မယ်လဒုက္ခသည် စခန်းမှာ အမေရိကန်အထောက်အပံ့တွေ ဖြတ်တောက်ခံရအပြီး တနှစ်အကြာ


“ငါတို့ နောက်ဆုံး ဘာမှမရရင်တော့ သေမယ့်နေ့ကိုပဲ မျှော်လင့်စောင့်နေရမလားတောင် တွေးမိတဲ့ အခြေအနေထိ ရောက်နေတာပါပဲ”

၂၂၊ မတ်လ။

ဒီဆောင်းပါးကို HaRDstories နဲ့ Delta News Agency တို့ ပူပေါင်းရေးသားပြီး Canada Fund for Local Initiatives ရဲ့ ပံ့ပိုးမှုနဲ့ တင်ဆက်ပါတယ်။

“နာတာရှည် ဝေဒနာရှင်တွေအတွက်တော့ ဆေးအနည်းငယ် ရသေးတယ်။ အတီးက ဆီးချို ဖြစ်တယ်။ ဒူးနာတဲ့ ဝေဒနာရှိတယ်ဆိုတော့ နာတာ ရှည်ထဲမှာ ပါတာ။ ဒါပေမဲ့ ဒါက အသက်ဆက်ဖို့လောက်ပဲ ရတာပါ။ တခုခု အရေးပေါ်ဖြစ်လာရင်တော့ ဘယ်သူမှ မတတ်နိုင်တော့ဘူး၊ အဲဒီအခါကျရင်တော့ ကိုယ့်အစီအစဉ်နဲ့ကိုယ်ပဲ လမ်းရှာရမှာပါ”

ထိုင်း-မြန်မာနယ်စပ်က မယ်လဒုက္ခသည်စခန်းထဲမှာ နှစ်ပေါင်း ၂၀ နီးပါးနေထိုင်နေတဲ့ အသက် ၇၀ အရွယ် ကရင်အဘိုး ခက်ရဲ့ ညည်းတွားသံပဲဖြစ်ပါတယ်။

၂၀၂၆ ခုနှစ်ထဲကို ရောက်လာတဲ့အခါမှာ နယ်စပ်တလျှောက်က ဒုက္ခသည်စခန်းတွေရဲ့အခြေအနေဟာ အရင်ကထက် ပိုမိုဆိုးရွားတဲ့ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။

အထူးသဖြင့် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေရဲ့ မူဝါဒအပြောင်းအလဲနဲ့အတူ နိုင်ငံတကာအထောက်အပံ့ ရန်ပုံငွေတွေ လျော့နည်းလာမှုဟာ ဒုက္ခသည်စခန်းတွေရဲ့ အသက်သွေးကြောကို ဖြတ်တောက်လိုက်သလို ဖြစ်နေပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အစိုးရသစ် တက်လာပြီးနောက်ပိုင်း နိုင်ငံတကာ အကူအညီပေးရေး ရန်ပုံငွေတွေ ဖြတ်တောက်ခြင်းရဲ့ ရိုက်ခတ်မှုဟာ စခန်းအတွင်းက လူပေါင်းများစွာရဲ့ ရှင်သန်ရေးကို ဗြုန်းခနဲ ပြောင်းလဲသွားစေခဲ့ပါတယ်။

မယ်လ အပါအဝင် နယ်စပ်တလျောက်ရှိ ဒုက္ခသည်စခန်း ၉ခုမှာ လူပေါင်း ၁သိန်းလောက် ရှိနေပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး နယ်စပ်ဒေသ ကူညီစောင့်ရှောက်ရေး ညွန့်ပေါင်းအဖွဲ့ (TBC) အပါအဝင် အကူအညီပေးရေး အဖွဲ့အစည်းတွေကလည်း အခက်အခဲကြီးစွာ ရင်ဆိုင်နေရကြောင်း သိရပါတယ်။

