၁၅၊ နိုဝင်ဘာလ၊ ၂၀၂၁။
နာမည်ကြီးမော်ဒယ်လ် သန္တာလှိုင်ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အရပ်ဝတ်တွေက လာဖမ်းသွားတာလို့ လေဆိပ်အသိုင်းအဝိုင်းကနေသိရပါတယ်။
နိုဝင်ဘာ၁၄ရက်နေ့က သန္တာလှိုင်ဟာ မြန်မာ့အမျိုးသားလေကြောင်းလိုင်းနဲ့ ထိုင်းနိုင်ငံ၊ဘန်ကောက်သွားဖို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရောက်နေစဉ် ဖမ်းဆီးခံရတာပါ။
‘တစ်ယောက်ပြောတာက လေယာဉ်လက်မှတ်ယူပြီး လဝက စစ်တဲ့နေရာမှာ အဖမ်းခံရတာလို့ သိရတယ်။နောက် တစ်ယောက်ပြောတာကတော့ လေယာဉ်စီးဖို့စောင့်တဲ့ ဂိတ်ရောက်တဲ့အချိန်ကျမှ အဖမ်းခံရတာတဲ့။ပိုသေချာတာ က လဝကဖြတ်တဲ့အချိန်လွှတ်ပေးလိုက်ပြီး လဝက ကသက်ဆိုင်ရာကိုအကြောင်းကြားတယ်။သက်ဆိုင်ရာကနေ ဖမ်းဖို့ဆုံးဖြတ်တဲ့အချိန်မှာ သူက လေယာဉ်စီးဖို့ သတ်မှတ်ထားတဲ့ဂိတ်ကို ရောက်နေပြီ။အဲဒီအချိန် တခြားခရီး သည်တွေ အမြင်လှအောင် အရပ်ဝတ်တွေနဲ့ ခဏလိုက်ခဲ့ပါဆိုပြီး ဖမ်းသွားတာ’လို့ လေဆိပ်အသိုင်းအဝိုင်းနဲ့နီးစပ် သူတစ်ဦးကပြောပါတယ်။
သန္တာလှိုင်ကို အကြမ်းဖက်စစ်အုပ်စုက ဧပြီလမှာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅ (က)နဲ့ အမှုဖွင့်ခဲ့တာပါ။
အောက်တိုဘာလအတွင်းက လွတ်ငြိမ်းနဲ့လွတ်မြောက်လာတဲ့နိုင်ငံရေးအကျဉ်းသားတစ်ဦးက ‘အမှုပိတ် သိမ်းပေးခဲ့တဲ့အထဲ သန္တာလှိုင်ပါတယ်လို့လည်းပြောကြတယ်။ဒါပေမဲ့၊ကျနော်တို့ လွတ်ငြိမ်းခွင့်ရတဲ့သူတွေထဲ ပြန် အဖမ်းခံရတာတွေလည်းရှိတော့ အမှုပိတ်လည်း ဖမ်းချင်ဖမ်းမှာပဲ။’လို့ ဆိုပါတယ်။
ဒီနေ့အချိန်ထိ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ လူမင်း၊ ပြေတီဦး၊ ၊ ရဲတိုက်၊ ပိုင်တံခွန်၊ အိန္ဒြာကျော်ဇင်၊ ပိုပို စတဲ့သူတွေကို ထောင်ထဲမှာ ဖမ်းဆီးတရားစွဲခံထားပါတယ်။