ဇန်နဝါရီဈေးကွက်မှာ ကူအန်ဒီကို မန်ယူက အရခေါ်ယူသွားမှာကို ဆီဗီလာအသင်း စိုးရိမ်

၁၀၊ နိုဝင်ဘာ၊ ၂၀၂၁။

အသင်းနောက်ခံလူ ဂျူးလက်စ် ကူအန်ဒီကို ခေါ်ယူဖို့အတွက် လာမယ့် ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်မှာ မန်ယူဘက်က စာချုပ်ဖျက်သိမ်းခ တန်ကြေး ပေးချေတာမျိုး ပြုလုပ်လာမှာကို ဆီဗီလာအသင်းက စိုးရိမ်နေတယ်လို့ သိရှိရပါတယ်။

 လက်ရှိအချိန်မှာ မန်ချက်စတာယူနိုက်တက်က ခံစစ်ပြဿနာနဲ့ ရင်ဆိုင်နေရပြီး အဲ့ဒါကို ဖြေရှင်းဖို့အတွက် လာမယ့်ဇန်နဝါရီဈေးကွက်ဖွင့်ချိန်မှာ နောက်ခံကစားသမားသစ် ရှာဖွေတာမျိုး ရှိလာနိုင်တယ်လို့ သုံးသပ်ချက်တွေလည်း ထွက်ပေါ်နေပါတယ်။

 ပြီးခဲ့တဲ့ နွေဈေးကွက်တုန်းက ချယ်လ်ဆီးဟာ ကူအန်ဒီကို ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၄၂ ဒသမ ၅ သန်းနဲ့ ဆီဗီလာဆီကို ကမ်းလှမ်းဆက်သွယ်ခဲ့ဖူးပြီး အဲ့ဒီကမ်းလှမ်းမှုကို ဆီဗီလာဘက်က လက်မခံခဲ့လို့ အပြောင်းအရွှေ့ဆွေးနွေးမှုတွေ ပျက်သွားခဲ့ရဖူးပါတယ်။

 မန်ယူဟာ ကူအန်ဒီအတွက် ဆီဗီလာဘက်က သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၆၉ သန်းကို ပေးချေလာနိုင်တဲ့အခြေအနေတွေ ရှိနေပြီး ဇန်နဝါရီမှာ ကူအန်ဒီကို အရခေါ်ယူသွားခဲ့ရင် အသင်းအထိုင်ပျက်သွားမှာကို ဆီဗီလာဘက်က စိတ်ပူတာတွေရှိနေပါတယ်။

 ချယ်လ်ဆီးဟာလည်း သီယာဂို ဆေးလ်ဗား၊ ရူဒီဂါနဲ့ ခရစ္စတင်းဆင်တို့ကို လက်လွှတ်ရနိုင်ခြေရှိနေတဲ့အတွက် အဲ့ဒီနေရာတွေကို အစားပြန်ဖြည့်ဖို့ ကူအန်ဒီကို အလိုရှိနေခဲ့တာပါ။