🔹 ဆန်ပြုတ်နဲ့ အသက်ဆက်ရတော့မယ့် ရိက္ခာအကျပ်အတည်း
——————-

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး မယ်လဒုက္ခသည်စခန်းအတွင်းမှာ ရိက္ခာထောက်ပံ့မှုတွေဟာ အရင်ကထက် သိသိသာသာ လျော့နည်းသွားခဲ့ပါတယ်။

အရင်က ရိက္ခာပုံမှန်ရနေတဲ့ (Standard) အဖြစ်သတ်မှတ်ထားတဲ့ အုပ်စုဝင်တွေဟာ အခုဆိုရင် ဘာရိက္ခာမှ မရတော့တဲ့ အခြေအနေကို ရင်ဆိုင်နေရတာပါ။

“အခုအချိန်မှာတောင် ကျွန်မတို့ တော်တော်လေးကိုတချို့ဆို ဆန်ပြုတ်ကိုပဲ စားတဲ့ အဆင့်တောင်ရောက်နေပြီ” လို့ စခန်းနေ အသက် ၄၀ အရွယ် အမျိုးသမီး နော်အဲလာက ဆိုပါတယ်။

“ဆန်ကုန်သွားမှာ စိုးလို့ ဆန်ကို ဆန်ပြုတ်လိုမျိုးပဲ ပြန်ပြုတ်စားနေရတယ်” လို့ သူကဆက်ပြီး ပြောပြပါတယ်။

နယ်စပ်ဒေသ ကူညီစောင့်ရှောက်ရေး ညွန့်ပေါင်းအဖွဲ့ (TBC) ကတော့ DNA ရဲ့ အီးမေးလ်ကတဆင့် မေးမြန်းမှုမှာ ရန်ပုံငွေ ဖြတ်တောက်ခံရမှုဟာ အဖွဲ့အစည်းအပေါ် အကြီးအကျယ် သက်ရောက်မှု ရှိနေကြောင်း အတည်ပြုပါတယ်။

“အဲဒီရဲ့ တိုက်ရိုက်အကျိုးဆက်အနေနဲ့ TBC ဟာ စခန်းအတွင်းရှိ လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းကျော်ရှိတဲ့ စတန်းဒတ်အိမ်ထောင်စုတွေကို စားနပ်ရိက္ခာ အကူအညီ ဆက်မပေးနိုင်တော့ပါဘူး” လို့ ဆိုပါတယ်။

ဒါဟာ အလွန်ခက်ခဲတဲ့ ဆုံးဖြတ်ချက်တခုဖြစ်ပေမဲ့ အရင်းအမြစ် နည်းပါးသွားတဲ့အတွက် အမှန်တကယ် လိုအပ်သူတွေကိုပဲ ဦးစားပေးနေရတာလို့ ရှင်းပြပါတယ်။

လက်ရှိမှာတော့ ပြင်ပမှာ အလုပ်မလုပ်နိုင်ဘဲ ရိက္ခာကိုပဲ မှီခိုနေရတဲ့ အလွန် ထိခိုက်လွယ်သူ (MV- Most Vulnerable) နဲ့ “ထိခိုက်လွယ်သူ (V- Vulnerable) တွေကိုသာ ဦးစားပေး ထောက်ပံ့နေတယ်လို့ စုံစမ်းသိရှိရပါတယ်။

၂၀၂၆ ခုနှစ်အတွင်းမှာ ဒီထိခိုက်လွယ်အိမ်ထောင်စုတွေရဲ့ လိုအပ်ချက်ကိုတော့ အပြည့်အဝနီးပါးဖြည့်ဆည်းပေးဖို့ သန္နိဋ္ဌာန်ချထားတယ်လို့လည်း ဆိုပါတယ်။

ရိက္ခာတင်မကဘဲ ချက်ပြုတ်ဖို့ လောင်စာအတွက် ပေးတဲ့ မီးသွေးကလည်း လုံလောက်မှု မရှိတော့တာကြောင့် ဒုက္ခသည်တွေဟာ တောထဲကို ထင်းသွားခုတ်နေရပါတယ်။

