မြန်မာ့အရေး ၅ရက်တာလှုပ်ရှားမှု အီတလီမှာကျင်းပမယ်

၁၅၊ နိုဝင်ဘာလ၊ ၂၀၂၁။

“ကြောက်ရွံ့ခြင်းမှ လွတ်မြောက်ခြင်း – မြန်မာနိုင်ငံ ဒီမိုကရေစီအရေး” ခေါင်းစဉ်နဲ့မြန်မာ့အရေးလှုပ်ရှားမှုကို အီးတလီနိုင်ငံ၊ပါးမားမြို့မှာ ၅ရက်ကြာကျင်းပသွားမယ်လို့သိရပါတယ်။

မြန်မာ့အရေးလှုပ်ရှားမှုကို ဒေသစံတော်ချိန် နိုဝင်ဘာ၁၅ရက်ကနေ၁၉ရက်နေ့အထိ ပါးမားမြို့တော်၊ Celvi Institute နဲ့ အီတလီ-မြန်မာမိတ်ဆွေအဖွဲ့ Giuseppe Malpeli တို့က ဦးစီးပြီး ပါးမားတက္ကသိုလ် အပါအဝင် အဖွဲ့အစည်း အများအပြားနဲ့ အီတလီရောက် မြန်မာတွေ ပါဝင်ကျင်းပကြမယ်လို့VOAကဖော်ပြပါတယ်။

မြန်မာ့အရေး၅ရက်တာလှုပ်ရှားမှုမှာ မြန်မာနိုင်ငံဆိုင်ရာ ညီလာခံတွေ၊ အစည်းအဝေးတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ အပြင် ပြဇာတ်၊ စာပေနဲ့ ရုပ်ရှင်တွေ၊ စားသောက်ဖွယ်ရာတွေနဲ့ လူထုလှုပ်ရှားမှုတွေ ကျင်းပကြမှာ ဖြစ်ပြီး ဆွေးနွေးပွဲတွေကို အီတလီအစိုးရပိုင်း တာဝန်ရှိသူတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က ဦးကျော်မိုးထွန်း၊ ဒေါက်တာဇော်ဝေစိုး၊ ဒေါက်တာဆာဆာ၊ ဒေါက်တာဝင်းမြတ်အေးတို့အပြင် မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Tom Andrews တို့ပါ တက်ရောက်ကြပါမယ်။

ဖွင့်ပွဲနေ့မှာ ပါးမားတက္ကသိုလ်၊ အီတလီမြောက်ပိုင်းက Emilia – Romagna ပြည်နယ်နဲ့ မြန်မာနိုင်ငံတို့ကြား ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ စီမံကိန်းတွေကို ဆွေးနွေးကြမှာဖြစ်ပြီး ဒုတိယနေ့မှာ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေ၊ ပထဝီနိုင်ငံရေးနဲ့ ဘာသာရေးဆိုင်ရာ ဆွေးနွေးပွဲတွေ။တတိယနေ့မှာ မြန်မာ့ သတင်းလွတ်လပ်ခွင့်အခြေအနေ၊ စစ်တပ်အာဏာသိမ်းမှုနဲ့ ပြည်သူတွေရဲ့ ဆန့်ကျင်မှုတွေအကြောင်း ။စတုတ္ထနေ့မှာ   လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  မိန့်ခွန်းတွေ၊ ကဗျာနဲ့ တော်လှန်ရေး အပါအဝင် လူငယ်အဖွဲ့တွေရဲ့ Burma Road အလုပ်ရုံဆွေးနွေးပွဲတွေ ကျင်းပပါမယ်။

နောက်ဆုံးနေ့ဖြစ်တဲ့ နိုဝင်ဘာ၁၉ရက်မှာတော့ အီတလီနိုင်ငံ ပါးမားမြို့နဲ့ မြန်မာနိုင်ငံတို့ရဲ့ ချစ်ကြည်ရင်းနှီးမှုတွေအကြောင်း ဟောပြောပွဲတွေနဲ့ Piazza Garibaldi ရင်ပြင်မှာ ငြိမ်းချမ်းရေး လူထုလှုပ်ရှားမှု ပြုလုပ်ကြမယ်လို့ VOA ကဖော်ပြပါတယ်။