တိုင်ပင်ဆွေး နွေးခြင်းနဲ့ နိုင်ငံရေးဆိုင်ရာ ဖြေရှင်းရေးနည်းလမ်းကို အလျင်အမြန် ရှာကြံဖို့ထောက်ခံကြောင်း နိုဝင်ဘာ၁၆ရက်နေ့၊တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ရဲ့ ပုံမှန်သတင်း စာရှင်းလင်းပွဲ မှာ နိုင်ငံခြားရေး ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ပြောကြားခဲ့ပါတယ်။
‘တရုတ်အစိုးရက မင်းအောင်လှိုင်သာ ဆက်အာဏာသိမ်းထားမယ်ဆိုရင် ဘယ်လိုမှ တည်ငြိမ်မှုရမှာမဟုတ်ဘူး ဆိုတာ သဘောပေါက်တယ်။ဒီမိုကရေစီအင်အားစုဘက်က အလေးသာလာတယ်လို့လည်း သူတို့မြင်ပုံရတယ်။ ပြီးတော့သူတို့ရဲ့ရင်းနှီးမြှုပ်နှံမှုတွေလည်း ဒီမှာများတယ်ဆိုတော့ တည်ငြိမ်မှုရှိဖို့ အတွက် ဒီလမ်းကို ရွေးလိုက် ပုံရ တယ်’လို့သူကဆက်ပြောပါတယ်။
အထူးသံတမန်ဆွန်းကော့ရှန်းဟာ ဩဂုတ်လအတွင်းကလည်းမြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး နိုင်ငံတော်အတိုင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်တောင်းခဲ့ရာ မင်းအောင်လှိုင်က ငြင်းပယ်ခဲ့ပါတယ်။
‘မင်းအောင်လှိုင်က ဘယ်သူမှ လက်မခံပေမဲ့ သူအပိုင်စီးထားတဲ့အာဏာကို အလွယ်တကူပြန်စွန့် မယ့်ပုံတော့မ ပေါ်ဘူး။တိုင်းပြည်ဘယ်လောက်နာပါစေ၊သူ မနာမချင်း ဖက်တွယ်မယ်ထင်တယ်’လို့ သူကဆက်ပြောပါတယ်။