မြစ်ဝကျွန်းပေါ်က နင်းပြားတွေ ကူသူ ကယ်သူ မဲ့နေ

“ဒီအခြေအနေကို တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပါလို့ပဲ ပြောနေတာကလည်း လက်တွေ့မကျလှပါဘူး။ စစ်ကောင်စီက နှစ်သီးစား လုပ်နေတဲ့ ဒါကိုဘယ်လို ဖြေရှင်းကြမလဲ ဆိုတာကို NUG ကပဲဖြစ်ဖြစ် လွှတ်တော်ကိုယ်စားလှယ်တွေကပဲ ဖြစ်ဖြစ် ခုထိတွေးတော လုပ်ဆောင်နေတာတွေ မတွေ့မိသေးဘူး ”

၂၃၊ဖေဖေါ်ဝါရီ

“ ကျီးလန့်စာစားနေရတာပဲ ” လို့ ကိုလှိုင်က ပြောပါတယ်။

သူတို့ဒေသမှာ ကြုံတွေ့နေရတဲ့ စစ်မှုထမ်းဥပဒေ နောက်ဆက်တွဲ ကိစ္စတွေကို မြောင်းမြမြို့နယ်၊ မွေတော်တယ်ချောင်း ကျေးရွာသား တဦးဖြစ်ပြီး လုံခြုံရေးအရေ အမည်အရင်းကို ဖေါ်ပြဖို့ စိုးရိမ်နေသူ အမည်လွှဲ ကိုလှိုင်က ပြောပြနေတာပါ။

မွေတော်တယ်ချောင်းကျေးရွာ အုပ်စုထဲမှာ ကျေးရွာလေးရွာပါဝင်ပြီး ကွမ်းသီးစိုက်ပျိုးခြင်း လုပ်ငန်းနဲ့ လယ်ယာစိုက်ပျိုးခြင်း လုပ်ငန်းတွေကို လုပ်ကိုင်ကြသူတွေများပါတယ်။ ကွမ်းသီးခြံတွေနဲ့ လယ်ပိုင်ရှင်တွေက တည်တည်ငြိမ်ငြိမ် ခန့်ခန့်ထည်ထည် နေနိုင်ကြပေမယ့် လူနည်းစုသာဖြစ်ပြီး အများစုကတော့ လက်လုပ်လက်စား အခြေခံအလုပ်သမားတွေသာ ဖြစ်ကြပါတယ်။

ကွမ်းသီးကောက်ရင်း၊ လယ်လုပ်ရင်း တနေ့တနေ့ရရှိတဲ့ နေ့စားခလေးကို အိမ်အတွက်စီမံရင်း အားလပ်ချိန်မှာ ဖုန်းလေးပွတ်ရင်း နေထိုင်ချင်ကြတဲ့ လူငယ်တွေဟာ ဘယ်အချိန်မှာ စစ်မှုထမ်းဖို့ ပေါ်တာအဆွဲခံရမလဲဆိုတဲ့ စိတ်နဲ့ ကျီးလန့်စာစား နေကြရပါတယ်။

“အခုက ညဘက်တွေတင် မဟုတ်တော့ဘူး။ သတိမထားမိတဲ့အချိန် တယောက်တည်းဖြစ်နေချိန် လူလစ်တဲ့အချိန်တွေကို လုံးပြီး ဖမ်းတာတွေဖြစ်လာပြီ ” လို့ ကိုလှိုင်က ၂၀၂၆ နှစ်ဆန်းပိုင်းကစလို့ စစ်မှုထမ်းဖမ်းဆီးခေါ်ဆောင်မှု ပြောင်းလဲလာတဲ့ အခြေအနေကို ပြောပြပါတယ်။

ဒီလိုအခြေအနေဟာ မြောင်းမြမှာပဲဖြစ်နေတာတော့ မဟုတ်ပါဘူး။ ဓနုဖြူမြို့နယ်ထဲက အင်းလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြတဲ့ ကျေးရွာတချို့က အင်းလုပ်သားတွေလည်း တွေ့ကြုံနေကြရတာပါ။ ဒါပေမယ့် ပုံစံကတော့ မတူပါဘူး။

