ပေါင်းတည် မင်းကွက်ရပ်ကွက်ရုံးရှေ့ ဗုံးပေါက်

၁၂၊ နိုဝင်ဘာလ၊ ၂၀၂၁။

ပဲခူးတိုင်း ၊ ပေါင်းတည်မြို့ မင်းကွက် (၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ အသံဗုံးတစ်လုံး ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ နိုဝင်ဘာလ ၁၂ရက်နေ့ မနက် ၇နာရီခန့်မှာ ရပ်ကွက်ရုံးအနောက်လမ်း ရုံးမျက်နှာစာရှေ့မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး လူထိခိုက်မှုတော့ မရှိဘူးလို့ သိရပါတယ်။

“မနက်ပိုင်းက အသံကြားလိုက်တယ် လိုက်မေးတော့ ၂ရုံးရှေ့မှာ ဗုံးပေါက်တာလို့ ပြောတယ်၊ ဘာမှတော့ ဖြစ်မသွားဘူး”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားရာနေရာကို စစ်အုပ်စုက လာရောက်စစ်ဆေးခဲ့ပြီး ဗုံးအစအနတွေကို သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။

ပေါက်ကွဲမှုနဲ့ ပက်သက်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ သီးခြား ထုတ်ပြန်လာခြင်း မရှိသေးပါဘူး။

ပေါင်းတည်မြို့မှာ နိုဝင်ဘာလ ၉ရက်နေ့ကလည်း မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ရှေ့မှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့ပါသေးတယ်။