၁၃၊ နိုဝင်ဘာလ၊ ၂၀၂၁။
အကြမ်းဖက်စစ်အုပ်စုက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ထိုးစစ်ဆင်ဖို့အတွက် ချင်းပြည်နယ်မှာ စစ်ကား ၇၅စီး သံချပ်ကာကား လက်နက်ကြီးတွေနဲ့ အနော်ရထာစစ်ဆင်ရေးကို နိုဝင်ဘာလဆန်းပိုင်းက စတင်ပြီး စတင်ခဲ့ပါတယ်။
မင်းတပ်မြို့နဲ့ မတူပီမြို့တွေကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဝင်ရောက်လာတဲ့ စစ်အုပ်စုရဲ့ အနော်ရထာစစ်ဆင်ရေးကို CDF-MINDATက နိုဝင်ဘာလ ၂ရက်နေ့က စတင်ကာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာလ ၁၀ရက်နေ့အထိ ထိတွေ့တိုက်ပွဲပေါင်း ၁၂ကြိမ်ထိဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုက ၇၀ကျော်သေဆုံးကာ ထိခိုက်ဒဏ်ရာ ရရှိသူ အများအပြားရှိခဲ့တယ်လို့ CDF-MINDATက သတင်းထုတ်ပြန်လိုက်ပါတယ်။
တိုက်ပွဲတွေအတွင်းမှာ CDF-MINDATက တစ်ဦးသာ ကျဆုံးခဲ့ပြီး ၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါဟာ ချင်းလူမျိုးတွေရဲ့ အသက်၊အိုးအိမ်တွေကို ဖျက်ဆီးပြီး နွားနောက်ရိုင်းတွေကို သတ်ဖြတ်ခဲ့တာတွေအတွက် ချင်းလူမျိုးတို့ထုံးစံဓလေ့အတိုင်း ပြန်လည်အလျော်တောင်းလိုက်တာဖြစ်တယ်လို့ CDF-MINDATက ဆိုပါတယ်။
နိုဝင်ဘာလ ၂ရက်နေ့မှာ စစ်အုပ်စုကို CDF-MINDAT က ၅၆မိုင်အနီးမှာ စတင်ထိုးစစ်ဆင်ခဲ့ပြီး စစ်အုပ်စုက ၂ဦးသေဆုံးကာ ရှေ့ကင်းအဖြစ် ထွက်လာတဲ့ စစ်အုပ်စုရဲ့ JCB ယာဉ်တစ်စီးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ပါတယ်။
နိုဝင်ဘာလ ၃ရက်နေ့မှာတော့ မတူပီမြို့ကနေ မင်းတပ်မြို့ဘက်ကို ပြန်ဆင်းလာတဲ့ သံချပ်ကာ ကား၂စီးပါဝင်တဲ့ စစ်ကား ၇၅စီးကို ထပ်မံကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စ်အုပ်စုက ၁၀ဦးသေဆုံးခဲ့ပါတယ်။ တိုက်ပွဲအတွင်းမှာ CDF-MINDATရဲ့ အသက်ကြီးဆုံး ရဲဘော်တစ်ဦးဖြစ်သူ အသက် ၇၃နှစ်အရွယ် ပညာရေးအငြိမ်းစား ရဲဘော်တစ်ဦး ကျဆုံးခဲ့ရပြီး ၂ဦးဒဏ်ရာရရှိခဲ့ပါတယ်။ မနက်ပိုင်းတိုက်ပွဲရဲ့ အကြွေးအတွက် ညနေပိုင်းမှာ ချုံခိုထပ်မံတိုက်ခိုက်ရာမှာ စစ်အုပ်စုက ၂ဦးထပ်မံ သေဆုံးသွားတယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၄ရက်နေ့မှာတော့ နှစ်နေရာမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မနက် ၈နာရီ ၃၀မိနစ်ခန့်မှာ မိုင်တိုင် ၆မိုင်အနီး စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုဟာ CDF-MINDATရဲ့ ပဒေသာမိုင်းထိမှန်ပြီး ၅ဦးသေဆုံးခဲ့ပါတယ်။
နေ့လည် ၂နာရီဝန်းကျင်မှာ မိုင်တိုင် ၄၃အနီးမှာ သံချပ်ကာကားနှစ်စီးပါတဲ့ စစ်အုပ်စုယာဉ်တန်းကို ရှေ့နောက် ညှပ်ကာတိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုက ၂၀ကျော် ထပ်မံသေဆုံးသွားပြန်ပါတယ်။
