
လယ်ပိုင်ရှင်တွေပါ လယ်ရောင်းပြီး ပြည်ပထွက်ဖို့ စဉ်းစားနေရတဲ့ အခြေအနေမှာ လယ်လုပ်သားတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်းဟာ မှုန်ပြလွန်းလှပါတယ်။
–
“ မအူပင်မှာတုန်းကလည်း လယ်စိုက်တာပဲ။ ဒီမှာလည်း လယ်စိုက်တာပဲ (ရယ်လျှက်) ”။
သူ့နာမည်က ကိုသိန်းဆောင်။ ဧရာဝတီတိုင်း၊ မအူပင်မြို့အပိုင်ထဲက မလက်တို ဆိုတဲ့ရွာလေးမှာ နေထိုင်ခဲ့သူပါ။
၂၀၂၃ ခုနှစ်မှာ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ရောက်ရှိလာခဲ့ပြီး လက်ရှိအချိန်မှာတော့ မဲဆောက်မြို့ အပိုင်ထဲက မယ့်ကုနွဲ့ကျေးရွာက လယ်ယာလုပ်ငန်းခွင်တခုမှာ လယ်လုပ်သားအဖြစ် လုပ်ကိုင်နေသူ ဖြစ်ပါတယ်။
အသက် ၄၀ ပြည့်တော့မယ့် ကိုသိန်းဆောင်ဟာ အသားညိုညို အရပ်မြင့်မြင့် ပိန်ပိန်ပါးပါးနဲ့ ကွမ်းအမြဲစားလို့ နီရဲနေတဲ့ နူတ်ခမ်းတွေနဲ့ ပြုံးပြုံး ၊ ပြုံးပြုံး စကားပြောတတ်သူ တယောက်ပါ။ သူ့မှာ ကိုယ်ပိုင်လယ်ယာ မရှိခဲ့ပေ့မယ့် သားနှစ်ဦးကို ဘွဲ့ရတဲ့အထိ လယ်ယာလုပ်ငန်းခွင်ထဲမှာ အလုပ်လုပ်ရင်း ကျောင်းထားခဲ့သူဖြစ်ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးချိန်မှာ သားနှစ်ဦးစလုံး လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်ခဲ့တာကိုလည်း မကန့်ကွက်ခဲ့သလို သားတွေကြောင့် သူပါ အဖမ်းခံရမလို ဖြစ်လာတဲ့အခါ နှစ်ပေါင်း ၂၀ ကျော် အလုပ်လုပ်ကိုင်ခဲ့တဲ့ လယ်ယာမြေတွေကို ကျောခိုင်းပြီး မဲဆောက်ကို ရောက်လာခဲ့သူဖြစ်ပါတယ်။
“မေဒေးကို သိပါတယ်။ အလုပ်သမားနေ့လေ။ ကျွန်တော်တော့ တခါမှ မေဒေးဆိုပြီး မနားဖူးပါဘူး။ အဲ့လိုမနားရလို့လည်း ဘာမှမဖြစ်ပါဘူး ” တဲ့။
နွားတွေနဲ့ ဖက်လုပ်ခဲ့ရတဲ့ လက်မှုလယ်ယာလို့ခေါ်ကြတဲ့ ၂၀၁၀ ပတ်ဝန်းကျင်ကာလတွေမှာ ဧပြီနှောင်းပိုင်း-မေလဆန်းပိုင်းတွေဟာ နွေစပါးရိတ်သိမ်းပြီး မိုးစပါးအတွက် ပြင်ဆင်မှုတွေ စတင်ရချိန်ဖြစ်ပြီး လယ်လုပ်သားတွေ၊ ကျွဲ၊ နွားတွေ အများကြီးသုံးပြီး အလုပ်လုပ်နေရချိန်တွေ ဖြစ်ပါတယ်။
ဒီလိုနဲ့ ၂၀၁၂ ခုနှစ်နောက်ပိုင်းမှာ စက်မှုလယ်ယာတွေဆီကို ကူးပြောင်းမှုစတင်လာခဲ့ပြီး ကိုသိန်းဆောင်ဟာလည်း လယ်အလုပ်သမားတွေ အများကြီးထဲက တယောက်အဖြစ်ကနေ စက်မောင်းကျွမ်းကျင်သူ လယ်လုပ်သားတဦးအဖြစ် ပြောင်းလဲလာခဲ့ပါတယ်။
“ ကျွန်တော် စက်စမောင်းတော့ ၂၀၁၅။ အဲ့အချိန်မှာ ရန်ကုန်တက်ပြီး အလုပ်လုပ်မလား လယ်ပဲဆက်လုပ်မလား ရွေးချယ်ရတဲ့ အချိန်ပဲ။ တချို့က ထိုင်းတို့ မလေးတို့ကို သွားကြတယ်။ အများစုကတော့ ရန်ကုန်ပေါ့။ ကျွန်တော်ကတော့ လယ်ဆက်လုပ်ဖို့ပဲ ဆုံးဖြတ်ခဲ့တယ် ” တဲ့။