ဒါပေမဲ့ ဒါက မလွယ်ကူလှပါဘူး။ သစ်တောတာဝန်ရှိသူ (ပါမိုက်) တွေဘက်က ထင်းခုတ်ခွင့်၊ထင်းရှာခွင့်တွေကို ကန့်သတ်ထားပါတယ်။

“တယောက်ကို သုံးကီလို၊ ငါးကီလိုလောက်ပဲ ရတော့တဲ့အတွက် မီးသွေးက ဘယ်လိုမှ မလောက်ငပါဘူး” လို့ နော်အဲလာက ပြောပါတယ်။

“ထင်းတွေ လိုက်ရှာခုတ်တော့လည်း ရေရှည်အတွက် မကောင်းဘူး။ ထိုင်းသစ်တောရေးရာပိုင်းတွေနဲ့ ပြဿနာဖြစ်လာနိုင်တယ်” လို့ သူက ဆက်ပြောပါတယ်။

မီးသွေးဖြတ်တောက်မှုနဲ့ ပတ်သက်ပြီး TBC ကတော့ မီးသွေးဝေငှမှု လုံးဝရပ်ဆိုင်းတာ မဟုတ်ဘဲ (Standard) အိမ်ထောင်စုတွေကို အရင်ပေးဝေမှုရဲ့ ၂၅ ရာခိုင်နှုန်းကိုသာ လျှော့ချပေးနေတာလို့ DNA ကို ရှင်းပြပါတယ်။

🔹 ငွေမရှိရင် သေရုံပဲဆိုတဲ့ ကျန်းမာရေးစနစ်
——————-

ကျန်းမာရေး စောင့်ရှောက်မှုအပိုင်းကတော့ စိုးရိမ်စရာကောင်းတဲ့ အခြေအနေဖြစ် စခန်းတွင်း နေထိုင်သူကတွေက စဉ်းစားလာကြပါတယ်။

အရင်က စခန်းတွင်း ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့ ARC (American Refugee Care) အဖွဲ့လို အဖွဲ့အစည်းတွေ မရှိတော့ဘဲ ထိုင်းဘက်က စေတနာ့ဝန်ထမ်း ပုံစံမျိုးနဲ့ပဲ ပြန်ကြည့်ပေးနေတာမို့ အရင်လို ပြည့်ပြည့်ဝဝ မရတော့ပါဘူး။

နာတာရှည် ဝေဒနာရှင်တွေဟာ ဆေးတွေကို အရင်က နှစ်လစာ ရပေမဲ့ အခုတော့ နှစ်ပတ်စာလောက်ပဲ ရကြတော့တယ်လို့ စခန်းအတွင်း နေထိုင်သူတွေက ပြောပါတယ်။

အရေးပေါ် လူနာဖြစ်လာရင် ကိုယ့်အစီအစဉ်နဲ့ကိုယ် ကားငှားပြီး ဆေးရုံသွားရမှာဖြစ်သလို ဆေးဖိုးဝါးခကိုလည်း ကိုယ့်ဘာသာကိုယ် ပေးရမှာပါ။

“ကိုယ့်မှာ ပိုက်ဆံရှိရင် ကုပေါ့၊ မရှိရင်တော့ သေသွားတာပဲ။ အုန်းဖြန့်မှာရော ဒီမှာရော ဆေးမကုနိုင်လို့ သေသွားတဲ့သူတွေ ရှိပြီ” လို့ စခန်းအတွင်း နေထိုင်သူတဦးက ရင်ဖွင့်ပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး DNA အနေနဲ့ လက်လှမ်းမီသလောက် စုံစမ်းခဲ့ပေမဲ့ တိကျတဲ့ အချက်အလက်တွေ မရရှိခဲ့ပါဘူး။

