ဂျပန်နိုင်ငံ၊ တိုကျိုမြို့ အဝေးပြေးရထားတစင်းပေါ်မှာ ဓားကိုင်ဆောင်ထားသူ အမည်မသိလူတစ်ဦးက ခရီးသည်တွေကို တိုက်ခိုက်လို့ အနည်းဆုံး လူ ၁၇ ဦးလောက် ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုဟာ အောက်တိုဘာ ၃၁ ရက်၊ မနေ့က ဖြစ်ပွားခဲ့တာပါ။ ဓားကိုင်ဆောင်ပြီး ရန်ပြုသူကတော့ အသက် ၂၄ နှစ် ဝန်းကျင်လောက် ရှိပါတယ်။
Aljazeera သတင်းဌာနကတော့ အဲ့ဒီလူငယ်ဟာ Halloween ပွဲတော်ကို သွားရောက်မယ့်သူတစ်ဦးလို ဂျိုကာအင်္ကျီကို ဝတ်ဆင်လာတာဖြစ်ပြီး ခရီးသည်တွေကို ဓားနဲ့ တိုက်ခိုက်ပြီးနောက် မီးလောင်ကျွမ်းစေနိုင်တဲ့ အရည်တွေသွန်ချပြီး မီးရှို့တာတွေလည်း ပြုလုပ်ခဲ့တယ်လို့ ဖော်ပြပါတယ်။
ဒဏ်ရာရသူတွေထဲမှာ တစ်ဦးကတော့ ပြင်းထန်ပြီး အခြေအနေဆိုးရွားနေတယ်လို့ သိရှိရပါတယ်။ ဓားနဲ့တိုက်ခိုက်တဲ့ လူငယ်ကိုတော့ အခင်းဖြစ်တဲ့ နေရာမှာပဲ ဖမ်းဆီးရလိုက်နိုင်ပါတယ်။
ဩဂုတ်လက တိုကျိုအိုလံပစ်ပွဲ မတိုင်ခင်တစ်ရက်အလိုလောက်ကလည်း အသက် ၃၆ အရွယ်ရှိသူတစ်ဦး ဓားနဲ့ ရမ်းကားခဲ့လို့ ရထားပေါ်မှာရှိတဲ့ ခရီးသည် ၁၀ ဦးလောက် ဒဏ်ရာတွေရခဲ့တဲ့ ဖြစ်ရပ် ဖြစ်ခဲ့ဖူးပါတယ်။
မျက်မြင်တွေရဲ့ အဆိုအရ တိုက်ခိုက်မှုဖြစ်ပွားနေချိန်မှာ ရထားပေါ်မှာ ရှိတဲ့ ခရီးသည်တွေဟာ ရုန်းရင်းဆန်ခတ်တွေဖြစ်ခဲ့ပြီး မီးခိုးငွေ့တွေလည်း တွေ့မြင်ခဲ့ကြရတယ်လို့လည်း ဆိုပါတယ်။
“ဓားရှည်ကို ဝှေ့ယမ်းလာတဲ့ လူတစ်ဦးကို တွေ့တယ်။ ဓားမှာလည်း သွေးတွေပေနေတယ်”လို့ မျက်မြင်တစ်ဦးက ပြောခဲ့တာပါ။ ဒါအပြင် အဲ့ဒီမျက်မြင်တစ်ဦးက ဒီဖြစ်ရပ်ဟာ Halloween စတန့်တစ်ခုလုပ်လိုက်တာလို့လည်း မှတ်ချက်တစ်ခုပြုလုပ်ခဲ့ပါတယ်။