မြန်မာ့အရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဆောင်ရွက်မှုတွေဟာ တောက်လျှောက်ကို ကျဆုံးနေတယ်လို့ Human Rights Watch – HRW လူ့အခွင့်အရေးစောင့်ကြည့် အဖွဲ့ရဲ့ အာရှဒေသဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး Phil Robertson က သုံးသပ်ပြောဆိုလိုက်ပါတယ်။
အောက်တိုဘာ၂၉ရက်နေ့က ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ စစ်ကောင်စီက ပြည်သူတွေကို အင်အားအလွန်အကျွံသုံးပြီး တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီလုပ်ရပ်ဟာ Crime Against Humanity လို့ခေါ်တဲ့ လူသားဖြစ်မှုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုဖြစ်တယ်လို့ သူကဆိုပါတယ်။
‘ဒါဟာ သံသယဖြစ်စရာကို မရှိပါဘူး။ Crime against Humanity ဆိုတဲ့ လူသားဖြစ်မှုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေဖြစ်နေတယ်။ ဒီဖြစ်ရပ်တွေကို အရေးယူဖို့ ကြန့်ကြာနေတယ်။ ဒီဟာကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ကိုင်တွယ်သင့်နေပါပြီ။ သူတို့အနေနဲ့ မြန်မာကိစ္စကို နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကိုလွှဲပေးသင့်ပါပြီ’ လို့သူကပြောပါတယ်။
ပြဿနာမှာ တရုတ်နဲ့ရုရှားတို့ရဲ့ ပိတ်ဆို့ ထားမှုဖြစ်ပြီး တရုတ်နဲ့ရုရှားဟာ စစ်အုပ်စုကို ထောက်ပံ့ကူညီခြင်းနဲ့ လူသားဖြစ်မှုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေကို အားပေးအားမြှောက်လုပ်နေတယ်လို့လည်း သူကစွပ်စွဲ ပါတယ်။
‘ဒါကြောင့် သူတို့မှာလည်း တာဝန်ရှိပါတယ်။ မြန်မာစစ်တပ်က နိုင်ငံတကာအသိုင်းအဝိုင်းက ဝင်ကူမှာကို ခွင့်မပြုဘဲ ငြင်းပယ်ဖို့နဲ့ မြန်မာပြည်သူတွေကို ပြန်တိုက်ဖို့ သူတို့က ထောက်ပံ့နေတယ်။ မြန်မာစစ်တပ်ကို နိုင်ငံတကာရာဇဝတ်ခုံရုံးကို လွှဲပေးဖို့ဆိုတဲ့ နိုင်ငံတကာရဲ့ နောက်ခြေတလှမ်းကို မရောက်အောင်လုပ်ပေးနေတယ်။ ဘာကြောင့်လဲဆိုရင် တပ်မတော်ကို ဒီလုပ်ရပ်ဆိုးတွေ အဆုံးသတ်ပြီး ပြည်သူတွေ တရားမျှတမှုအတွက် နိုင်ငံတကာ ကြားဝင်ဆောင်ရွက်မှာကို ကြောက်နေတယ်။’လို့သူကဆက်ပြောပါတယ်။
အခုလို အကြမ်းဖက်လုပ်ရပ်တွေကို အများသိအောင် HRW ကဆက်လက်တင်ပြပြောဆိုနေမှာ ဖြစ်ပြီးကုလသမဂ္ဂနဲ့ နိုင်ငံတကာ အစိုးရတွေ ဆောင်ရွက်လာအောင် ဆက်ပြီးတောင်းဆိုပေးနေမှာပါလို့ လည်းဆိုပါတယ်။
ထန်တလန်ဖြစ်စဉ်နဲ့ပတ်သက်ပြီး လူမျိုးတုံးသုတ်သင်မှု မြောက်တယ်ဆိုတာမျိုး သက်သေအထောက်အထား မရှိသေးဘူးလို့လည်း သူကပြောပါတယ်.
‘ဒီကိစ္စကတော့ တကယ်က အလှမ်းဝေးတဲ့ဒေသဖြစ်တဲ့အတွက် သတင်းအချက်အလက် တိတိကျကျရဖို့ ခက်နေပါတယ်။ မြန်မာ့တပ်မတော်က အင်အားအလွန်အကျွံသုံးပြီး ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တယ်လို့တော့ ကျနော်တို့ ပြောနိုင်ပါတယ်။ သူတို့ကို ပုန်ကုန်နေတဲ့သူတွေ အဲဒီထန်တလန် မြို့ထဲမှာရှိနေတယ်လို့ ယုံနေပြီး လက်နက်ကြီးနဲ့ ပစ်ခတ်နှိမ်နင်းဖို့ စဉ်းစားတာပါပဲ။ ဒါဟာ အင်အားအလွန်အကျွံသုံးပြီး ပြည်သူတွေကို တိုက်ခိုက်တာပါ။ ဒါကြောင့် စစ်ရာဇဝတ်မှုဖြစ်နေတယ်ဆိုတာ ရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်။’လို့ သူကဆက်ပြောပါတယ်။
ထန်တလန်မီးလောင်မှုနဲ့ပတ်သက်ပြီး PDF တွေက မီးရှို့တယ်လို့ စစ်အုပ်စုရဲ့ပြောဆိုချက်ဟာ ၂၀၁၇ခုနှစ်တုန်းက ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာတွေက သူတို့ရပ်ရွာကို မီးရှို့ထွက်ပြေးသွားတယ်လို့ အပြစ် ပုံချတဲ့အတိုင်းပဲဖြစ်ကြောင်း သူကပြောပါတယ်။
‘အခုတခါထပ်ပြီး စစ်တပ်က အကြီးအကျယ်လိမ်ဖို့ကြိုးစားတာပါ။ ဒါကို ဘယ်သူမှ မယုံပါဘူး။ ကျွန်တော် ထင်ပါတယ်။ ဒီလိုပြောတာကို လူတိုင်းပျက်ရယ်ပြုနေမှာပါ။ ပြောရေးဆိုခွင့်ရှိ သူက သူ့ဟာသူတောင် ဟာသဖြစ်နေမှာပါ။ ‘လို့ Phil Robertson ကပြောပါတယ်။