“ အရင်ကတော့ စစ်မှုထမ်း မဲပေါက်တယ်ဆိုပြီး လာဖမ်းကြတာမျိုးရှိတယ်။ အခုကျ သူတို့နဲ့ တခုခု ငြိလိုက်တာနဲ့ စစ်မှုထမ်းပါဖို့က သေချာသလောက်ရှိပြီပဲ ” လို့ ရွာအမည်မဖော်ပြလိုတဲ့ ကိုအောင်ကျော်နိုင်က ဆိုပါတယ်။

ကိုအောင်ကျော်နိုင်ပြောတဲ့ “သူတို့” ဆိုတာဟာ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့နဲ့ နယ်ထိန်းလိုမျိုး အာဏာပိုင်အဖွဲ့စည်းတွေကို ဆိုလိုတာဖြစ်ပါတယ်။

သူနေထိုင်ရာ ကျေးရွာမှာ လောင်းကစားဝိုင်းတွေ အလွန်အကျွံ့ပြုလုပ်နေတဲ့အကြောင်း မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကို တိုင်ကြားလိုက်တဲ့ လူ ၃ ဦးရှိပါတယ်။ ဒီလူတွေကို စစ်ဆေးရေးမှာ ပူးပေါင်းဆောင်ရွက်ပေးဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ နယ်ထိန်းအဖွဲ့က ခေါ်သွားပြီးတဲ့နောက် အခုအချိန်ထိ ရက်သတ္တပတ် ၁ ပတ်ကြာ ပျောက်ဆုံးနေခဲ့ပါတယ်။

“အသက်တွေကတော့ ၄၀ ကျော်တွေပဲ။ မိသားစုကတော့ ရှာနေတယ်။ သတင်းကို မထုတ်ခိုင်းဘူး။ အသံထွက်လာရင် လုံးဝပြန်မလွှတ်ဘူးလို့ ပြောတယ်ကြားတယ်။ ဒီလောက်အချိန်ကြာနေမှတော့ စစ်မှုထမ်းပါသွားတာက လွဲလို့ ဘာဖြစ်နိုင်ဦးမှာလဲ ” လို့ သူက မှတ်ချက်ပြုပါတယ်။

ဇလွန်မြို့နယ်နဲ့ မအူပင်မြို့နယ်တွေထဲမှာတော့ ယာဉ်မောင်းလိုင်စင်မရှိလို့ အဖမ်းခံရတဲ့အခါ သူတို့တောင်းတဲ့ မတန်တဆ ဒဏ်ကြေးတွေကို မပေးနိုင်ဘူးဆိုရင် စစ်မှုထမ်းခိုင်းမယ်ဆိုတဲ့ ခြိမ်းခြောက်မှုမျိုးတွေ ရှိနေပါတယ်။

ဒါအပြင် စစ်မှုထမ်းကြေးတိုးကောက်တာကို မပေးနိုင်ဘူးဆိုရင်လည်း စစ်မှုထမ်းရမယ်ဆိုပြီး ဖမ်းဆီးမှုတွေ ပြုလုပ်နေတာတွေ ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

“အခု အများစု အဖမ်းခံနေရတာ၊ တကယ်စစ်မှုထမ်းထဲ ပါသွားကြတာတွေဟာ ဆင်းရဲတဲ့သူတွေပဲ။ သူတို့မှာ လိုက်ရွေးဖို့လည်း အင်အားမရှိ၊ တိုင်ကြားဖို့လည်း အင်အားမရှိတဲ့သူတွေပေါ့ ” လို့ ဓနုဖြူမြို့နယ်၊ နှဲကြိုးကျေးရွာမှာ နေထိုင်တဲ့ ဒေါ်လုံး(အမည်လွှဲ)က ဆိုပါတယ်။