ဒါဟာ ဧရာဝတီတိုင်းအတွင်းက လယ်လုပ်သားတွေ လယ်ယာမြေတွေကို ကျောခိုင်းသွားခဲ့တဲ့ အချိုးအကွေ့တခုဖြစ်လာစေခဲ့ပါတယ်။
၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ ဧရာဝတီတိုင်းမှာ လူဦးရေ ၆ သန်းကျော်ရှိပြီး မြန်မာနိုင်ငံမှာ တတိယအများဆုံးသော လူဦးရေရှိတဲ့ ဒေသတခုဖြစ်သလို ကျေးလက်နေ လူဦးရေဟာ ၅ သန်းကျော်ရှိတယ်လို့ ဖော်ပြထားပါတယ်။ ဒါဟာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ကျေးလက်မှာနေထိုင် အလုပ်လုပ်ကိုင်သူ အမြင့်ဆုံး ဒေသတခုအဖြစ် ပြောနိုင်တဲ့ အချက်အလက်ပဲ ဖြစ်ပါတယ်။
ဧရာဝတီတိုင်းထဲက ကျေးလက်နေ လူတန်းစားတွေရဲ့ ၅၀ ရာခိုင်နူန်းနီးပါးဟာ လယ်ပိုင်ယာပိုင် မရှိကြပါဘူး။ ဒီအချက်ဟာ ဧရာဝတီတိုင်းမှာနေထိုင်တဲ့ လူဦးရေ တဝက်နီးပါးဟာ လယ်၊ ယာ၊ ကိုင်း၊ ရေလုပ်ငန်းစတာတွေမှာ လုပ်ကိုင်ကြတဲ့ အလုပ်သမားတွေလို့ တွက်ချက်နိုင်ပါတယ်။
၂၀၁၅ ခုနှစ်နောက်ပိုင်းမှာ သိသိသာသာကို ဒီလူဦးရေထဲက တချို့တဝက်ဟာ ရွေ့ပြောင်းအလုပ်သမားတွေ ဖြစ်လာခဲ့ကြပေမယ့် သူတို့ရဲ့ မိသားစုတွေကတော့ ဧရာဝတီတိုင်းထဲမှာပဲ ဆက်ရှိနေခဲ့ကြပါတယ်။
“စက်တွေနဲ့ လုပ်တယ်ဆိုပေမယ့် လူရဲ့လုပ်အားကို လိုတဲ့အချိန်တွေလည်း ရှိတယ်။ အသိသာဆုံးကတော့ ပစ္စည်းသယ်တာမျိုးတွေပေါ့။ အဲ့လိုအလုပ်တွေကျတော့ လူနဲ့လုပ်မှရတယ်။ အဲ့လိုအချိန်ကျ ရွာထဲက မြီးကောင်ပေါက်အရွယ် ကျောင်းသားတွေကို အားကိုးရတယ်။ အလုပ်သမား များများ မရှိဘူးလေ ” လို့ ဓနုဖြူမြို့နယ်၊ ကျုံအိတ်ကျေးရွာက လယ်သမားကြီးတဦးက ဆိုပါတယ်။
ဒီအခြေအနေကနေ ၂၀၁၉ – ၂၀၂၀ ကိုဗစ်ကူးစက်မှုတွေ ဖြစ်လာချိန်မှာတော့ ဧရာဝတီတိုင်းထဲကနေ ထွက်ခွာသွားခဲ့ကြသူတွေ မိသားစုဆီ ပြန်ရောက်လာခဲ့ကြပြီး “ အိမ်မှာနေထိုင်ရင်းဖြင့် ကိုဗစ်ရောဂါကို ကာကွယ်ခြင်း” နည်းလမ်းနဲ့ မိသားစုတွေ ပြန်ဆုံကြခဲ့သလို ဧရာဝတီတိုင်းက လယ်ယာလုပ်ငန်းခွင်တွေဟာ ပြန်လည် စည်ကားလာခဲ့တယ်လို့ သူက ပြောပြပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းလိုက်ချိန်မှာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြဖို့ လူငယ်တချို့ဟာ ဧရာဝတီတိုင်းကနေ ထွက်ခွာသွားခဲ့ကြပေမယ့် လယ်အလုပ်ကို ကျွမ်းကျွမ်းကျင်ကျင် လုပ်ကိုင်နိုင်ကြတဲ့ လူလတ်ပိုင်း အရွယ်တွေကတော့ ပြည်ပကို ပြန်ထွက်လို့ မရသေးတဲ့အချိန်မှာ လယ်လုပ်သားတွေ အဖြစ်လယ်ကွင်းတွေထဲကို ရောက်လာကြပြန်ပါတယ်။
