ဦးပိုင်၊ MEC နဲ့ ဆက်စပ်လုပ်ငန်းတွေကို အကြမ်းဖက်စီးပွားရေးအဖြစ် သတ်မှတ်ကြောင်း NUG ထုတ်ပြန်

၁၁၊ နိုဝင်ဘာလ၊ ၂၀၂၁။

အကြမ်းဖက် စစ်တပ်ရဲ့ စီးပွားရေး လုပ်ငန်းတွေဖြစ်တဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL)၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) တို့နဲ့ဆက်စပ်စီးပွားရေးလုပ်ငန်းတွေကို အကြမ်းဖက် စီးပွားရေးလုပ်ငန်းတွေအဖြစ် သတ်မှတ်ပြီး အမည်ပျက်စာရင်းသွင်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန် လိုက်ပါတယ်။

ဒါ့ကြောင့် မြန်မာ့စီးပွားရေးဦးပိုင်နဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့ရဲ့ ဆက်စပ်ထုတ်ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေကို ဝယ်ယူသုံးစွဲခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း၊ သိုလှောင် ဖြန့်ဖြူးရောင်းချခြင်း လုံးဝမပြုလုပ်ကြဖို့နဲ့ အဲဒီလိုလုပ်ရပ်တွေကို စစ်ရာဇဝတ်မှုကျူးလွန်ဖို့ ထောက်ခံ အားပေးတဲ့ လုပ်ရပ်တွေအဖြစ် သတ်မှတ်အရေးယူသွားမယ်လို့ စီးပွား‌ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကယမန်နေ့ညကထုတ်ပြန်ပါ တယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ စီးပွားရေးအင်ပါယာဟာ စျေးကွက်နယ်ပယ်စုံကို ထိုးဖောက် နေရာယူကာ စီးပွားအရေးအကျိုးအမြတ်များစွာ နှစ်စဉ်ရရှိနေကြောင်း မြန်မာ့စီးပွားရေးဦးပိုင်နဲ့ မြန်မာ့ စီးပွားရေးကော်ပိုရေးရှင်းတို့ဟာ နိုင်ငံတော်ပုန်ကန်မှုကို ထောက်ကူပြုပြီး မလျော်သြဇာနဲ့စစ်တပ်ရဲ့လုပ်ပိုင်ခွင့်နဲ့ အင်အားကို အသုံးပြုကာ စီးပွားရေးလုပ်ငန်းများစွာကို လုပ်ဆောင်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ စီးပွားရေး ဆိုင်ရာထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးက စိစစ်တွေ့ရှိ ခဲ့တယ်လို့လည်းထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ နိုင်င့တော်ပုန်ကန်မှုနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။