ဒေါ်လုံးဟာ မုဆိုးမဖြစ်ပြီး သားဖြစ်သူမိသားစု၊ ခမည်းခမက်နဲ့ အတူနေထိုင်သူဖြစ်ပါတယ်။ သားသမီးလေးဦးရှိပြီး ပြည်ပမှာ အလုပ်လုပ်ကိုင်နေကြသူတွေ ဖြစ်ပါတယ်။ အတူနေထိုင်တဲ့ သားဖြစ်သူဟာ ဇနီးဖြစ်သူ သက်ဦးကလေး မီးဖွားဖို့ ရှိတာကြောင့် ပြည်ပကနေ ခဏပြန်လာတာဖြစ်ပြီး ကလေးက လသားလေးပဲ ရှိနေသေးတဲ့ အချိန်မှာ စစ်မှုထမ်းမဲပေါက်တယ်ဆိုပြီး လာရောက်ဖမ်းဆီးခေါ်ဆောင် သွားခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

သားဖြစ်သူကို ရွေးထုတ်နိုင်ဖို့ ငွေကျပ် သိန်း ၁၂၀ ဆိုတဲ့ ငွေကြေးကို ရှာဖွေပေးဆောင်ခဲ့ပေမယ့် သားဖြစ်သူကိုတော့ ပြန်မလွှတ်ပေးခဲ့ပါဘူး။ သက်ဆိုင်ရာ အာဏာပိုင်တွေကို ပြောဆိုညှိနှိုင်းနိုင်တဲ့ အင်အားမရှိတာကြောင့် မျှော်နေရုံကလွှဲပြီး ဘာမှမလုပ်နိုင်ဘူးလို့ ဆိုပါတယ်။

“ သားကို ပြန်လာခိုင်းလိုက်တာ သိပ်မှားသွားတယ်။ နောင်တရတယ် ” လို့ ဒေါ်လုံးက ပြောပါတယ်။

DNA ကရရှိထားတဲ့အချက်အလက်တွေအရ ပုသိမ်ခရိုင်၊ ကျုံပျော်ခရိုင်၊ ဟင်္သာတခရိုင်၊ မအူပင်ခရိုင်၊ မြောင်းမြခရိုင်၊ ဖျာပုံခရိုင်၊ လပွတ္တာခရိုင် တွေထဲမှာ စစ်မှုထမ်းကြေးကောက်ခံမှုနဲ့ စစ်မှုထမ်းဖို့အတွက် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်တာတွေဟာ နေ့စဉ်နဲ့အမျှ ရှိနေတာဖြစ်ပါတယ်။

ဒီအခြေအနေအရ အချက်အလက်ရရှိဖို့ဟာ မြန်အောင် ခရိုင်တခုတည်းသာ ကျန်တော့တာကြောင့် ဧရာဝတီတိုင်း တခုလုံးမှာ စစ်မှုထမ်းကိစ္စရပ်ဟာ သက်ရောက်မှု ကြီးမားနေပြီဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။

ဒီ‌ဒေသတွေမှာ အဆိုးဆုံးကတော့ အာဏာပိုင်တွေဟာ ဘယ်လိုအကြောင်းကိစ္စမျိုးမှာမဆို ပူးပေါင်းပါဝင်မှုမရှိရင် စစ်မှုထမ်းခိုင်းလိုက်ရမလားဆိုတဲ့ စကားကို လက်ကိုင်ပြုပြီး ခြိမ်းခြောက်မှုတွေ ပြုလုပ်နေတာပါပဲ။

ဘိုကလေးမြို့နယ်မှာဆိုရင် စိုက်ပျိုးရေးသုံး ကိရိယာတခုဖြစ်တဲ့ မျိုးစေ့ချ ကိရိယာကို အုပ်ချုပ်ရေးမှူးတွေက အတင်းရောင်းချနေပြီး မဝယ်ဘူးဆိုရင် စစ်မှုထမ်းခိုင်းမယ်ဆိုတာမျိုး ခြိမ်းခြောက်တာတွေ ရှိပါတယ်။

