ကျုံပျော်မြို့မှာ တိုင်းအဆင့် ကရင့်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာပွဲ ကျင်းပဖို့ ပြင်ဆင်နေ


“မန်းငြိမ်းမောင်က သူလည်းကြောက်တယ် ထင်ပါတယ်။ လုံခြုံရေးအရ သူလာမလိုလို မလာမလိုလို ၊ တခြားသူပဲ လာမလိုလို သတင်းထွက်တယ်။ ဒါပေမယ့် လာဖို့ များပါတယ်”လို့ ဒေသခံ တဦးက ပြောပါတယ်။

၂၁၊ဇူလိုင်လ။

၂၀၂၅ ခုနှစ်အတွက် ဝါခေါင်လ ကရင့်ရိုးရာချည် ဖြူဖွဲ့ မင်္ဂလာ(စုပေါင်းလိပ်ပြာခေါ်ပွဲ)ကို ဧရာဝတီ တိုင်း ကျုံပျော်မြို့ ဇူလိုင်လ ၂၆ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပြီး လူ ၇၀၀ ကျော် တက်ရောက်နိုင်ဖို့ ပြင်ဆ င်နေကြပါတယ်။

“ပွဲကတော့ ဧရာမင်းခန်းမမှာ လုပ်မှာ ၊ ဧည့်သည် တွေ ဧည့်ခံမှာက အားကာခန်းမမှာ ဝက်သားအချိုချက် အတွက် လူ ၇၀၀ စာ စီစဉ်ထားတယ်။ဖဒိုတို့ကတော့ ခရိုင်ရုံးမှာ စားကြမယ်”လို့ ကျုံပျော်မြို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတဦးက DNA ကိုပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က ဝါခေါင်လ ကရင့်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာပွဲကို မအူပင်မြို့မှာ ကျင်းပခဲ့ပြီး ဒီနှစ်မှာတော့ ကျုံပျော်မြို့မှာ ကျင်းပဖို့ ပြင်ဆင်နေကြတာပါ။

“သူတို့က အလှည့်ကျ လုပ်ဆောင်နေတဲ့ ပုံစံကိုသွားတယ် ပြောတယ်။ဒီရိုးရာချည်ဖြူဖွဲ့ ပွဲတွေက နိုင်ငံ ရေးအရ အသုံးချမှုတွေ လိုက်လုပ်နေတာလို့ မြင်တယ်။ NLD တုန်းကလည်း ဒီလိုပဲ”လို့ ဧရာဝတီ တိုင်းက ကရင်လူငယ်တဦးဖြစ်တဲ့စထီးကမှတ်ချက် ပေးပါတယ်။

ဒီအခန်းအနားကို စစ်ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၊ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး စောလင်းခယ်တို့ တက်ရောက်မယ်လို့ သတင်းထွက်နေပြီး မြို့ပေါ်မှာလည်း လုံခြုံရေးအခြေအနေတွေ တိုးမြှင့်ထားတာတွေ ရှိနေပြီး ညပိုင်းမှာ ကင်းပုန်းဝပ် တာမျိုးတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မန်းငြိမ်းမောင်က သူလည်းကြောက်တယ် ထင်ပါတယ်။ လုံခြုံရေးအရ သူလာမလိုလို မလာမလိုလို ၊ တခြားသူပဲ လာမလိုလို သတင်းထွက်တယ်။ ဒါပေမယ့် လာဖို့ များပါတယ်”လို့ ဒေသခံ တဦးက ပြောပါတယ်။

ကျုံပျော်မြို့ဟာ လက်ရှိတိုက်ပွဲတွေ ဖြစ်ပေါ်နေတဲ့ ရေကြည်မြို့နယ်၊ လေးမျက်နှာမြို့နယ်တွေနဲ့ ထိစပ်နေပြီး မြို့ပေါ်ကနေ ထိတွေ့တိုက်ပွဲဖြစ်သံတွေ ၊ နက်ကြီးသံတွေ ကြားနေရတဲ့ ဒေသဖြစ်ပါတယ်။ဒါ့အပြင် ငသိုင်းချောင်းမြို့ အနီးမှာရှိနေတဲ့ အမတ ၃၄၄ က လက်နက်ကြီးတွေကို ကျုံပျော်မြို့ပေါ်က ခလရ ၃၆ ကို ပြောင်းရွှေ့ထားခဲ့ရတာ ဖြစ်ပြီး အဲဒီကတဆင့် လေးမျက်နှာမြို့နယ်နဲ့ ရေကြည်မြို့နယ်တွေကို လက်နက်ကြီး ပစ်ကူပေးနေရတဲ့ နေရာတခု ဖြစ်ပါတယ်။

ရိုးရာလက်ချည်ပွဲတွေကို ကရင်ဗုဒ္ဓဘာသာတွေမှာ ပြုလုပ်လေ့ရှိပေမယ့် ခရစ်ယန်ကရင်တွေမှာတော့ ပွဲကျင်းပတဲ့ ဓလေ့ပါဘူး။ဒါပေမယ့် ၂၆ ရက်နေ့ ကျုံပျော်မှာ ကျင်းပမယ့် တိုင်းအဆင့် လက်ချည်ပွဲအပြီးမှာ မန်းငြိမ်းမောင်တို့ အနေနဲ့ တေဇရပ်ကွက် မှာ ရှိနေတဲ့ ပိုးကရင် နှစ်ခြင်းခရစ်ယာန်အသင်းတော်ကိုလည်း လာဖို့ ပြင်ဆင်ထားတယ်လို့ အသင်းတော်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“ဘုရားကျောင်းကိုလာမယ်ပြောတယ်။ ကျောင်းမှာလည်း သန့်ရှင်းရေးတွေ လုပ်ခိုင်းထားပြီး ပြင်ဆင် နေကြတယ်”လို့ ဆိုပါတယ်။

ကရင့်ရိုးရာ ဓလေ့အရ လက်ချည်ခြင်း ၉ မျိုးရှိပြီး ဖျားနာတဲ့အခါ လိပ်ပြာနဲ့ ခန္ဓာပြလည် ပူးကပ်ဖို့ လက်ချည်တာ ၊ မိသားစုဝင်တဦး ဆုံးပါးသွားတဲ့အခါ ကျန်ရစ်သူတွေရဲ့ ခန္ဓာနဲ့ လိပ်ပြာကို သေဆုံးသူနောက် ပါမသွားဖို့ လက်ချည်တာ၊ရိုးရာနတ်ပူဇော်အပြီး အိမ်အပြန် လိပ်ပြာပြန်ပါလာနိုင်ဖို့ လက် ချည်တာ ၊ ကိုယ်ဝန်ဆောင်မိခင်တွေ စိတ်အားငယ် ထိတ်လန့်မှုမဖြစ်စေဖို့ လက်ချည်တာ၊ ခွဲခွာခါနီး ချစ်သူခင်သူတွေ အမှတ်တရ သစ္စာပြုဖို့ လက်ချည်တာ ၊လန့်ဖြန့်ခြင်းကြောင့် လိပ်ပြာခေါ် လက်ချည်တာ ၊ ထိမ်းမြှားမင်္ဂလာပြုရာမှာလည်း ဆုတောင်းဖို့ လက်ချည်တာ၊ ဝါခေါင်လမှာ စုပေါင်းလက်တာ စသဖြင့် ကျင်းပလေ့ရှိကြပါတယ်။

ပုံစာ-၂၀၁၄ ခုနှစ်က မအူပင်မြို့မှာ ကျင်းပခဲ့တဲ့ လက်ဖြူဖွဲ့ချည် မင်္ဂလာပွဲ