
“ အဓိက သွင်းအားစုတွေ ဈေးတက်တာ။ စပါးဈေးကျတာပဲ။ မရင်း ထွက်နှုန်းဟာ အနည်းဆုံး ၁၈၀ မှာရှိခဲ့တာ။ အခုဆို စပါးမျိုးတွေ မရွေးနိုင်ဘူး။ သွင်းအားစုတွေ အပြည့်မထည့်နိုင်ဘူး။ လာမယ့်နှစ် မရင်းစိုက်နိုင်ဖို့ မသေချာတော့ဘူး ”
၁၀၊ မတ်လ။
ဧရာဝတီတိုင်း၊ ဓနုဖြူနဲ့ ဇလွန်မြို့နယ်တွေထဲက နွေစပါးတွေ ရိတ်သိမ်းနေပြီဖြစ်ပြီး သွင်းအားစုကို ပြည့်မှီအောင် မသွင်းနိုင်ခဲ့တာကြောင့် အထွက်နူန်းကျပြီး လက်ရှိစပါးဈေးနဲ့ အရှုံးပေါ်မှုတွေရှိနေတာကြောင့် လာမယ့်နှစ်မှာ ဆောင်းသီးနှံနဲ့ နွေစပါးတွေစိုက်ဖို့ စိန်ခေါ်မှုတွေ ရှိလာပါတယ်။
“ မရင်း(နွေစပါး)က မနှစ်ကလည်းရှုံးတယ် အဓိက ဈေးမရတာပေါ့။ ဒါပေမယ့် အထွက်နှုန်းမှီရင် အဆင်ပြေလောက်တယ်။ အခုက သွင်းအားစုတွေ အပြည့်မသွင်းနိုင်တော့ ထွက်နူန်းကျတယ်။ ကျွန်တော်တို့ မှော်ဘီမျိုးကို ၁၄၀ ပဲမိတယ်(ထွက်တယ်)ဆိုတော့ လုံးဝ အဆင်မပြေနေဘူး ” လို့ ဓနုဖြူမြို့နယ်၊ ကျုံအိပ်ကျေးရွာမှာနေထိုင်တဲ့ လယ်သမားကြီး ကိုဖိုးသားက ပြောပါတယ်။
သူဟာ ၂၀၂၃ မတိုင်ခင်နှစ်တွေက ဆောင်းသီးနှံအဖြစ် မတ်ပဲနဲ့ နွေသီးနှံအဖြစ် နွေစပါးကို စိုက်ပျိုးခဲ့ပြီး ၂၀၂၄ ခုနှစ်မှာတော့ နွေစပါးတမျိုးတည်းကိုသာ စိုက်ပျိုးနိုင်ခဲ့ပြီး လာမယ့်နှစ်မှာတော့ နွေစပါးစိုက်ပျိုးနိုင်ဖို့ပါ မသေချာဘူးလို့ ဆိုပါတယ်။
“ သွင်းအားစုက တဧကကို ၁၀ သိန်းဖိုးလောက်ကို သုံးနေရတယ်။ ဒီတော့ လုပ်အားခနဲ့ အခြားသော ကုန်ကျစရိတ်တွေပါ ကာမိဖို့ဆိုရင် လယ်တဧကကို ၂၄ သိန်းဖိုးလောက် စပါးမိမှ ဒါမှမဟုတ်လည်း ဈေးကောင်းရမှဖြစ်မှာ။ မနှစ်ကထိ တဧက ၂၀၀ မိတယ် အဆင်ပြေသေးတယ်” လို့ ကိုဖိုးသားက ရှင်းပြပါတယ်။
ဒီအခြေအနေမျိုးကို ဇလွန်မြို့နယ်၊ ကော့ကပ်တိုက်နယ်ထဲက ကျေးရွာတွေမှာလည်း ကြုံတွေ့နေရပါတယ်။ အချို့သော နွေစပါးစိုက်ပျိုးသူတွေက ရေသွင်းဖို့အတွက် စက်သုံးဆီကို အလုံအလောက် သိုလောင်လှောင်ထားနိုင်ကြပေမယ့် ဆီမရှိလို့ နောက်ဆုံးအောင်ရေ (ရိတ်သိမ်းခါနီး)သွင်းဖို့အတွက် လိုအပ်နေသူတွေလည်း ရှိနေပါတယ်။
