လေထုညစ်ညမ်းမှုလျော့ချဖို့ တောင်ကိုရီးယားမြို့ တော်မှာ သစ်ပင်သန်း ၃၀ စိုက်မယ်

ဆိုးလ် (၃၁.၃.၂၀၁၉)
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ဆိုးရွားလာတဲ့ လေထုညစ်ညမ်းမှု လျော့ချ ရေး စီမံကိန်း တစ်စိတ်တစ်ပိုင်း အ နေနဲ့ ၂၀၂၂ခုနှစ်မှာ စုစုပေါင်း သစ်ပင်အရေအတွက် သန်း ၃၀ စိုက်ပျိုး သွားမယ်လို့ ဆိုးလ်မြို့တော်အစိုးရက မတ်လ ၂၆ရက်နေ့မှာ ကြေငြာခဲ့ပါတယ်။

၂၀၁၄ခုနှစ်က နေ ၂၀၁၈ခုနှစ်အထိ သစ်ပင်ပေါင်း ၁၅သန်းကို စိုက်ပျိုးခဲ့ပြီး နောက်ထပ် ၁၅သန်းကို ဆက်ပြီး စိုက်ပျိုးဖို့ စီစဉ်နေတာပါ။ အဲဒီစီမံကိန်းဟာ ဆိုးလ်မြို့တွင်း နှစ်စဉ် ဒီဇယ်သုံး မော်တော်ကား ၆၄,၀၀၀ ကျော်က ထုတ်လွှတ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့အပြင် သေးငယ်တဲ့ ဖုန်မှုန်တွေ ကြောင့် ဖြစ်ပေါ်လာတဲ့ လေထုညစ်ညမ်းမှုကို လျော့ချဖို့ဖြစ်တယ်လို့ မြို့တော်အစိုးရက ပြောပါတယ်။

ဒါ့အပြင် ၂၀၂၁ခုနှစ်မှာ ဆိုးလ်မြို့တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာ သစ်တောဧရိယာနှစ်ခုကိုလည်း ဖော်ဆောင်သွားမှာပါ။ အဲဒီလေးနှစ်စီမံကိန်းအတွက် ၀မ်သန်းပေါင်း ၄၈၀ ခန့် အသုံးပြုသွားပါမယ်လို့လည်း ဆိုးလ်မြို့တော်အစိုးရက ပြောပါတယ်။

အခုနှစ် ဇန်န၀ါရီလလယ်ပိုင်းက တောင်ကိုရီးယားနိုင်ငံရဲ့ ဒေသတော်တော်များများမှာ သုံးရက် ဆက်တိုက် မီးခိုးမြူတွေ၊ ဖုန်မှုန့် တွေ ဖုံးလွှမ်းနေပြီး လေထုညစ်ညမ်းမှုကြောင့် ပြည်သူတွေ အ နေနဲ့ တက်နိုင်သမျှအပြင် မထွက်ကြဖို့နဲ့ အပြင်ထွက်ရင်လည်း နှာခေါင်းစွပ် တပ်ဆင်ကြဖို့ အာဏာပိုင်တွေက သတိပေးချက်ထုတ်ပြန်ခဲ့ရပါတယ်။

လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ် ကမ္ဘာပေါ်မှာ ခန့်မှန်းခြေ လူဦးရေ ၇သန်းဟာ အရွယ်မတိုင်ခင် စောစီးစွာ သေဆုံးနေရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၁၄ခုနှစ်မှာ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။
Ref : www.koreaherald.com