နိုင်ငံပြင်ပမှာ ခေါင်းချရတာ လွယ်သလား

“ဖြစ်နိုင်ရင်တော့ ကိုယ့်ရွာမှာပဲ ကိုယ်ပြန်သေချင်တယ်။ ဒီမှာ ကျွန်တော် ဒီလိုလုပ်နေတယ်ဆိုတာ နေရပ်မပြန်နိုင်တဲ့သူတွေ လူလိုသေခွင့် ရနိုင်ဖို့ပဲ”လို့ ဦးကြည်နိုင်က သူ့ရဲ့ ဆန္ဒကို ပြောပါတယ်။

၈ ဧပြီလ။

ဒီဆောင်းပါးကို HaRDstories နဲ့ Delta News Agency တို့ ပူပေါင်းရေးသားပြီး Canada Fund for Local Initiatives ရဲ့ပံ့ပိုးမှုနဲ့ တင်ဆက်ပါတယ်။

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက် မွန်းလွှဲပိုင်း အချိန်မှာ မယ်ကုနွဲ့ နာရေးကူညီမှုအသင်းဆိုတဲ့ မက်ဆင်ဂျာဂရုထဲကို စာတိုလေး တကြောင်းဝင်လာပါတယ်။

“ဖလက်ရှ်ထဲမှာနေတဲ့ မစိုးရဲ့ ယောက်ခမကြီး ဆုံးသွားပါပြီ”

မယ်ကုနွဲ့ကျေးရွာဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ထဲမှာ ရှိတာပါ။ ဖလက်ရှ်ဆိုတာကတော့ မယ်ကုနွဲ့ကျေးရွာထဲက ရပ်ကွက်တခုပါ။ မစိုးဆိုတာကတော့ မယ်ကုနွဲ့ နာရေးကူညီမှု အသင်းက တာဝန်ရှိသူ တဦးပါ။

စာဝင်လာပြီးနောက်မှာပဲ ဂရုထဲမှာရှိနေတဲ့ လူ ၇ ဦးဟာ ရုပ်အလောင်းကို ရေမိုးချိုး ပြင်ဆင်ကြဖို့၊ သက်ဆိုင်ရာ ထိုင်းလူမှုအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ဖို့၊ နာရေးမှာလိုအပ်တဲ့ ကုလားဖျင်းနဲ့ ရေခဲအခေါင်းတွေကို ဘုန်းတော်ကြီးကျောင်းကနေ အကူညီတောင်းဖို့ စသဖြင့်နာရေးအခမ်းအနား ပြုလုပ်ကြဖို့အတွက် တာဝန်တွေ ခွဲဝေကြပါတော့တယ်။

ပြီးတော့ မိခင်အသင်းအဖွဲ့ဖြစ်တဲ့ မဲဆောက် နာရေးကူညီမှုအသင်း (MSWG)က တာဝန်ရှိသူတွေကို အကြောင်းကြားကြပါတယ်။

မယ်ကုနွဲ့ နာရေးကူညီမှုဆိုတာဟာ မဲဆောက် နာရေးကူညီမှုအသင်း (MSWG)အောက်ကနေ အသင်းလက်တက်လေး တခုဖြစ်ပါတယ်။ MSWG က မဲဆောက်တမြို့လုံးက ကိစ္စတွေကို ဆောင်ရွက်ပြီး မယ်ကုနွဲ့အသင်းလိုမျိုး အခြားသော မယ်တောင်တိုက်၊ ဘတ်နှစ်ရာ၊ ဟုန်ဖိုင်၊ ဘတ်စံ၊ မူဟုတ် စတဲ့ကျေးရွာတွေက နာရေးကူညီမှု အသင်းလေးတွေကတော့ သက်ဆိုင်ရာ ကျေးရွာက နာရေးဆိုင်ရာ ကိစ္စတွေကို MSWG နဲ့ပေါင်းပြီး လုပ်ကိုင်ကြပါတယ်။