အမှန်တကယ်လက်တွေ့မှာလည်း အာဏာပိုင်တွေလုပ်ကိုင်နေတဲ့ အလုပ်တွေမှာ မပူးပေါင်းတာ၊ ငွေကြေးမထည့်ဝင်ကြတဲ့သူတွေကို စစ်မှုထမ်း ဖမ်းဆီးမှုတွေ ရှိနေပါတယ်။

“ သူတို့က ဆင်းရဲသူတွေကိုတော့ ဗြောင်ပဲ နင်တို့ စစ်မှုထမ်းရမယ်ဆိုပြီး ဖမ်းတာပေါ့။ အဲ့လိုမဟုတ်ပဲ ပေါ်တာဆွဲသလို ရုတ်တရက်အဆွဲခံရတာတွေလည်း ရှိတယ်။ အခုက အကုန်လုံးကို ဘုရားထူးနေရတာမျိုးပဲ ” လို့ ကျုံပျော်မြို့နယ်ထဲမှာ နေထိုင်တဲ့ မူလတန်းပြ ဆရာမ တဦးက ဆိုပါတယ်။

စစ်မှုထမ်းပေါ်တာဆွဲမှုတွေဟာ ၂၀၂၅ ခုနှစ် နှစ်လည်ပိုင်းကစလို့ ဆိုးရွားသထက်ဆိုးရွားလာခဲ့ပြီး ဖခင်တွေ၊ အစ်ကိုတွေ စစ်မှုထမ်းပါသွားခဲ့တာကြောင့် ကျောင်းဆက်မတက်နိုင်ပဲ ထွက်လိုက်ရတဲ့ ကျောင်းသားတွေဟာ တနှစ်အတွင်း ၁၀ ယောက်အထက်မှာ ရှိတယ်လို့ သူကပြောပါတယ်။ ( လုံခြုံရေး အခြေအနေအရ ကျောင်းရှိရာ ကျေးရွာကို ဖော်ပြခြင်း မပြုနိုင်ပါ)

စစ်မှုထမ်းဖို့ ဖမ်းဆီးခံရသူ အများစုဟာ နောက်ခံအင်အားမရှိပဲ အာဏာပိုင်တွေ ကလည်း ဆင်းရဲနွမ်းပါးသူတွေကို ပစ်မှတ်ထားပြီး ဆောင်ရွက်ကြတာ ဖြစ်ကြောင်းကို ဧရာဝတီတိုင်းထဲက တောင်သူလယ်သမားအရေး လှုပ်ရှားကြသူတွေကလည်း မှတ်ချက်ပြုထားကြပါတယ်။

“ဆင်းရဲတာက ပစ်မှတ်ထားခံရစရာ ဖြစ်လာတာပေါ့ ” လို့ ဟင်္သာတမြို့ပေါ်မှာ နေထိုင်တဲ့ လူမှုကူညီရေး တက်ကြွသူတဦးက ဆိုပါတယ်။

ဒါပေမယ့် အခြားသော ပစ်မှတ်ထား ခံရသူတွေလည်း ရှိနေပါသေးတယ်။ အဲ့ဒီသူတွေကတော့ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ အဆင်မပြေသူတွေ၊ ညဘက် အချိန်နောက်ကျတဲ့အထိ အလုပ်လုပ်ရတဲ့ သူတွေနဲ့ အရက်အပါအဝင်  မူးယစ်ဆေးတွေကြောင့် အိမ်ရောက်အောင် မပြန်နိုင်ကြသူတွေ ဖြစ်ပါတယ်။

တကယ်တော့ ဧရာဝတီတိုင်းထဲမှာ စစ်မှုထမ်း ထောက်ပံ့ကြေးနဲ့ စစ်မှုထမ်း စုဆောင်းခံနေရတဲ့ အခြေအနေတွေဟာ  ပြည်သူ့ငွေနဲ့ ပြည်သူကို ဒုက္ခပြန်ပေးနေတာပဲဖြစ်တယ်လို့ အညာဒေသမှာ လက်နက်ကိုင်တော်လှန်ရေး လုပ်နေတဲ့ ဧရာဝတီတိုင်းသား တဦးက ဆိုပါတယ်။

