ဒီမိုကရေစီတိုက်ပွဲဝင်မြန်မာပြည်သူတွေနဲ့အတူ ဒိန်းမတ် ရပ်တည်

၁၁၊ နိုဝင်ဘာလ၊ ၂၀၂၁။

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေတဲ့ မြန်မာနိုင်ငံသားတွေနဲ့အတူ ဒိန်းမတ်နိုင်ငံက ရပ်တည် နေကြောင်း ဒိန်းမတ်နိုင်ငံ ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ ဒိန်းမတ်ဝန်ကြီး မစ္စတာ Flemming Møller Mortensen ကပြောပါတယ်။

မြန်မာနိုင်ငံအထွေထွေ ရွေးကောက်ပွဲကျင်းပခဲ့တဲ့ နှစ်ပတ်လည်အထိမ်းအမှတ် အဖြစ် ယမန်နေ့က ထုတ်ပြန်တဲ့ ဒိန်းမတ်နိုင်ငံ ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ ဒိန်းမတ်ဝန်ကြီး မစ္စတာ Flemming Møller Mortensen ရဲ့ ထုတ်ပြန် ကြေညာချက်မှာ အဲဒီလိုဖော်ပြထားပါတယ်။

အကြမ်းဖက်မှုတွေ တိုးမြင့်လာပြီး လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီတွေ လိုအပ်ချက် မြင့်မားလာတဲ့အပေါ် အလွန်အမင်း စိုးရိမ်မိကြောင်း ဒိန်းမတ်နိုင်ငံအနေနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ဆက်လက် ပံ့ပိုးသွားမှာ ဖြစ်ကြောင်း ဝန်ကြီးက ပြောပါတယ်။

“မြန်မာနိုင်ငံမှာ အထွေထွေ ရွေးကောက်ပွဲ ကျင်းပခဲ့တာ တစ်နှစ်ပြည့်ပါပြီ။ ဒီမိုကရေစီစနစ်ကို ထောက်ခံကြောင်းကို မြန်မာနိုင်ငံသူ နိုင်ငံသားတွေ ရှင်းရှင်းလင်းလင်း ပြသခဲ့တဲ့ ရွေးကောက်ပွဲပါပဲ’လို့ သူကဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁ ရက်နေ့က စပြီး သွေးထွက်သံယိုမှုတွေကြောင့် ဒီမိုကရေစီ တိုးတက်မှုဟာ ရပ်တန့်သွားတယ်လို့လည်းဆိုပါတယ်။