၁၃၊ နိုဝင်ဘာလ၊ ၂၀၂၁။
ထိုင်ဝမ်ဒေသကို ကာကွယ်ဖို့ ဩစတြေးလျဟာ အမေရိကန်နဲ့ ပူးပေါင်းသွားမှာမဟုတ်ဘူးလို့ ဩစတြေးလျ ကာကွယ်ရေးဝန်ကြီး ပီတာဒက်တန်က ဒီကနေ့ နိုဝင်ဘာ ၁၃ ရက်၊ စနေနေ့က ပြောကြားလိုက်ပါတယ်။
လက်ရှိ ထိုင်ဝမ်နဲ့ တရုတ်အရေးမှာ တရုတ်ဘက်က ထိုင်ဝမ်အပေါ် အင်အားသုံးလာခဲ့ရင် အမေရိကန်ဟာလည်း ငြိမ်နေမှာ မဟုတ်တဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီး အန်တိုတီဘလင်ကန်က ပြီးခဲ့တဲ့ နိုင်ဝင်ဘာ ၁၀ ရက်နေ့မှာ ပြောကြားအပြီး အခုလို အသိပေးမှု ထွက်ပေါ်လာခဲ့တာပါ။
တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကို သူတို့ရဲ့ ထိန်းချုပ်မှုအောက် အလုံးစုံရောက်ရှိအောင် ကြိုးပမ်းလာခဲ့တဲ့အတွက် နိုင်ငံတကာရေးရာသုံးသပ်သူတွေက စစ်ပွဲတွေ ဖြစ်လာမယ့်အရေးကို စိုးရိမ်ထိတ်လန့်နေကြပါတယ်။
“အမေရိကန်သာ ဒါကိုရွေးချယ်လိုက်ရင် ဩစတြေးလျဘက်က ထောက်ခံသွားဖို့ မရှိပါဘူး။ ဒီအခြေအနေက စိတ်ကူးကြည့်လို့တောင် မရနိုင်ပါဘူး”လို့ ဩစတြေးလျကာကွယ်ရေးဝန်ကြီး ပီတာဒက်တန်က အသိပေးခဲ့တာပါ။
ထိုင်ဝမ်ကို အမေရိကန်ပြည်ထောင်စုဘက်က လေ့ကျင့်ရေးတပ်ဖွဲ့တွေ စေလွှတ်ခဲ့တဲ့အပေါ်မှာ တရုတ်နိုင်ငံဘက်က အပြင်းအထန် ကန့်ကွက်ရှုတ်ချထားပြီး ထိုင်ဝမ်ရေလက်ကြားမှာ စစ်အင်အားတွေကို အဆင်သင့် ပြုထားလိုက်ပြီလို့ တရုတ်စစ်တပ်က ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်နေ့မှာ အသိပေးခဲ့တာပါ။
ဩစတြေးလျဘက်ကတော့ တရုတ်၊ ထိုင်ဝမ်နဲ့ အမေရိကန်အကြားဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေနဲ့ ပတ်သက်လို့ အမေရိကန်ဘက်ကနေ ပူးပေါင်းတာတွေ၊ ထောက်ခံတာတွေ မပြုလုပ်ဘူးလို့ အသိပေးထားပေမယ့် မြင့်မားတဲ့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားဖို့ လိုအပ်တယ်လို့ ပီတာဒက်တန်က ပြောကြားခဲ့ပါတယ်။
ဩစတြေးလျနိုင်ငံဟာ အမေရိကန်အပါအဝင် အိန္ဒိယနဲ့ ဂျပန်ပါဝင်တဲံ့ အင်ဒို-ပစိဖိတ်ဒေသတွင်း လုံခြုံရေး (QUAD) အဖွဲ့ဝင်နိုင်ံငံတစ်နိုင်ငံဖြစ်ပေမယ့် ထိုင်ဝမ်အရေးနဲ့ ပတ်သက်လို့တော့ အခုလို လက်ရှောင်နေခဲ့တာပါ။