မန်စီးတီးနည်းပြ ဂွါဒီယိုလာက မန်ယူတိုက်စစ်မှူး စီရော်နယ်ဒိုအနေနဲ့ အသက် ၇၅ နှစ်လောက်အထိ ရောက်နေရင်တောင် သွင်းဂိုးတွေ သွင်းနိုင်မှာဖြစ်တယ်လို့ ကစားသမားရဲ့ လုပ်အားနှုန်နဲ့ ဂိုးသွင်းနိုင်စွမ်းတွေကို အလွန်အကြူး ချီးမွမ်းသွားခဲ့ပါတယ်။
စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလမှာ မန်စီးတီးအသင်းကို ရောက်ရှိဖို့ နီးခဲ့ပေမယ့် နောက်ဆုံးမှာ အသင်းဟောင်း မန်ယူကိုသာ ရွေးချယ်သွားခဲ့တာပါ။
ဂွါဒီယိုလာက ပရီးမီးယားလိဂ်ကို စီရော်နယ်ဒို ပြန်ရောက်လာခဲ့တာဟာ ကောင်းမွန်မှုရှိပြီး မန်ယူအသင်းနဲ့လည်း အံဝင်ခွင်ကျဖြစ်တဲ့ ကစားသမားတစ်ယောက်ဖြစ်တယ်လို့ အသိပေးခဲ့တာပဲဖြစ်ပါတယ်။
မက်ဆီနဲ့ စီရော်နယ်ဒိုတို့ဟာ နောက်ဆုံး ဆယ်စုနှစ်တွေမှာ သူတို့ကိုယ်စားပြုခဲ့တဲ့ အသင်းတွေအတွက် အကောင်းဆုံး ကူညီမှုတွေပေးခဲ့ပြီး ဒီအချက်တွေကိုကြည့်ရင် သူတို့ရဲ့ စွမ်းဆောင်ရည်တွေကို သိသာတယ်လို့ ဖွင့်ဟခဲ့တာပဲဖြစ်ပါတယ်။
ဒီနေ့ ည ၇ နာရီမှာတော့ မန်ယူနဲ့ မန်စီးတီးအသင်းတို့ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ထိပ်တိုက်တွေ့ဆုံနေပြီး ဂွါဒီယိုလာရဲ့ မန်စီးတီးနောက်တန်းဟာ စီရော်နယ်ဒိုဦးဆောင်လာမယ့် မန်ယူရဲ့ တိုက်စစ်ကို ဘယ်လိုမျိုးထိန်းချုပ်သွားမလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။
ဒါအပြင် ပရီးမီးယားလိဂ် ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံးလေးပွဲမှာ နိုင်ပွဲမရှိခဲ့တဲ့ မန်စီးတီးအသင်းဟာ ဒီတစ်ကြိမ်မှာရော မန်ယူအိမ်ကွင်းမှာ ရလဒ်ကောင်းတွေရယူသွားနိုင်မလားဆိုတာ စောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်။