မအူပင်မြို့ စည်ပင်သာယာရုံးအနီး ဗုံးပေါက်

မအူပင်မြို့နယ် စည်ပင်သာယာရုံးဒေါင့်မှာ ဒီကနေ့ နိုဝင်ဘာလ ၁ရက်နေ့ ညနေ ၃နာရီ ၃၀မိနစ်ခန့်မှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

         ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူမရှိပေမဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ခရိုင်ရဲတပ်ဖွဲ့မှူးအိမ်အနီးမှာ ပေါက်ကွဲမှုဖြစ်တာကြောင့် စစ်အုပ်စုက ပိတ်ဆို့ရှာဖွေ စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

         “ဗုံးပေါက်သွားတာဟုတ်တယ် စည်ပင်ရုံးထက် ခရိုင်ရဲမှူးကို သတိပေးချင်တာဖြစ်မယ်၊ ခရိုင်ရဲမှူးနဲ့ စစ်တပ်က အတော်ကိုမွှေနေတာ၊ သူတို့က မဲမဲမြင်သမျှ ဒလန်ကလွဲပြီးတော့ တစ်မြို့လုံးကို ဖမ်းထားချင်တဲ့ ပုံစံ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

         ပေါက်ကွဲမှုနဲ့ ပက်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ သီးခြား သတင်းထုတ်ပြန်လာခြင်း မရှိသေးပါဘူး။

         မအူပင်မြို့မှာ အကြမ်းဖက်စစ်အုပ်စုတွေ စခန်းချရာနေရာတွေနဲ့ စစ်အုပ်စုလက်အောက်ခံ ဌာနဆိုင်ရာရုံးတွေအနီးမှာ နေ့စဉ်နီးပါး ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။