၁၀၊ နိုဝင်ဘာလ၊ ၂၀၂၁။
အမေရိကန်သတင်းသမား Danny Fenster ကို တစ်ကျွန်းအထိ စီရင်နိုင်တဲ့ နောက်၂မှုထပ်တိုးလိုက်ခြင်းဟာ အကြမ်းဖက်စစ်အုပ်စုက အမေရိကန်အစိုးရကိုပြတ်ပြတ်သားသားဆန့်ကျင်ကြောင်း အများမြင်သာအောင် ထပ် မံပြောကြားလိုက်ခြင်းသာဖြစ်တယ်လို့ ရန်ကုန်အခြေစိုက်တရားလွှတ်တော်ရှေ့နေတစ်ဦးကပြောပါတယ်။
ပုဒ်မသုံးခုနဲ့ အမှုရင်ဆိုင်နေရတဲ့ အမေရိကန်သတင်းသမား Danny Fenster ကို စစ်အုပ်စုက နိုဝင်ဘာ ၉ရက် နေ့ ရုံးချိန်မှာ နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုင်ရာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၂၄-က၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(က) တို့နဲ့ ထပ်မံအမှုဖွင့်လိုက်တာပါ။
‘အမှုအကြောင်းကတော့ ဘာမှ ပြောစရာမရှိသလို ပြောဖို့လည်းမလိုပါဘူး။နေဝင်းလက်ထက်၊သန်းရွှေလက်ထက်၊ အခုမင်းအောင်လှိုင် အကောင်ပေါက်ဖို့ ရုန်းကန်နေတဲ့ကာလပေါ့။ဘယ်အာဏာရှင်လက်ထက်မဆို တရားဥပဒေအ မှောင်ခေတ်ပဲ။သူတို့မကျေနပ်တဲ့ဘယ်သူ့ကိုမဆို ဘာမဆိုလုပ်မှာပဲ။ဒီနေ့ဖမ်းပြီး မနက်ဖြန်အလောင်းပြန်ရတဲ့ကာ လမှာ အမှု၂မှုထပ်တိုးတာဘာမှမဆန်းဘူး။အဓိကက အမေရိကန်အစိုးရကို ရသလောက်သူတို့ပြန်လုပ်တဲ့သဘော ပဲ။အခုသူတို့လက်ထဲမှာ အမေရိကန်သတင်းသမားရှိနေတဲ့အခါကျတော့ အမေရိကန်အစိုးရကိုမကြည်သမျှ သူ့ကို ပဲ ရန်ရှာနေတော့တာပေါ့’လို့ သူကပြောပါတယ်။
အမေရိကန်သတင်းသမားကို စစ်အုပ်စုက ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅−က၊ မတရားအသင်းဆက်သွယ်မှုဥပဒေပါ ပုဒ်မ၁၇(၁) အပြင် လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေပါ ပုဒ်မ ၁၃ (၁)တို့နဲ့ တရားစွဲဆိုထားပြီး အင်းစိန်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။
ထပ်မံစွဲဆိုလိုက်တဲ့ ပုဒ်မ ၁၂၄-က ရဲ့ အမြင့်ဆုံးပြစ်ဒဏ် ဟာ တစ်သက်တစ်ကျွန်း အနှစ်၂၀အ ထိ ဖြစ်ပြီး ပုဒ်မ ၅၀(က)ဟာ လည်း အနိမ့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၁၀ နှစ်ကနေ တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်ပါတယ်။
ရန်ကုန်အခြေစိုက်နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးကလည်း Danny Fenster ကို နောက်၂မှုထပ်တိုးဟာ ဥပဒေ ကြောင်းအရလုံးဝမဟုတ်ဘဲ အမေရိကန်ကို မင်းအောင်လှိုင်က သူတတ်နိုင်သလောက် ပြန်ရန်လုပ်ခြင်းသာဖြစ် တယ်လို့ မှတ်ချက်ပေးပါတယ်။
‘ဘာမှမဟုတ်ပါဘူး။မင်းအောင်လှိုင်က အမေရိကန်ကို လေးခွနဲ့လှမ်းပစ်ပြီး မှတ်ပြီလားလို့ လူကြားအောင် အော် ပြလိုက်တဲ့သဘောပါ။ဘယ်အာဏာရှင်မဆို အဲဒီလိုပဲလုပ်တတ်တယ်။သူတို့တကယ်ကြောက်ရပြီဆိုရင်လည်း ကုန်းကန်တော့ဖို့ဝန်မလေးကြဘူး’လို့ သူကပြောပါတယ်။
မကြာသေးမီက မြန်မာနိုင်ငံကိုရောက်လာခဲ့တဲ့ ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံအမတ်ဟောင်း ဘီလ်ရစ်ချတ် ဆန်ရဲ့ခရီးစဉ်အတွင်း စစ်အုပ်စုခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ် အမေရိကန်သတင်းသမား Denny Fenster လွတ်မြောက်ရေးကိစ္စကို အမေရိကန်နိုင်ငံခြားရေးဌာနက မပြောဖို့ မှာကြားထားလို့ ပြောဆိုခဲ့ခြင်း မရှိဘူးလို့ ဘီလ်ရစ်ချတ်ဆန်က ပြော ပါတယ်။
‘အဲဒီတစ်ချက်ကလည်းထူးဆန်းတယ်။အမေရိကန်အစိုးရက စစ်အုပ်စုနဲ့အဆင်ပြေတဲ့ ဘီလ်ရစ်ချတ်ဆန် ကို Denny Fenster လွှတ်ဖို့ဘာ့ကြောင့်မပြောခိုင်းရတာလဲ။အမေရိကန်အစိုးရက သူတို့လူတစ်ယောက် လွတ်ဖို့လောက်နဲ့ ဒီ ကောင်တွေနဲ့ အဖက်လုပ်ဆက်ဆံမနေချင်ဘူးဆိုတဲ့သဘောထင်တယ်။ပြောရရင် မြန်မာစစ်အုပ်စုအပေါ် အမေ ရိကန်အစိုးရကလည်း တင်းတင်းမာမာသဘောထားပဲရှိပုံရတယ်’လို့သူက ဆက်ပြောပါတယ်။
Denny Fenster ရဲ့ ပုဒ်မ ၅၀၅-က အမှုအတွက် အာမခံလျှောက်ထားတာကို တရားရုံးက ပယ်ချခဲ့ပြီး လက်ရှိစွဲဆိုထားတဲ့ ပုဒ်မငါးခုလုံးအတွက် ရုံးဖွင့်ရက်တိုင်း နေ့စဉ်ပုံမှန်အမှုစစ်သွားမယ်လို့သိရပါတယ်။
ရန်ကုန်အခြေစိုက် Frontier Myanmar မဂ္ဂဇင်းရဲ့ အုပ်ချုပ်မှုအယ်ဒီတာ Denny Fenster ဟာ မေလ ၂၄ ရက်က မိသားစုရှိရာ အမေရိကန်နိုင်ငံကိုအပြန် ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးခံရပါတယ်။