“ လတ်တလောတော့ စပါးသိမ်းပြီးသူတွေဆီကတော့ ချေးရငှားရတာပေါ့။ အခုက စပါးက သီးပြီးတော့ အသီးတင် အသီးအောင်မယ့် ဆေးမသုံးနိုင်တော့ အသီးတွေက ဖျင်းသွားတယ်။ သီးလာတယ် ကြွေသွားတယ် အစေ့မပါဘူးတွေ ဖြစ်နေတာ။ အောင်ရေပါ မသွင်းနိုင်ရင် သွားပြီပဲ ” လို့ ကော့ကပ်တိုက်နယ်၊ ကျုံကော့ကျေးရွာမှာ နေထိုင်သူ ကိုစိုးနိုင်က ပြောပါတယ်။
သူဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်ထိ လယ်ဧက ၁၂ ဧကထိ နွေစပါးစိုက်ပျိုးခဲ့ပေမယ့် ယခုနှစ်မှာတော့ ၆ ဧကကိုသာ စိုက်ပျိုးနိုင်တဲ့ အခြေအနေရှိပါတယ်။ ၂၀၂၂၂ – ၂၀၂၃ ခုနှစ်တွေအထိ နွေစပါးစိုက်ခင်းတွေ၊ မတ်ပဲစိုက်ခင်းတွေဟာ မျက်စိတဆုံးရှိခဲ့ပေမယ့် ဒီဘက်နှစ်တွေမှာတော့ တစထက် တစစိုက်ပျိုးနိုင်မှုကျဆင်းလာခဲ့တယ်လို့ သူက ဆိုပါတယ်။
“ အဓိက သွင်းအားစုတွေ ဈေးတက်တာ။ စပါးဈေးကျတာပဲ။ မရင်း ထွက်နှုန်းဟာ အနည်းဆုံး ၁၈၀ မှာရှိခဲ့တာ။ အခုဆို စပါးမျိုးတွေ မရွေးနိုင်ဘူး။ သွင်းအားစုတွေ အပြည့်မထည့်နိုင်ဘူး။ လာမယ့်နှစ် မရင်းစိုက်နိုင်ဖို့ မသေချာတော့ဘူး ” လို့ ကိုစိုးနိုင်က ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်မှာရော လက်ရှိမှာရော နွေစပါးဟာ စပါးအမျိုးအစားအလိုက် စပါးတင်း တရာကို ကျပ် ၁၄ သိန်း ကနေ ၁၆ သိန်းကြားမှာ ရှိနေပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ် နွေစပါးထွက်ချိန်တုန်းကတော့ စပါးတင်းတရာကို ကျပ် ၂၅သိန်းလောက်ပေါက်ဈေးရှိခဲ့ တာလို့သိရပါတယ်။
အထွက်နှုန်းပြည့်မှီတဲ့ နွေစပါးခင်းဖြစ်လာဖို့အတွက် မြေပြင်တာ၊ စပါးမျိုးရွေးတာ၊ အမြစ်သန်ဆေး၊ အပင်သန်ဆေး၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မှိုသတ်ဆေး၊ အသီးတင်ဆေး၊ အသီးအောင်ဆေး စတဲ့ သွင်းအားစုတွေ ပြည့်မှီအောင် သွင်းပေးဖို့လိုအပ်ပါတယ်။
လက်ရှိမှာတော့ နွေစပါးစိုက်သူတွေဆီမှာ စပါးရိတ်သိမ်း ခြွေလှေ့ဖို့ စက်ပစ္စည်းငှားခတွေ၊ စပါးလှမ်းဖို့၊ သိမ်းဖို့၊ အိတ်ထဲထည့်ပြီး ပို့ဆောင်ဖို့ လုပ်သားအင်အား ရှားပါးလာတာတွေ၊ စစ်မှုထမ်းပေါ်တာဆွဲတာကို ကြောက်ရတာကြောင့် မမှောင်ခင် အလုပ်သိမ်းရတာတွေ စတဲ့ စိန်ခေါ်ချက်တွေ တိုးလာနေပြီဖြစ်ပါတယ်။