ထိုင်းနိုင်ငံမှာ လူမှောင်ခိုကား တိမ်းမှောက်မှုကြောင့် မြန်မာ ၃ ဦး သေဆုံး

၇၊ အောက်တိုဘာလ၊ ၂၀၂၁။

ထိုင်းနိုင်ငံ တာ့ခ်ပြည်နယ်နဲ့နီးတဲ့ ကမ်ဖယ်ဖက်ပြည်နယ်ထဲမှာ မြန်မာနိုင်ငံသားတွေကို လူကုန်ကူးသူတွေက တင်ဆောင်လာတဲ့ ကားတစီး နိုဝင်ဘာလ ၅ရက်နေ့ညက တိမ်းမှောက်ခဲ့တယ်လို့ Bangkok Post သတင်းဌာနက ဖော်ပြပါတယ်။

ကားတိမ်းမှောက်တာကြောင့် ဒဏ်ရာရလူနာတွေ အပါအဝင် လူ ၂၃ ဦးကို လူကုန်ကူးသူတွေက စွန့်ပစ်သွားခဲ့တာကြောင့် လူ ၃ ဦးသေဆုံးပြီး ၄ ဦးကတော့ ပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့ ဆေးရုံပို့ ကုသခံနေရပါတယ်။

ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲဆောက်လမ်းကနေ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၆၀ ထက်မနည်းကို လူမှောင်ခိုသမားတွေက ကား ၂ စီးနဲ့ သယ်ဆောင်လာခဲ့တာပါ။ မဲဆောက်ကနေ သယ်ဆောင်လာချိန်မှာတော့ နာရီဝက်ခန့် ကားစီးခဲ့ရပြီး တောထဲမှာ ၂ ရက်လောက် လမ်းလျှောက်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

ဒီနောက်မှာတော့ တောင်ကြားလမ်းတခုမှာ ကား ၂ စီး လာပြန်ကြိုခဲ့ပြီး တစီးက တောင်ကြားမှာပဲ တိမ်းမှောက်ခဲ့ပါတယ်။ ဒီဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံသား ၃ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာပြင်းထန်စွာ ရခဲ့တယ်လို့ သိရပါတယ်၊

လူမှောင်ခိုသမားတွေဟာ လူ ၆၀ လောက်ကို ကား ၂ စီးနဲ့ လိုက်ပါစေခဲ့ပြီး ကားပေါ်မှာ လူတွေကို အပြည့်တင်လာခဲ့တာပါ။ ကားပေါ်မှာ အားလုံး ထိုင်လိုက်လာဖို့အတွက် မဆန့်တဲ့အတွက် ကားပေါ်မှာ မတ်တတ်ရပ် လိုက်ပါခဲ့ရပြီး သူတို့ကိုတော့ အပေါ်ကနေ ပလတ်စတစ် အမည်းစတွေအုပ်ပြီး ခေါ်လာခဲ့ကြတယ်လို့ ကားတိမ်းမှောက်မှုမှာပါတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေက ပြောပြပါတယ်။

တောင်ကြားမှာ ကားတိမ်းမှောက်မှု ဖြစ်ပြီးနောက် ဒဏ်ရာရလူနာတွေနဲ့ အတူပါလာတဲ့ ၂၃ ဦးပါတဲ့ အုပ်စုကို ကားမှောက်တဲ့နေရာကနေ ခေါ်လာပြီး ရာဘာတောအနီးက တောလမ်းတနေရာမှာ စွန့်ပစ်သွားခဲ့တာကြောင့် ဒဏ်ရာရသူတွေဟာ အချိန်မီ ဆေးရုံပို့ခွင့်မရဘဲ သေဆုံးခဲ့ရတယ်လို့ သေဆုံးသူတဦးရဲ့ ခင်ပွန်းဖြစ်သူက ပြောပြပါတယ်။

ဒဏ်ရာရသူတွေပါတဲ့ လူ ၂၃ ဦးကို ရာဘာတောအနီးမှာ စွန့်ပစ်ခဲ့တာကြောင့် မနက်လင်းတဲ့အချိန်မှာ ထိုင်းကျေးရွာသားတွေက သတင်းပေးတဲ့အတွက် ထိုင်းရဲတွေ ရောက်ရှိလာပြီး စစ်ဆေးမေးမြန်းခဲ့ပြီး သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေကို ခေါ်ဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံထဲကို အောက်တိုဘာလကုန်အထိ တရားမဝင် ဝင်ရောက်လာသူ ၃၀,၀၀၀ ကျော်ရှိတယ်လို့ ထိုင်းအာဏာပိုင်တွေကို ကိုးကားပြီး ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။ နေ့စဉ်လည်း လူအစုလိုက်အပြုံလိုက် ဖမ်းမိနေတဲ့အတွက် ထိုင်းအာဏာပိုင်တွေက တာ့ခ်ပြည်နယ် အပါအဝင် ပြည်နယ် ၁၀ ခုကို လုံခြုံရေးတွေ တိုးပြီး ချထားပါတယ်။

Source – Bangkokpost / VOA