ခွေးရူးကာကွယ်ဆေးလိုမျိုးတွေတောင် စခန်းထဲမှာ မရှိတော့ဘဲ ထိုင်းဆေးရုံမှာ ကိုယ့်စရိတ်နဲ့ကိုယ် အကုန်ကျခံပြီး သွားထိုးရတဲ့ အခြေအနေတွေ ရှိတယ်လို့ ဆိုပါတယ်။
“ဒီခွေးရူးကာကွယ်ဆေးကျတော့ ဒီထဲမှာ မရှိတော့ ကိုယ့်ဘာသာကိုယ်ပဲ အကုန်လုံး ပေါ့နော်အကုန်ခံရတာ ပေါ့နော်။ ကိုယ့်ဘာသာကိုယ်မှာ ထိုင်းဆေးရုံမှာပဲ သွားထိုးရတယ်။ အကုန်ကျအတွက်တော့ ခွေးပိုင်ရှင်က ပေးရတာပေါ့။ တချို့ကလည်း မပေးနိုင်ဘူး။ အဲဒီတော့ ခွေးမွေးရင် ခွေးကိုက်ရင် ဘတ် ၆၀၀၀ လျှော်ပေးရမှာ ပေါ့နော်။ အဲဒီလိုတော့ သတ်မှတ်ထားကြတယ်”လို့ စခန်းအတွင်းနေထိုင်သူ တဦးက ရှင်းပြပါတယ်။

ငွေမရှိတဲ့ ဒုက္ခသည်တွေအတွက်တော့ ကျန်းမာရေးဟာ အကြီးမားဆုံး သေမင်းတမန်ခြိမ်းခြောက်မှု ဖြစ်လာပါတယ်။

🔹 အပြင်ထွက်အလုပ်လုပ်ခြင်းက အခွင့်အလမ်းလား၊ စိတ်ဒဏ်ရာလား
————–

ထိုင်းအစိုးရအဖွဲ့ဟာ ဒုက္ခသည်စခန်းက လူတွေကို တရားဝင် အလုပ်လုပ်ကိုင်ခွင့်ပြုဖို့ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့က ကျင်းပတဲ့ ထိုင်းနိုင်ငံ အစိုးရအဖွဲ့အစည်းအဝေးမှာ အတည်ပြုခဲ့ပါတယ်။

ဒါဟာ ထိုင်းနိုင်ငံအတွက် အလုပ်သမားလိုအပ်ချက် ဖြည့်ဆည်းဖို့နဲ့ ဒုက္ခသည်တွေအပေါ် ထောက်ပံ့နေရတဲ့ ဝန်ထုပ်ဝန်ပိုးကို လျှော့ချဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

စခန်းထဲမှာ အခြေအနေတွေ ကျပ်တည်းလာတာကြောင့် အာဏာပိုင်တွေက အပြင်မှာ တရားဝင် အလုပ်ထွက်လုပ်ခွင့် ပေးထားတာတွေ ရှိပါတယ်။ ဒါပေမဲ့ ဒါဟာ လူတိုင်းအတွက် အဆင်ပြေစေတဲ့ ဖြေရှင်းချက်တခုတော့ မဟုတ်နေပါဘူး။

အလုပ်ရှင် ကုမ္ပဏီတွေက လာခေါ်မှသာ သွားရတာဖြစ်ပြီး စခန်းအတွင်းက သက်ကြီးရွယ်အိုတွေ အတွက်တော့ အခွင့်အလမ်း မရှိသလောက်ပါပဲ။ အလုပ်ထွက်လုပ်သူတွေမှာလည်း အဆင်မပြေမှုတွေနဲ့ ခေါင်းပုံဖြတ်ခံရမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

တရက်ကို လုပ်အားခ ဘတ် ၂၀၀ ရမယ်လို့ ကနဦး သဘောတူညီမှုတွေ ရှိခဲ့ပေမဲ့ တကယ်တမ်းမှာတော့ ဘတ် ၁၅၀ လောက်ပဲ ရတာမျိုးတွေ ရှိနေပါတယ်။

“တချို့က အရမ်းပင်ပန်းကြတယ်လို့ ပြောပါတယ်။ အလုပ်ကတော့ အရမ်းခိုင်းတယ်၊ ပိုက်ဆံတော့ပေးတယ်” လို့ အသက် ၇၀ အရွယ် ကရင်အဘိုး ခက်က ရှင်းပြပါတယ်။