ပုံမှန်အားဖြင့်တော့ ကျေးရွာကအဖွဲ့ဝင်တွေဟာ MSWG ရဲ့ အသင်းသားတွေပဲဖြစ်ကြပါတယ်။

“ မစိုးတို့က ကိုယ့်ရွာနဲ့ကိုယ်ဆိုတော့ နာရေးတခုဖြစ်ရင် ဘယ်သူ့ကိုပြောရမယ် ဘာကိုစလုပ်ရမယ်ဆိုတာကို သိနေတာပေါ့။ MSWG က တော့ အခေါင်းရဖို့တို့ မိသားစုကို ထောက်ပံ့ကြေးပေးဖို့တို့ စတာတွေကို လုပ်တာပေါ့ ” လို့ MSWG မှာရော မယ်ကုနွဲ့အသင်းမှာရော တာဝန်ရှိသူတဦးဖြစ်တဲ့ မစိုးက ရှင်းပြပါတယ်။

မဲဆောက်မှာ မြန်မာရွေ့ပြောင်းတွေထဲ ကွယ်လွန်သူတဦးရှိလာရင် ဘာသာစကားအခက်အခဲ၊ ငွေကြေးအခက်အခဲနဲ့ တရားဝင်နေထိုင်သူ ဖြစ်ခြင်း မဖြစ်ခြင်းတွေက နာရေးလုပ်ဆောင်ရဖို့အတွက် ခက်ခဲတဲ့ အခြေအနေကို ဖြစ်လာစေပါတယ်။

“ အဓိက လက်လုပ်လက်စား သမားတွေ၊ စိုက်ပျိုးရေးသမားတွေ၊ လယ်တွေထဲမှာနေကြရသူတွေမှာ နာရေးဖြစ်လာရင် တကယ်ခက်ခဲကြတယ် ” လို့ MSWG ရဲ့ ဥက္ကဌဖြစ်သူ ကိုဝင်းဇော်ဦးက ဆိုပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်ရှေ့ဘက်ပိုင်းတွေမှာ ရွေ့ပြောင်းအလုပ်သမားတဦးရဲ့ တနေ့လုပ်အားခဟာ ဘတ် ၆၀ ပဲရှိခဲ့ပေမယ့် နာရေးဖြစ်တဲ့အခါ အရေးတကြီးလိုအပ်တဲ့ အခေါင်းဟာ အနိမ့်ဆုံး ဘတ် ၂၀၀၀ မှာရှိနေခဲ့တာပါ။

ဒါအပြင် စာရွက်စာတမ်းဆိုင်ရာ ကိစ္စရပ်တွေကို မလုပ်တတ်ကြတဲ့အခါ ထိုင်းနာရေးကူညီမှုအသင်း Thai Health Promotion Foundationနဲ့ ထိုင်းအာဏာပိုင်တွေက တာဝန်ယူပြီး နာရေး သင်္ဂြိုလ်ပေးရတဲ့ အခြေအနေတွေ ရှိခဲ့တာပါ။

“ သေဆုံးသွားတဲ့ မိသားစုဝင်ကို နောက်ဆုံးအကြိမ် နူတ်ဆက်ခွင့်တောင် မရခဲ့ကြတဲ့ အချိန်တွေပေါ့ ” လို့ MSWG ရဲ့ မယ်ကုနွဲ့ တာဝန်ခံဖြစ်သလို မယ်ကုနွဲ့ နာရေးကူညီမှုအသင်းရဲ့ တာဝန်ရှိသူလည်း ဖြစ်တဲ့ ဦးညိုက ဆိုပါတယ်။

ဒီလိုနဲ့ နာရေးရှင်တွေဟာ သူတို့ရဲ့ မိသားစုဝင်တွေကို နောက်ဆုံးအကြိမ်တောင် မမြင်တွေ့လိုက်ရပဲ လက်လွှတ်လိုက်ရတာတွေ၊ မိသားစုတွေ မပါပဲ တကိုယ်တည်း အလုပ်လာရောက် လုပ်ကိုင်ကြသူတွေဟာ မိသားစုဝင်တွေ မသိပဲ ဆုံးပါးသွားခဲ့ရတာတွေ၊ သေဆုံးသူတွေဟာ အမည်မသိ စာရင်းမရှိဖြစ်နေတာကို ဖြေရှင်းဖို့ ဆိုပြီး မြန်မာရွေ့ပြောင်းအလုပ်သမားတွေဟာ နီးစပ်ရာစုစည်းပြီး နာရေးကူညီမှု အသင်းလေးတွေ ဖွဲ့စည်းခဲ့ကြပါတယ်။