ဒါပေမယ့် ဒါဟာလည်း အချိန်အကြာကြီး မခံခဲ့သလို ဒီလုပ်သားအင်အား အများကြီးကိုလည်း လယ်ယာလုပ်ငန်းတွေမှာ နေရာ မပေးနိုင်ခဲ့ဘူးလို့ ကိုသိန်းဆောင်က ဆိုပါတယ်။
“ ကျွန်တော်တို့က စက်နဲ့အများစုလုပ်ကြတော့ အချိန်တချို့ကလွဲရင် အလုပ်သမားက မလိုပြန်ဘူး။ ဒီတော့ အများစုက ထမင်းစားရေသောက် ဝိုင်းကူလုပ်ကြတာမျိုး ကျွန်တော်တို့ကလည်း ဧည့်ခံတာမျိုးလောက်ပဲ လုပ်ဖြစ်တော့တာ။ အလုပ်မရှိတော့ တခါပြန်ထွက်ကြရပြန်တာပေါ့ ” လို့ ရှင်းပြပါတယ်။
ကျုံပျော်မြို့နယ်၊ ရှားခဲအပိုင်ထဲက ကျေးရွာတခုမှာ နေထိုင်တယ် ဦးစိုးကြီးက “ အဆိုးဆုံးကတော့ ၂၀၂၄ နောက်ပိုင်းပေါ့ စစ်မှုထမ်း ဥပဒေထွက်လာတယ်။ ပေါ်တာတွေဆွဲတယ်။ ပြေးကြ ရှောင်ကြ။ တချို့ကျ PDF ဖြစ်၊ တချို့ကျ စစ်မှုထမ်းလိုက်ကြပေါ့။ အခုက ရွာမှာ လူငယ်ရော လူလတ်ပိုင်းရော မရှိကြတော့ဘူး ” လို့ ပြောပါတယ်။
၂၀၂၃ ခုနှစ်မှာ ထိုင်းကို အလုပ်သမားအဖြစ် သွားရောက်နိုင်မယ့် လမ်းကြောင်းတွေ ပြန်ပွင့်လာခဲ့သလို ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေဟာလည်း အရှိန်အဟုန်နဲ့ပြန်လည် လည်ပတ်လာခဲ့ချိန်၊ မြန်မာနိုင်ငံမှာလည်း စစ်ရေးအရှိန်တွေ မြင့်တက်နေပြီး လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်ခဲ့ကြသူတွေနဲ့ အားပေးထောက်ခံကြသူတွေကို စစ်ကောင်စီက ပစ်မှတ်ထားမှုတွေ၊ တင်းကြပ်မှုတွေ ရှိလာတာတွေဟာ ဧရာဝတီတိုင်းကိုလည်း ရိုက်ခတ်လာခဲ့ပါတယ်။
စစ်ကောင်စီက ကောက်ယူခဲ့တဲ့ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက်တွေမှာတော့ ဧရာဝတီတိုင်းမှာ ရာနူန်းပြည့်ကောက်ယူနိုင်ခဲ့တယ်လို့ ဆိုထားပြီး လူဦးရေ ၅ သန်း ၅ သိန်းကျော်ရှိတယ်လို့ ဖော်ပြထားပါတယ်။
ဒါဟာ ၂၀၁၄ ခုနှစ်ကထက်စာရင် လူဦးရေ ၇ သိန်းနီးပါး လျော့နည်းသွားခဲ့တာဖြစ်ပြီး ၁၀ စုနှစ်တခုစာ နှိုင်းယှဉ်ချက်တွေအရ လျော့နည်းသွားခဲ့သူ အများစုဟာ အသက် ၂၀ ကနေ ၄၀ ကြား အမျိုးသားတွေ ဖြစ်ကြပါတယ်။
ဒါအပြင် ကျေးရွာကြီးတွေနဲ့ မြို့ပြဆိုင်ရာ ဖော်ပြချက်တွေအရ အသေးစား၊ အလတ်စား လုပ်ငန်းလုပ်ကိုင်ကြသူတွေနဲ့ လယ်ပိုင်ရှင်တွေရဲ့ ရာခိုင်နူန်းတွေပါ လျော့ကျသွားခဲ့တာကို တွေ့ရပါတယ်။
လယ်ယာကဏ္ဍဆိုင်ရာ အချက်အလက်တွေအရလည်း ၂၀၂၃ ခုနှစ်နောက်ပိုင်းမှာ လယ်လုပ်သားရှားပါးမှုတွေအပြင် လယ်ယာလုပ်ကိုင်နိုင်မှု အခြေအနေတွေပါ ကျဆင်းလာခဲ့ပြီး လက်ရှိ ၂၀၂၅ – ၂၀၂၆ နွေစပါးရာသီမှာ ဧရာဝတီတိုင်းအတွင်းက နွေစပါးစိုက်ပျိုးနိုင်မှု ဧရိယာရဲ့ သုံးပုံ ၁ ပုံဟာ လုံးဝ လုပ်ကိုင်နိုင်ခြင်း မရှိတော့ကြောင်း စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေမှာ တွေ့မြင်နေရပါတယ်။