“ဒါပေမဲ့ သူတို့ မလုပ်နိုင်တော့ လစာမပေးဘူးဆိုတဲ့ ပုံစံမျိုးနဲ့ ပြန်လာကြတဲ့သူတွေလည်း ရှိတယ်” လို့ သူက ဆက်ပြောပါတယ်။

ဘာသာစကား အခက်အခဲကြောင့်လည်း တကယ့်အလုပ်ခွင်ကို ရောက်တဲ့အခါမှာ ကရင်စကားတခုတည်းနဲ့ စကားပြောဆို ဆက်သွယ်ရာမှာ ချောမွေ့မှုမရှိဘဲ ငှက်ပျောစိုက်ပျိုးရေး လုပ်ငန်းခွင်အများစုဟာ ထိုင်းစကား၊ ဗမာစကားနဲ့ ရှမ်းစကား အနည်းအကျဉ်းပြောတာတွေသာ အများဆုံး တွေ့ရတယ်လို့လည်း ဆိုပါတယ်။

အဓိကက စခန်းထဲကနေထွက်ပြီး အပြင်ကို အလုပ်သွားလုပ်တဲ့သူတွေက ကရင်စကားကို အများဆုံး ပြောတတ်ကြတာ များပါတယ်။ ဗမာစကားနဲ့ ထိုင်းစကားကို နားလည်တဲ့သူ အနည်းအကျဉ်းသာရှိပါတယ်။

TBC ကတော့ (Standard) အဆင့် အိမ်ထောင်စုတွေကို စခန်းပြင်ပမှာ အသစ်ရရှိနိုင်တဲ့ တရားဝင် အလုပ်အကိုင် အခွင့်အလမ်းတွေကို ရှာဖွေဖို့ တိုက်တွန်းထားတယ်လို့ ဆိုပါတယ်။

တကယ်လို့ အိမ်ထောင်စုတွေရဲ့ အခြေအနေ ပြောင်းလဲသွားရင် သူတို့ရဲ့ ထိခိုက်လွယ်မှု အဆင့်သတ်မှတ်ချက်ကို အယူခံဝင်နိုင်တယ်လို့လည်း အသိပေးထားပါတယ်။

🔹 ပညာရေး၊ စိတ်ပိုင်းဆိုင်ရာ ပြိုလဲမှုနဲ့ မရေရာတဲ့ အနာဂတ်
————

ပညာရေးဘက်မှာလည်း အစစအရာရာ ကိုယ်ထူကိုယ်ထ အနေအထား ရောက်လာပါပြီ။ မူကြိုကျောင်းတွေကအစ ကျောင်းခြံစည်းရိုးကနေ ကျောင်းဆင်းပွဲတွေအထိ မိဘတွေကပဲ စိုက်ထုတ်ရတော့မှာပါ။

ဆရာ၊ ဆရာမတွေလည်း လစာမရတဲ့အခါ ကလေးတွေအပေါ် ကြည့်ရှုစောင့်ရှောက်မှု အားနည်းသွားမှာကို မိဘတွေ စိုးရိမ်နေကြပါတယ်။

အရာအားလုံးထက် စိုးရိမ်ရတာကတော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု (Mental Health) ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ ကူညီပေးတဲ့ ဌာနတွေလည်း ဖြတ်သိမ်းခံလိုက်ရပါပြီ။

“ကိုယ့်ကလေးတွေက တခုခု အရေးပေါ် ဖြစ်လာရင် ကိုယ့်လက်ထဲမှာပဲ ဝုန်းဒိုင်းဖြစ်သွားမှာလား။ ကိုယ်လည်း ပိုက်ဆံတပြားမရှိဆို မျက်နှာငယ်ရမှာကို တွေးပြီး မိဘတွေက စိတ်ဒဏ်ရာတွေ ရနေကြပြီ”လို့ နော်အဲလာက ဆိုပါတယ်။

