မြန်မာ့အရေး စစ်အုပ်စုနဲ့ပူးပေါင်းဖြေရှင်းနည်းကို နိုင်ငံတကာပုဂ္ဂိုလ်တချို့ ကျင့်သုံးချင်ကြဆဲလို့ ယာယီသမ္မတပြောကြား

၁၇၊ နိုဝင်ဘာလ၊ ၂၀၂၁။

နိုင်ငံတကာကပုဂ္ဂိုလ်တချို့ဟာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အကြမ်းဖက်စစ်အုပ်စုနဲ့ ပူးပေါင်းဖြေရှင်းနည်းကို ကျင့်သုံးချင်ဆဲဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ယာယီသမ္မတ ဒူဝါလရှီးလကပြောပါတယ်။

နိုဝင်ဘာ၁၆ရက်နေ့ကကျင်းပတဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ သူက အဲဒီလိုပြောကြားခဲ့တာပါ။

တကယ်တော့မြန်မာ့အရေးကို မြန်မာပြည်သူလူထုကသာ ဖြေရှင်းနိုင်တယ်ဆိုတာကို ဓမ္မဒိဌာန်ကျကျ ရှုမြင်တတ်ဖို့ လိုကြောင်း ယာယီသမ္မတက ဆက်ပြောပါတယ်။

“ NUGအစိုးရရဲ့ လုပ်ဆောင်ချက်တွေအောင်မြင်လာလေ စစ်ကောင်စီက မျက်မုန်းကျိုးကာ အဖျက်အမှောင့် လုပ်ငန်းတွေပိုမို လုပ်ဆောင်လာလေဖြစ်နေပါတယ်၊ စစ်ကောင်စီက သူတို့ကို ထောက်ခံတဲ့ ပုဂ္ဂိုလ်၊အဖွဲ့အစည်းတွေကို အသုံးပြုပြီး NUGအစိုးရကို အမည်ပျက်အောင် လုပ်ကြံဖန်တီးလာပြီး သူတို့နှင့်အဆင်ပြေတဲ့ နိုင်ငံတကာမှ ပုဂ္ဂိုလ်တချို့ကို ဖိတ်ကြားကာ ဆက်ဆံပြနေတာတွေ့မြင်ရတယ် ” လို့သူကပြောပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကလည်းအမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ရဲ့သတင်းစာရှင်းလင်းပွဲကို ဝမ်းမြောက်စွာကြိုဆိုကြောင်း၊ မြန်မာနိုင်ငံရဲ့အနာဂတ်မှာ ပုံဖော်လိုတဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးအတွက် အရေးကြီးတဲ့လုပ်ငန်းစဉ်တွေကို အများပြည်သူသိအောင်ချပြနိုင်ဖို့ဆိုတာ အားလုံး မျှော်မှန်းခဲ့တဲ့အခြေအနေ တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာ့သမိုင်းတစ်လျှောက် အခုလို စုစုစည်းစည်း ပူးပေါင်းဆောင်ရွက်နိုင်ခဲ့တာ ဂုဏ်ယူစရာကောင်းတဲ့သမိုင်းတစ်ခုဖြစ်လာမှာဖြစ်ပြီး မတူညီတဲ့ နောက်ခံတွေကလာကြတာမို့ လွယ်လွယ်ကူကူ စုစည်းမှုမျိုးရရှိခဲ့ခြင်း မဟုတ်ပေမဲ့ အဓိကပန်းတိုင် နှစ်ခုဖြစ်တဲ့ အကြမ်းဖက်စစ်အုပ်စု ကျဆုံးရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီးပေါ်ပေါက်နိုင်ရေးအတွက် ဆက်လက်ချီတက်သွားကြဖို့မျှော်လင့်တယ်လို့ ဆက်ပြောခဲ့ပါတယ်။