ခင်ဦးမှာ စစ်အုပ်စုက ပရဟိတအလှူခံပုံးငွေတွေပါ လုယက်နေ

၁၄၊ နိုဝင်ဘာလ၊ ၂၀၂၁။

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် အောင်သာကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စုက ပြည်သူတွေရဲ့ နေအိမ်အချို့ကို ဖျက်ဆီးဝင်ရောက်လုယက်ပြီး ပရဟိတအဖွဲ့တွေရဲ့ အများစုပေါင်းလစဉ်အလှူခံပုံးကိုပါ ဖျက်ဆီးကာ အလှူငွေ လုယူခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ နိုဝင်ဘာလ ၁၄ရက်နေ့ နေ့လည် ၁၁နာရီခန့်မှာ စစ်အုပ်စုက ကျေးရွာအတွင်း ဝင်ရောကာ ပြည်သူတွေရဲ့ နေအိမ် ၃လုံးနဲ့ စျေးဆိုင်တစ်ဆိုင်ကို ဖျက်ဆီးဝင်ရောက်ပြီးနောက် စျေးဆိုင်မှာ ပုညသဟာယအသင်းက ထားရှိထားတဲ့ အများစုပေါင်း အလှူခံပုံးကိုပါ ဖျက်ဆီး လုယက်သွားတာပဲဖြစ်ပါတယ်။

“အဲ့ကောင်တွေကို ရွာစဉ်ပတ်ပြီး လုယက် ဓားပြတိုက်နေတာကြာပြီ စစ်သားလဲမဟုတ်တော့ဘူး ရဲလဲမဟုတ်တော့ဘူး အကုန်သူခိုးဓားပြထက်ဆိုးတဲ့ကောင်တွေ၊ ရွာတိုင်းမှာ အဲ့လိုဖျက်ဆီးပြီး ဝင်လုနေတာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ စစ်ကိုင်းတိုင်းအတွင်းမှာရှိတဲ့ ကျေးရွာတွေကို နယ်မြေစိုးမိုးရေးလှည့်လည်စစ်ဆေးတယ်လို့ဆိုကာ ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ လုယက်တာတွေ ဆက်တိုက်ကျူးလွန်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တွေ့ဆုံပါက ထွက်ပြေးတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

(ဓာတ်ပုံ-ပေးပို့)