ထိုင်ဝမ်လွတ်လပ်ရေးကို အားပေးအားမြှောက်ပြုတာဟာ မီးနဲ့ ကစားတာဖြစ်တယ်လို့ တရုတ်က အမေရိကန်ကို သတိပေး

၁၇၊ နိုဝင်ဘာလ၊ ၂၀၂၁။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒမ်နဲ့ တရုတ်သမ္မတ ရှီကျင်းဖျင်တို့ ပထမဆုံးအကြိမ် တွေ့ဆုံတဲ့ အွန်လိုင်း ထိပ်သီးအစည်းအဝေးမှာ တရုတ်သမ္မတ ရှီကျင်းဖျင်က ထိုင်ဝမ်အရေးနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုကို သတိပေးလိုက်ပါတယ်။

တရုတ်သမ္မတ ရှီကျင်းဖျင်က ထိုင်ဝမ်လွတ်လပ်ရေးကို အားပေးအားမြှောက်ပြုတာဟာ မီးနဲ့ ကစားခြင်းဖြစ်တယ်ဆိုတဲ့ အသုံးအနှုန်းကို အစည်းအဝေးမှာ ပြောဆိုခဲ့တာဖြစ်ပြီး အမေရိကန်ပြည်ထောင်စုရဲ့ ထိုင်ဝမ်အပေါ် ရပ်တည်ချက်နဲ့ ပတ်သက်လို့ သတိပေးခဲ့တာပါ။

ဘီဘီစီသတင်းဌာနရဲ့ ဖော်ပြချက်အရ “မီးနဲ့ကစားတဲ့ လှုပ်ရှားမှုတွေဟာ အန္တရာယ်သိပ်များပြီး မီးလောင်တာခံရလိမ့်မယ်”ဆိုတဲ့ တရုတ်သမ္မတ ရှီကျင်းဖျင်ရဲ့ အမေရိကန်အပေါ် သတိပေးမှု တစ်ခု ပါဝင်နေခဲ့ပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒမ်ဘက်ကတော့ ထိုင်ဝမ်ရေလက်ကြားမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် ထိခိုက်စေနိုင်တဲ့ တစ်ဖက်သတ်လုပ်ဆောင်ကြိုးပမ်းမှု မှန်သမျှကို အပြင်းအထန် ကန့်ကွက်တဲ့အကြောင်း တရုတ်နိုင်ငံဘက်ကို ပြန်လည် အသိပေးခဲ့ပါတယ်။

သမ္မတနှစ်ဦးတွေ့ဆုံမှုမှာ ပြင်းထန်တဲ့ စကားအသုံးအနှုန်းတွေ ပါဝင်ခဲ့ပေမယ့် အရှိအတိုင်း ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့ကြတာဖြစ်ပြီး စိန်ခေါ်များစွာ ရှိနေတဲ့ ကြားကပဲ နှစ်နိုင်ငံဆက်ဆံရေးကို တိုးမြှင့်လုပ်ဆောင်ဖို့ ပြောဆို ဆွေးနွေးခဲ့ကြပါတယ်။

တရုတ်သမ္မတ ရှီကျင်းဖျင်ကတော့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒမ်ကို “မိတ်ဆွေဟောင်းကြီး”လို့ အစည်းအဝေးအစမှာ ခေါ်ဆိုခဲ့ပြီး သမ္မတနှစ်ဦးလုံးရဲ့ ဆွေးနွေးမှုဟာ ၃နာရီခွဲကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။