🔹 တလကို ဘတ် ၂၀

“ ကျွန်တော်တို့က ၂၀၁၂ မှစတာ ကျွန်တော်တို့ထက်စောတဲ့ အဖွဲ့တွေရှိတယ်။ဒါပေမယ့် အဲဒီအဖွဲ့တွေက မြို့ထဲလောက်ပဲ လုပ်နိုင်ကြတယ်။ ရွာတွေဘက်မှာရှိနေတဲ့ စိုက်ပျိုးရေး လုပ်သားတွေအထိ လိုက်မလုပ်ပေးနိုင်ကြတာနဲ့ ကျွန်တော်တို့ ဖြစ်လာတယ်ပေါ့ ” လို့ MSWG ကိုစတင်တည်ထောင်သူလည်းဖြစ် လက်ရှိ ဥက္ကဌလည်းဖြစ်တဲ့ ကိုဝင်းဇော်ဦးက ရှင်းပြပါတယ်။

MSWG ကို စတင်ဖွဲ့စည်းကတည်းက နာရေးဆိုင်ရာ ကိစ္စရပ်တွေကို ကူညီနိုင်ဖို့အပြင် ကျန်ရစ်သူမိသားစုကိုပါ ထောက်ပံ့မှုတွေလုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ပြီး ထိုင်းအဖွဲ့အစည်း Thai Health Promotion Foundationရဲ့ လမ်းညွှန်မှုနဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

အဖွဲ့ဝင်တွေရဲ့ လစဉ်ကြေးတွေနဲ့ နာရေးတခုဖြစ်တဲ့အခါထည့်ဝင်ရတဲ့ သတ်မှတ်နူန်းထားတွေဟာ နာရေးရှင်တွေအတွက်တော့ အပူတခုအေးစရာဖြစ်လာပါတယ်။

“ အသင်းဝင်တွေ နာရေးဖြစ်တဲ့အခါ ငွေမရှိလို့ နာရေးမလုပ်လိုက်နိုင်ဘူး ဆိုတာမျိုးတွေလည်း မဖြစ်တော့ဘူးပေါ့ ” လို့ ဦးညိုက ဆိုပါတယ်။

စည်းကမ်းချက်တွေအရ မိသားစုတစုမှာ မိသားစုဝင် ဘယ်နှဦးရှိပါစေ မိသားစုတစုကို အသင်းဝင်ကြေး တလကို ဘတ် ၂၀ ထည့်ရပြီး နာရေးတခုဖြစ်တဲ့အခါ မိသားစုတစုကို ၁၀ ဘတ်စီထည့်ဝင်ကြရပါတယ်။ ဒီထည့်ဝင်ကြေးတွေကနေတဆင့် အိမ်ထောင်ဦးစီးဖြစ်သူ ကွယ်လွန်ခဲ့ရင် ဘတ် ၁၀၀၀၀ နဲ့ မိသားစုဝင်ထဲက ကွယ်လွန်ခဲ့ရင် ဘတ် ၅၀၀၀ ငွေသားသီးသန့်ထောက်ပံ့ကြေး ပေးကြပါတယ်။

အရင်ကတည်းက လူတဦးရဲ့ နာရေးစရိတ်ဟာ ဆေးရုံမှာထားမယ်ဆို အနိမ့်ဆုံး ဘတ် ၁၀၀၀၊ သေစာရင်းထုတ်ဖို့ ဘတ် ၁၀၀၀၊ အခေါင်းဖိုး အနည်းဆုံး ဘတ် ၂၀၀၀၊ အလောင်းသယ်ဖို့ ဆီဖိုးအပါအဝင် ကုန်ကျစရိတ် အနည်းဆုံး ဘတ် ၁၀၀၀၊ သင်္ဂြိုလ်ခ အနည်းဆုံး ဘတ် ၂၀၀၀၊ ထင်းဖိုး ဘတ် ၁၀၀၀ ဆိုတာ အနည်းဆုံး ကုန်ကျစရိတ်တွေဖြစ်ပါတယ်။

