အီသီယိုးပီးယားနိုင်ငံမှာ ကုလဝန်ထမ်းတွေ ဖမ်းဆီးခံရပြီးနောက် အကြမ်းဖက်လုပ်ရပ်လို့ ကုလစွပ်စွဲ

၁၀၊ နိုဝင်ဘာလ၊ ၂၀၂၁။

အီသီယိုးပီးယားနိုင်ငံ မြို့တော် အက်ဒစ် အက်ဘာဘာမှာ အီသီယိုးပီးယားလူမျိုး ကုလဝန်ထမ်း အနည်းဆုံး ၁၆ ဦးကို အစိုးရက ဖမ်းဆီးလိုက်ပါတယ်။

အီသီယိုးပီးယားနိုင်ငံဟာ အစိုးရနဲ့ တိုက်ဂရေးတပ်ဖွဲ့တွေအကြား ပဋိပက္ခတွေဟာ ပိုမိုမြင့်မားသထက် မြင့်မားလာတဲ့နောက်မှာ အခုလို ကုလဝန်ထမ်းတွေပါ ဖမ်းဆီးခံရမှုတွေဖြစ်ပေါ်လာခဲ့တာပါ။

ကမ္ဘာ့ကုလသမဂ္ဂကတော့ ဒီဖြစ်ရပ်ကို အကြမ်းဖက်တဲ့ လုပ်ရပ်တစ်ခုဖြစ်တယ်လို့ စွပ်စွဲထားပြီး သူတို့ရဲ့ ဝန်ထမ်းတွေအားလုံး လွတ်မြောက်ဖို့အတွက် အစွမ်းကုန် ကြိုးပမ်းနေတယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်၊ အင်္ဂါနေ့မှာ အသိပေးထားပါတယ်။

ဂါးဒီးယန်းသတင်းဌာနရဲ့ ဖော်ပြချက်မှာတော့ အီသီယိုးပီးယားအစိုးရက လက်ရှိ ဖမ်းဆီးထားတဲ့ သူတွေဟာ တိုက်ဂရေးအဖွဲ့တွေကို ထောက်ပံ့နေလို့ ဖမ်းဆီးထားတာဖြစ်တယ်လို့ အသိပေးထားသလို သတင်းဌာနအချို့ကတော့ ဖမ်းဆီးမှုဟာ အကြောင်းအရင်းမရှိခဲ့ဘူးလို့ ရေးသားဖော်ပြကြပါတယ်။

ဒီဖမ်းဆီးခံရမှုဟာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မာတင်ဂရစ်ဖစ်ရဲ့ အီသီယိုပီးယား နိုင်ငံရောက် ၄ ရက်ကြာ ခရီးစဉ်အပြီး နောက်တစ်ရက်မှာ ဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကလည်း ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အရာရှိ ၇ ဦးကို ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်ခဲ့တယ်ဆိုတဲံ့ စွပ်စွဲချက်နဲ့ နိုင်ငံကနေ နှင်ထုတ်ခဲ့ပါသေးတယ်။

အခုလို ကုလဝန်ထမ်းတွေ ဖမ်းဆီးခံလိုက်ရတဲ့နောက်မှာ အမေရိကန်ပြည်ထောင်စုဘက်ကလည်း ကန့်ကွက်ရှုတ်ချထားပြီး လူမျိုးရေးအခြေခံဖမ်းဆီးမှုတွေကို ဆန့်ကျင်တယ်ဆိုတဲ့ အသိပေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။