နိုဝင်ဘာလ ၅ရက်နေ့ ညနေပိုင်းမှာတော့ မိုင်တိုင် ၃၆အနီးမှာ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး စစ်အုပ်စုရဲ့ ထွက်ပြေးသွားတဲ့ ယာဉ်တန်းကို ပြောက်ကျားစနစ်နဲ့ လိုက်လံတိုက်ခိုက်ခဲ့ရာမှာ စစ်အုပ်စုက သေဆုံးသူ ရှိခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၆ရက်နေ့ မနက် ၁၁နာရီခွဲခန့်မှာတော့ ၃၁မိုင်အနီးမှာ သွေးကြွေးတောင်းလိုတဲ့ ဒေသခံရွာသားတွေကပါ CDF-MINDATနဲ့ ပူးပေါင်းပြီး စစ်အုပ်စုရဲ့ ယာဉ်တန်းကို တူးမီးသေနတ်တွေနဲ့ အနီးကပ်တိုက်ခိုက်ခဲ့တာကြောင့် စစ်အုပ်စုက ၈ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများပြားခဲ့ကာ ၃၁မိုင်အကျော်မှာ စစ်အုပ်စုက အလောင်းတစ်ခုကို လမ်းဘေးမှာ ဖြစ်သလို မြုပ်နှံခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၇ရက်နေ့မှာတော့ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး မနက်ပိုင်း ၂၆မိုင်ဝန်းကျင်တိုက်ပွဲမှာ စစ်အုပ်စုက ၁၈ဦး သေဆုံးခဲ့ပါတယ်။
စစ်အုပ်စုဟာ လက်နက်ကြီးတွေကို အသုံးပြုပြီးပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ CDF-MINDATဖက်က ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့ဘဲ မိုင်တိုင် ၂၇အနီးမှာ စစ်အုပ်စုက အလောင်းတစ်ခုကို မြုပ်နှံခဲ့ရပါတယ်။ စစ်အုပ်စုဟာ နိုဝင်ဘာလ ၇ရက်နေ့ညမှာ အေးသာယာကျေးရွာမှာ ညအိပ်စခန်းချခဲ့ပြီး မနက်ပိုင်းမှာတော့ ကျေးရွာက ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
နိုဝင်ဘာလ ၈ရက်နေ့ နေ့လည် ၁နာရီခန့်မှာလည်း ၁၉မိုင်အနီး တိုက်ပွဲထပ်မံဖြစ်ပွားပြီး စစ်အုပ်စုက ၁၀ဦးထပ်မံသေဆုံးခဲ့ပါတယ်။ ထိတွေ့တိုက်ပွဲအတွင်းမှာ စစ်အုပ်စုက လက်နက်ကြီးတွေကို အရင်တိုက်ပွဲတွေလို အသုံးမပြုတော့တာကြောင့် လက်နက်အင်အားပါ နည်းပါးလာခဲ့တယ်လို့ CDF-MINDATက မှတ်ချက်ပြုခဲ့ပါတယ်။ စစ်အုပ်စုအတွက် အကူညီအဖြစ် ဒေသခံတပ်ရင်းတစ်ခုကသာ ၁၁မိုင်အထိ တက်လာပြီး ၁၆မိုင်အထိ လက်နက်ကြီးကူပစ်ပေးတာကို လုပ်ဆောင်ခဲ့ပါတယ်။
နိုဝင်ဘာလ ၉ရက်နေ့ ၁၆မိုင်တိုက်ပွဲမှာလည်း စစ်အုပ်စုက ၅ဦးသေဆုံးကာ မိုင်းထိ ဒဏ်ရာရရှိသူတွေလည်း များပြားခဲ့တာကြေြာင့် CDF-MINDATက စစ်အုပ်စုတပ်ဆုတ်ခွာရာတလျှောက် ၁၄မိုင်ထိ လိုက်လံတိုက်ခိုက်ရာမှာ နောက်ထပ် ၂ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ စစ်အုပ်စုဟာ လမ်းမတလျှောက် သွေးကွက်တွေကို ရေဆေးချတာ မြေကြီးတွေနဲ့ ဖုံးလွှမ်းတာတွေ လုပ်ဆောင်ပြီးတော့ သူတို့ရဲ့ ရှုံးနိမ့်မှုကို ဖျောက်ဖျက်ခဲ့ကြရပါတယ်။
နိုဝင်ဘာလ ၁၀ရက်နေ့မှာတော့ ၁၁မိုင်ဝန်းကျင်မှာ ထိတွေ့တိုက်ပွဲတစ်ခုထပ်မံဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဟာ မိုင်းထိပြီးတော့ သေဆုံးသူ များပြားခဲ့တယ်လို့ သိရပါတယ်။
ဒါဟာ ချင်း နွားနောက်ရိုင်းတွေ လိုက်လံအခတ်ခံရတဲ့ အနော်ရထာစစ်ဆင်ရေးလို့ CDF-MINDATက ဆိုပါတယ်။
အနော်ရထာဘုရင်ဟာ သမိုင်းရ ကျွဲခတ်လို့ အသက်ဆုံးပါးခဲ့ရတဲ့ ဘုရင်တစ်ပါးဖြစ်တာကြောင့် စစ်အုပ်စုရဲ့ အနော်ရထာစစ်ဆင်ရေးဟာ ချင်းနွားနောက်ရိုင်းတွေရဲ့ တူးမီးကြားမှာ ပျက်စီးခဲ့ရပါတယ်။