မဲဆောက်မှာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆောက်လုပ်ရေးနဲ့ ဘောက်လုပ်ကြရတဲ့ မြန်မာရွေ့ပြောင်းတွေရဲ့ တလ ဝင်ငွေဟာ ဘတ် ၂၀၀၀ ဝန်းကျင်သာရှိခဲ့ပါတယ်။ ဒါကြောင့် MSWG ပေါ်လာခဲ့တဲ့ ၂၀၁၂ – ၂၀၁၅ ကာလတွေမှာ စာရွက်စာတမ်းနဲ့ ရုံးကိစ္စတွေကို အသင်းကနေ ကူညီပေးတာတောင် သင်္ဂြိုလ်စရိတ် မတတ်နိုင်လို့ သေဆုံးမှုကို အကြောင်းမကြားတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ဖူးပါတယ်။

ယခုအချိန်မှာတော့ သင်္ဂြိုလ်ဖို့လုပ်ငန်းစဉ်တွေအတွက် ကုန်ကျစရိတ်ဟာ စုစုပေါင်း ဘတ် ၂၅၀၀ သာကုန်ကျဖို့ MSWG ကနေ စီစဉ်ဆောင်ရွက်မှုတွေ ပြုလုပ်ထားကြပါတယ်။

ဒါအပြင် အသင်းဝင်မဟုတ်တဲ့ သူတွေရဲ့ နာရေးတွေကိုပါ ဒီလောက်ကုန်ကျစရိတ်နဲ့ ရနိုင်အောင် မြေကျနိုင်အောင် ကူညီပေးနိုင်ဖို့ကိုလည်း ကြိုးစားနေကြပါတယ်။

“ အခုယောက်ခမက မှီခိုဆိုတော့ ၅ ထောင်ရတယ်။ အခေါင်းကိုက အသင်းကနေတဆင့် ထိုင်းအဖွဲ့တွေကို အကူညီတောင်းပြီးရတယ်။ အသင်းကားနဲ့ပဲ နာရေးကိစ္စတွေကို လုပ်တယ်ဆိုတော့ ကုန်ကျစရိတ်က အများကြီးလျော့သွားတယ် ” လို့ မစိုးက ပြောပါတယ်။

🔹 မယ်ကုနွဲ့ သုသာန်

မယ်ကုနွဲ့ရှိ မြန်မာရွှေ့ပြောင်းနေထိုင်သူတွေအတွက် သီးသန့်သတ်မှတ်ထားတဲ့ သုသာန်လေးမှာ ရုပ်အလောင်းတစ်ခုကို သင်္ဂြိုဟ်နေပါတယ်။ နိမ့်ပါးတဲ့ အမိုးအောက်မှာ ထင်းတွေပုံထားတဲ့ အပေါ်မှာ သေဆုံးသူရဲ့ သက်မဲ့ကိုယ်ခန္ဓာကို သစ်ပွသားခေါင်းနဲ့ အတူတင်ပြီး မီးရှို့လိုက်ချိန်မှာ မိခင်ဖြစ်သူက ဝမ်းပန်းတနည်း ရှိုက်ငင် ငိုကြွေးနေပါတယ်။
အမိုးနီနီလေးအောက်ကနေ မီးခိုးလုံးတွေ အလိပ်လိုက်ထွက်လာပြီးနောက်မှာ ဓာတ်ဆီလောင်းထားတဲ့ ထင်းပုံကြီးက ထွက်လာတဲ့ မီးညွန့်တွေကြောင့် နာရေးလိုက်ပို့သူတွေက ခပ်လှမ်းလှမ်းကနေ ရပ်ကြည့်နေရပါတယ်။ အနီးအနားမှာ နာရေးကူညီမှုအသင်း တံဆိပ်ပါ အင်္ကျီတွေဝတ်ဆင်ထားတဲ့ စေတနာ့ဝန်ထမ်းတွေက မီးကိုစနစ်တကျဖြစ်စေရန် ငြိမ်သက်စွာ လုပ်ကိုင်ပေးနေကြပါတယ်။
မယ်ကုနွဲ့မှာ ဆယ်စုနှစ်ပေါင်းများစွာ နေထိုင်လာတဲ့ အသက် ၅၅ နှစ်အရွယ် ဦးကြည်နိုင်ဟာ သုသာန်ရဲ့ သုဘရာဇာ တဦးဖြစ်ပါတယ်။ ဒီသုသာန် ဖြစ်မြောက်လာဖို့အတွက် အနှစ်နှစ်ဆယ်တိုင်တိုင် သူကြိုးပမ်းခဲ့ရတာပါ။