စိတ်ဓာတ်ကျပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသူတွေလည်း ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေသော်လည်း DNA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

စခန်းအတွင်းမှာ အသက် ၁၈ နှစ်ကနေ ၅၀ ကြား လူတွေကို ဓာတ်ပုံရိုက်တာ၊ မျက်စိစကန်ဖတ်တာတွေ လုပ်နေပေမဲ့ ဘာအတွက်လဲ ဆိုတာကိုတော့ အာဏာပိုင်တွေဘက်က အတိအကျ မပြောဘူးလို့ ဆိုပါတယ်။

TBC ကတော့ ဒီကိစ္စကို သူတို့ မသိရှိကြောင်းနဲ့ ပြင်ပမှာ အလုပ်လုပ်ဖို့ မှတ်ပုံတင်တာနဲ့ ပတ်သက်နိုင်ပေမဲ့ အသေးစိတ် အချက်အလက်မရှိဘဲ ၎င်းတို့ဘက်က အတည်မပြုနိုင်သလို ခန့်မှန်းပြောဆိုလို့လည်း မရဘူးလို့ DNA ကို ပြောပါတယ်။

အောက်တိုဘာလမှာ NGO အဖွဲ့တွေ အပြီးထွက်သွားမယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး”TBC အနေနဲ့ လုပ်ငန်းတွေ လုံးဝရပ်ဆိုင်းဖို့ အစီအစဉ် မရှိပါဘူး” လို့ တုံ့ပြန်အသိပေးပါတယ်။

လက်ရှိအချိန်မှာ နေရပ်ပြန်ပို့မယ့် အစီအစဉ်တွေ ဒါမှမဟုတ် အကြီးစား ပြန်လည်နေရာချထားရေး အစီအစဉ်တွေလည်း မရှိသေးဘဲ သြစတြေးလျ၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေအပါအဝင် အလွန်နည်းပါးတဲ့ အရေအတွက်အတွက်သာ ပြန်လည်နေရာချထားရေး အခွင့်အလမ်းတချို့ ရှိနေပါသေးတယ်လို့ TBC က အတည်ပြုပါတယ်။

နေရပ်ဖြစ်တဲ့ မြန်မာပြည်ကို ပြန်ဖို့ကလည်း မဖြစ်နိုင်၊ ဒုက္ခသည်စခန်းအတွင်းမှာလည်း လက်ရှိ အကျပ်အတည်းတွေရယ်၊ နိုင်ငံတကာ အထောက်အပံ့တွေပါ လျော့နည်းလာတာကြောင့် ဒုက္ခသည်တွေရဲ့ ဘဝဟာ လမ်းပျောက်နေပြီး လက်ရှိမှာ ဘယ်သူမှ မဖြေနိုင်တဲ့ ပုစ္ဆာတပုဒ် ဖြစ်နေပါတယ်။

နိုင်ငံတကာနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ ဒီလူသားချင်းစာနာမှု အကျပ်အတည်းကို တကယ်ပဲ ကွင်းဆင်းလေ့လာပြီး ထိထိရောက်ရောက် ကူညီပေးဖို့ လိုအပ်နေတာကတော့ ငြင်းလို့မရတဲ့ အမှန်တရားပဲ ဖြစ်နေပါတယ်။

“ငါတို့ နောက်ဆုံး ဘာမှမရရင်တော့ သေမယ့်နေ့ကိုပဲ မျှော်လင့်စောင့်နေရမလားတောင် တွေးမိတဲ့ အခြေအနေထိ ရောက်နေတာပါပဲ”လို့ ကရင်အဘိုးခက်က စိတ်ပျက်လက်ပျက်နဲ့ ပြောပါတယ်။

#LabourRights #Myanmar #MigrantWorkers #CanadaFund #CanadafundinThailand
@canadainthailand
#HaRDstories, #hrdstories
@HRDStories
#DeltaNewsAgency , #DNA
@deltanewsagency