“အဓိက အကျဆုံးကတော့ စိုက်တိုင်းရှုံးဖြစ်လာတာပဲ။ နောက်စစ်မှုထမ်း ထောက်ပံ့ကြေးတွေ၊ တရားမဝင်ပေးနေရတဲ့ ငွေကြေးတွေ၊ မလိုအပ်ပဲ ကုန်ကျနေတဲ့ဟာတွေ၊ ကုန်ဈေးနူန်းက အဘက်ဘက်က မြင့်တက်လာပြီး ထွက်ကုန်တွေကျ ဈေးမရှိတာတွေ ” လို့ ကျုံအိတ်က လယ်သမားကြီးက ရှင်းပြပါတယ်။
သူကိုယ်တိုင်လည်း ဒီနွေစပါးမှာ အရှုံးကြီးမားခဲ့တာကြောင့် လယ်ရောင်းပြီး မလေးရှားနိုင်ငံမှာ အလုပ်သွားလုပ်ဖို့ စဉ်းစားထားတယ်လို့ ဆိုပါတယ်။
လယ်ပိုင်ရှင်တွေပါ လယ်ရောင်းပြီး ပြည်ပထွက်ဖို့ စဉ်းစားနေရတဲ့ အခြေအနေမှာ လယ်လုပ်သားတွေ အတွက်ကတော့ အလုပ်အကိုင် အခွင့်အလမ်းဟာ မှုန်ပြလွန်းလှပါတယ်။ ဒါဟာ ဧရာဝတီတိုင်းအတွင်းက ပကတိ အခြေအနေတွေပဲ ဖြစ်တယ်လို့ ကိုသိန်းဆောင်က ပြောပါတယ်။
လယ်အလုပ်လုပ်ရင်း သက်ဆိုင်ရာ ပွဲတော်တွေကို မိသားစုနဲ့အတူတူ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေနဲ့ အတူတူဖြတ်သန်းခွင့်ရှိတဲ့ လယ်သမားဘဝ၊ လယ်လုပ်သားတွေအတွက် မေဒေး ဆိုတာဟာ ထူးခြားတဲ့ နေ့တခုတော့ မဟုတ်ခဲ့ပါဘူး။
ဒါကြောင့်လည်း မေဒေးလို့ ဆိုလိုက်တိုင်း လယ်ယာလုပ်ငန်းခွင်ထဲက တနည်းအားဖြင့် ဧရာဝတီတိုင်းအတွင်းမှာ ရှိနေတဲ့ လုပ်သားတွေကို အများစုဟာ မေ့လျော့နေတတ်ခဲ့ကြပါတယ်။ ဒါနဲ့တဆက်တည်းမှာပဲ လယ်ယာလုပ်ငန်းခွင်ထဲကလူတွေ ဘာတွေဖြစ်ကုန်ကြပြီလဲဆိုတာကိုပါ သတိမမူမိကြတော့ပါဘူး။
ဒီအခြေအနေကို ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ ထွက်ရှိလာတဲ့ အလုပ်သမားရေး တက်ကြွလှုပ်ရှားကြသူတွေရဲ့ ထုတ်ပြန်ချက်တွေကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။ သူတို့ရဲ့ ထုတ်ပြန်ချက်တွေမှာ လယ်ယာကဏ္ဍအပိုင်း ပါဝင်မှုဟာ မရှိသလောက်ကို ရှားပါးလှပါတယ်။
လယ်ယာစိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြတဲ့ ဧရာဝတီတိုင်းထဲက လူဦးရေ ၇ သိန်းကျော်ဆိုတဲ့ ကိန်းဂဏာန်းဟာ ဆက်ပြိးလျစ်လျူရှုသင့်တဲ့ အရေအတွက်တော့ မဖြစ်နိုင်တော့ပါဘူး။
ကိုသိန်းဆောင်ကတော့ “ နိုင်ငံရေးကြောင့်၊ ရပ်တည်ရေးကြောင့်၊ စားဝတ်နေရေးကြောင့် စတဲ့အကြောင်းတွေနဲ့ ကျွန်တော်တို့က ကိုယ့်နိုင်ငံက လယ်ယာတွေကို စွန့်ခွာပြီး ဒီမှာ(ထိုင်း) လယ်လာလုပ်နေရတယ် ” လို့ ပြောပါတယ်။