သူဟာ မယ်ကုနွဲ့ရွာ၊ ရပ်ကွက် ၁၁ မှာ နေထိုင်နေခဲ့တာ နှစ်ပေါင်း ၃၀ နီးပါး ရှိနေခဲ့ပြီဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်တုန်းက သမီးဦးကို ဆုံးရှုံးခဲ့ရသူ တဦးပါ။

၅ နှစ်ကျော်အရွယ် သမီးလေးရဲ့ နာရေးကို လူ့သိက္ခာတရားနဲ့အညီ သဂြိုလ်နိုင်ဖို့ကို သူ့ရဲ့ သူဌေးဖြစ်သူ ထိုင်းနိုင်ငံသားနဲ့အတူ ရုန်းကန်ကြိုးစားခဲ့ရတယ်လို့ ဆိုပါတယ်။ဒါပေမယ့် ဒီနာရေး ပြီးဆုံးချိန်မှာ ၂၀၀၅ ခုနှစ်က ငွေကြေးအတိုင်းအတာနဲ့ ဘတ် ၂ သောင်းနီးပါး ကုန်ကျခဲ့ရပြီး အကြွေးတွေတင်ခဲ့ပါတယ်။

ဒီငွေကြေးဟာ လယ်အလုပ်သမားအဖြစ် လုပ်ကိုင်နေတဲ့ သူ့အတွက် အဲ့ဒီအချိန်က သူ့ရဲ့လုပ်အားခ တနှစ်စာနီးပါး ရှိပါတယ်။

အဲ့ဒီအတွေ့အကြုံဟာ ဦးကြည်နိုင်အတွက် ဘယ်တော့မှ မမေ့နိုင်ခဲ့ပါဘူး။

ဦးကြည်နိုင်နဲ့အတူ စိတ်တူကိုယ်တူ ကြိုးစားခဲ့ကြသူတွေထဲမှာ ဌာနေထိုင်းလူမျိုးတွေလည်း ပါခဲ့ပြီး၊ အခုချိန်မှာ ကွယ်လွန်သွားကြသူတွေလည်း ရှိခဲ့သလို ဦးကြည်နိုင်ကတော့ မြန်မာတွေကို သဂြိုလ်နိုင်မယ့် သုဿာန်လေးတခု ရလာဖို့ နှစ်ပေါင်း ၂၀ ကျော် ဆက်တိုက်ပါဝင်ခဲ့ပါတယ်။၂၀၂၂ ခုနှစ်မှာ ဒီသုဿာန် စတင်တည်ဆောက်ဖို့ ခွင့်ပြုချက်ရခဲ့ပါတယ်။

အလှူရှင် ၂၀ ရဲ့အားနဲ့ စတင်ခဲ့ပြီးတဲ့နောက်မှာတော့ ဘတ် ၃ သိန်းဝန်းကျင် ကုန်ကျခဲ့တဲ့ မီးသဂြိုလ်ဖို့ နေရာနဲ့ တရားနာဖို့ ဇရပ်ဆောင်လေးဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှာ ရေစက်ချ အပြီးသတ်နိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။အဲ့ဒီ အချိန်ကစပြီး လွန်ခဲ့တဲ့ ၃ နှစ်အတွင်း မယ်ကုနွဲ့သုသာန်မှာ ဦးကြည်နိုင်ဟာ နာရေးအခမ်းအနား ၃၀ ထက်မနည်းကို ကြီးကြပ်ကူညီပေးခဲ့ပါတယ်။