“ကျွန်တော့်ဆီကိုသာ တလ ငါးသောင်းမပေးနိုင်တာ စစ်မှုထမ်းကြေးကိုတော့ တလ ၇ သောင်းပေးရတယ်။ အပြစ်မပြောလိုပါဘူး မပေးရင်လည်း မိဘတွေကို ဖမ်းလိုက်နိုင်တာဆိုတော့ ရင်နာနာနဲ့ ခံရတာပဲပေါ့ ” လို့ DNA ကို ရင်ဖွင့်ပါတယ်။

ဒါအပြင် တော်လှန်ရေးနဲ့ မဆက်စပ်ဘဲ စစ်မှုထမ်း ကင်းလွတ်ခွင့် ရရှိထားတဲ့ ဝန်ထမ်းနဲ့ ကျောင်းသားတွေကိုပါ စစ်မှုထမ်း ထောက်ပံ့ကြေးကောက်ခံ နေတာတွေလည်း ရှိနေပါတယ်။

မြို့ပေါ်မဟုတ်တဲ့ ကျေးရွာတွေမှာ အုပ်ချုပ်ရေးမှူးတွေဟာ ဘယ်အိမ်၊ ဘယ်မိသားစုက နိုင်ငံရေးနဲ့ကင်းလား ၊ မကင်းဘူးလား။ ကျောထောက်နောက်ခံရှိလား၊ မရှိဘူးလား စတာတွေကို အလွယ်တကူ သိရှိနေတာကြောင့် တော်လှန်ရေးထဲမှာ ပါဝင်နေကြသူတွေ ရှိတဲ့ မိသားစုတွေဟာ မလှုပ်သာဘူးလို့လည်း သူကဆိုပါတယ်။

“ဒီအခြေအနေကို တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပါလို့ပဲ ပြောနေတာကလည်း လက်တွေ့မကျလှပါဘူး။ စစ်ကောင်စီက နှစ်သီးစား လုပ်နေတဲ့ ဒါကိုဘယ်လို ဖြေရှင်းကြမလဲ ဆိုတာကို NUG ကပဲဖြစ်ဖြစ် လွှတ်တော်ကိုယ်စားလှယ်တွေကပဲ ဖြစ်ဖြစ် ခုထိတွေးတော လုပ်ဆောင်နေတာတွေ မတွေ့မိသေးဘူး ” လို့ ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ ဧရာဝတီတိုင်းကနေ အနိုင်ရရှိခဲ့ကြတဲ့ ဒီချုပ်ပါတီက လွှတ်တော်ကိုယ်စားလှယ် တချို့ကို DNA က မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါဘူး။

ဧရာဝတီတိုင်းထဲက ပြည်သူတွေဟာ စစ်ကောင်စီက စစ်မှုထမ်းကိစ္စရပ်နဲ့ပတ်သက်လို့ ငွေအား လူအားရရှိနိုင်မယ့် နည်းလမ်းမျိုးစုံကို အသုံးပြု စုဆောင်းနေပြီး ဒီကရရှိတဲ့ ငွေကြေးနဲ့ လူတွေကို တော်လှန်ရေး အင်အားစုတွေကို ပြန်တိုက်တဲ့ နေရာမှာ သုံးနေပါတယ်။

ဒီအခြေအနေကို တော်လှန်ရေး အစိုးရလို့ဆိုတဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ဟာလည်း တစုံတရာ ထိထိရောက်ရောက် ကာကွယ်တားဆီးနိုင်ခြင်း မရှိနေပါဘူး။

“အခု ဧရာဝတီတိုင်းထဲက အခြေအနေကတော့ စစ်မှုထမ်းခိုင်းလိုက်ရမလားဆိုတဲ့ စကားနဲ့ ကျွန်တော်တို့ ဂုတ်သွေးတွေ အစုပ်ခံနေရတာပါပဲ ” လို့ ကိုလှိုင်က ဆိုပါတယ်။