“ထိုင်းအုပ်ချုပ်ရေးအဖွဲ့က ၁၀ ယောက်နဲ့ ကျွန်တော်တို့ ဒီသချိုင်းကို တာဝန်ခံမယ့် မြန်မာ ၁၀ ယောက် သဘောတူညီချက် စည်းကမ်းတွေ လက်မှတ်ထိုးပြီးတော့ စသုံးခွင့်ရတာပဲ ” လို့ ဦးကြည်နိုင်က ပြောပြပါတယ်။

ဒီသဘောတူညီချက်အရ ဦးကြည်နိုင်ဟာ ဒီသုဿာန်နဲ့ ပတ်သက်တဲ့ ကိစ္စအဝဝကို တာဝန်ခံရမယ့်သူ ဖြစ်လာပါတယ်။ သူကိုယ်တိုင်ကလည်း နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်းမှာ နာရေးပေါင်း ၃၀ ကျော်ကို ကူညီဆောင်ရွက် ပေးခဲ့သူ ဖြစ်တာကြောင့် ဒီတာဝန်ကို ကျေကျေနပ်နပ် လက်ခံခဲ့တယ်လို့ ပြောပါတယ်။

“ဒီသုံးနှစ်မှာ နာရေးချရတာ အများကြီး သက်သာလွယ်ကူ သွားခဲ့တယ်။ ကျွန်တော်တို့ကို ဒီလို လုပ်ကိုင်ခွင့်ပေးခဲ့တဲ့ အုပ်ချုပ်ရေးပိုင်းက လူကြီးတွေကို ကျေးဇူးအမြဲတင်ပါတယ် ”

🔹 ဖြေးဖြေးချင်းတည်ဆောက်လာရတဲ့ ယုံကြည်မှုနဲ့ စိန်ခေါ်ချက်တွေ

MSWG တည်ရှိလာတဲ့ ၁၂ နှစ်ကျော်ကာလအတွင်းမှာ နာရေးပေါင်း ၆၀၀ နီးပါးကို စီစဉ်မှတ်တမ်းတင် ပေးနိုင်ခဲ့ပြီး အသင်းဝင်ကြေးတွေကတဆင့် နာရေးရှင်တွေကို ပြန်လည်ထောက်ပံ့တာတွေကိုလည်း လုပ်ပေးနိုင်ခဲ့ကြပါတယ်။

၂၀၂၅ – ၂၀၂၆ ခုနှစ်တွေဟာ လူ့အဖွဲ့အစည်းနှစ်ခုရဲ့ ပွတ်တိုက်မှုတွေကြောင့် ထိုင်းရော မြန်မာရွေ့ပြောင်းတွေပါ သတိကြီးကြီးနဲ့ နေထိုင်နေရတဲ့ နှစ်တွေဖြစ်လာပါတယ်။

ဒါပေမယ့် တဖက်မှာလည်း မြန်မာရွေ့ပြောင်းတွေဟာ ထိုင်းလူမှုအဖွဲ့အစည်းတွေနဲ့ သဟဇာတဖြစ်ဖို့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ဖို့ကို တွေးတောပြီး မြန်မာအသိုင်းအဝိုင်းက လုပ်ဆောင်ဖို့ လိုအပ်နေတာတွေကို တထောင့်တနေရာကနေ ဝင်ရောက်လုပ်ဆောင်နေကြပါတယ်။

“ နာရေး ၆၀၀ ဆိုတာ မိသားစု ၆၀၀ ရဲ့ နာရေးဆိုင်ရာ ပူပန်မှုတွေကို လျော့ချပေးတာဖြစ်သလို ထိုင်းအစိုးရ ထိုင်းအဖွဲ့အစည်းတွေရဲ့ မြန်မာနဲ့ဆိုင်တဲ့ ဝန်ပေါင်း ၆၀၀ ကို ဝိုင်းဝန်းဖြေရှင်းပေးတဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ် ” လို့ ကိုဝင်းဇော်ဦးက ဆိုပါတယ်။

ကိုဝင်းဇော်ဦးကတော့ ထိုင်းရောက်မြန်မာတွေ အနေနဲ့ အထူးသဖြင့် မဲဆောက်မှာနေထိုင်ကြတဲ့ မြန်မာတွေအနေနဲ့ အတိတ်က ခက်ခဲခဲ့တဲ့ အခြေအနေတွေဆီကို ပြန်ရောက်သွားစေတဲ့ အပြုအမူ အပြောအဆိုတွေနဲ့ မခံချင်စိတ်တွေအစား တိုးတက်လာတဲ့ လူမှုအသိုင်းအဝိုင်းနှစ်ခုကို မြင်အောင်ကြည့်ပြီး ရှေ့ဆက်ကြဖို့လိုတယ်လို့ အကြံပြုထားပါတယ်။

တကယ်တော့ ဒီလိုမျိုး ဒေသခံ ထိုင်းအဖွဲ့အစည်းတွေ၊ အာဏာပိုင်တွေနဲ့ အဆင်ပြေပြေဖြစ်ဖို့အတွက်ဟာ ဒီတိုင်းဖြစ်လာခဲ့တာတော့ မဟုတ်ပါဘူး။

“ကွန်မြူနတီ နှစ်ခု ထိုင်းနဲ့ မြန်မာပေါ့ ဒီနှစ်ခုက အတူရှိနေပေမယ့် အများကြီး မထိစပ်ကြဘူး။ ဒီတော့ ကျွန်တော်တို့ကအရင် ထိုင်းလူမှုရေး လုပ်ငန်းတွေမှာ ပါဝင်ပြီးတော့ ထိစပ်နိုင်ဖို့ စတင်ခဲ့ကြတယ် ” လို့ ဦးညိုက ပြောပါတယ်။

ဒါကြောင့် သက်ဆိုင်ရာ ကျေးရွာတွေအလိုက် နီးစပ်ရာ လူမှုကူညီရေး စိတ်ဓာတ်ရှိသူတွေ စုပေါင်းပြီး ကိုယ်နေထိုင်ရာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာ မြန်မာရွေ့ပြောင်းတွေ အနေနဲ့ ပါဝင်ခဲ့ကူညီတာတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဒါအပြင် MSWG ထဲမှာရှိနေတဲ့ မိသားစုပေါင်း ၈၀၀ နီးပါး လူအားဖြင့် ၅၀၀၀ ဝန်းကျင်ဟာလည်း သူတိူ့နေထိုင်ရာ ရပ်ကွက်၊ကျေးရွာတွေရဲ့ သာရေး၊ နာရေး၊ လူမှုရေး လုပ်ငန်းတွေမှာ ပါဝင်ကြတာ၊ ကထိန်လိုမျိုး တူညီတဲ့ ဘာသာရေးပွဲတွေမှာ အလှူအတန်း ပါဝင်ကြတာတွေ ပြုလုပ်ပြီး ဒေသနဲ့တသားတည်းကျ အောင်နေထိုင်ခဲ့ကြပါတယ်။

“ဖြစ်နိုင်ရင်တော့ ကိုယ့်ရွာမှာပဲ ကိုယ်ပြန်သေချင်တယ်။ ဒီမှာ ကျွန်တော် ဒီလိုလုပ်နေတယ်ဆိုတာ နေရပ်မပြန်နိုင်တဲ့သူတွေ လူလိုသေခွင့် ရနိုင်ဖို့ပဲ”လို့ ဦးကြည်နိုင်က သူ့ရဲ့ ဆန္ဒကို ပြောပါတယ်။

#LabourRights #Myanmar #MigrantWorkers #CanadaFun #CanadafundinThailand.
@canadainthailand
#HaRDstories, @hrdstories
#DeltaNewsAgency #DNA
@deltanewsagency