ဟင်္သာတအကျဉ်းထောင်ဝန်ထမ်းကတော့ ထောင် ပြောင်းပါတဲ့သူ ၁ ယောက်အတွက် တရားဝင် “ ကာ ” ကြေးဟာ ၅ သိန်း ၇ သောင်းကျပ်ဖြစ်တယ်
လို့ ဆိုပါတယ်။
၁၆၊ဇူလိုင်လ။
ဧရာဝတီတိုင်း၊ ဟင်္သာတထောင်က ထောင်ဝန်ထမ်းတွေဟာ အကျဉ်းကျနေသူတွေ ထောင်ပြောင်းပါတာကြောင့် ထောင်မပြောင်းချင်ရင် ပိုက်ဆံပေးရမယ်ဆိုပြီးတော့ မိသားစုဝင်တွေဆီကို ဆက်သွယ်
ငွေတောင်းတာတွေ လုပ်နေတယ်လို့ ကာယကံရှင် တွေက DNA ကိုပြောပါတယ်။
“ ပြီးခဲ့တဲ့အပတ်က ဖုန်းဆက်လာတာ။ တပတ်အတွင်းလာပေးပေါ့။ မပေးရင် ကလေးကို အင်းစိန်ကိုရွေ့တော့မှာပေါ့။ သူတို့က ပစ်မှုကြီးတာကြောင့် ဟိုရောက်ရင် နှိပ်စက်ခံရမယ်ဆိုပြီးပြောတယ်။ တောင်းတာကတော့ ၅ သိန်း ၇ သောင်းပါပဲ။ ဒါပေမယ့် မရှိတော့ မပေးလိုက်နိုင်ဘူး။ ခုထိတော့ ထောင်မပြောင်းသေးဘူး ” လို့ ထောင်ပြောင်းပါတယ်ဆိုပြီး ငွေကြေးတောင်းတာခံရတဲ့ မိသားစုတင် တဦးက ဆိုပါတယ်။
ဒါနဲ့ပတ်သက်လို့ DNA က ဟင်္သာတထောင်မှာ တာဝန်ကျနေတဲ့ ထောင်ဝန်ထမ်းနဲ့ အဆက်သွယ်ရရှိခဲ့ပါတယ်။ ထောင်ပြောင်းကိစ္စတွေဟာ မှန်ကန် ကြောင်းနဲ့ ထောင်မပြောင်းရဖို့ သတ်မှတ်ငွေကြေးပေးရင် ၊ “ ကာ ” ရင် မပြောင်းရအောင် သူတို့လုပ်ပေးနိုင်ကြောင်း၊ ဒါဟာ တရားဝင်လုပ်ဆောင်မှုဖြစ်ကြောင်း မေးခွန်းတွေကို ဖြေဆိုပေးထားပါတယ်။
တည်ဆဲဥပဒေတွေအရတော့ အကျဉ်းထောင်ဝန်ထမ်းတွေဟာ အဲ့ဒီလိုမျိုး ထောင်ပြောင်းပါတဲ့သူတွေကို ထောင်မပြောင်းရအောင် လုပ်ပေးလို့မရသလို ငွေပေးပြီး “ ကာ ” တယ်ဆိုတာဟာလည်း တရားဝင် လုပ်ငန်းစဉ်မဟုတ်ဘူးလို့အကျဉ်းထောင် နဲ့ နီးစပ်သူ ရှေ့နေတဦးက DNA ကိုရှင်းပြပါတယ်။
သူက “ တကယ်တော့ ဒါက ဂွင်ရိုက်တာ။ ထောင်ဝန်ထမ်းတွေ လုပ်စားကြတာမျိုး။ ဟိုးအရင်ကတည်းက အဲ့လိုမျိုးတွေရှိတယ် ငွေထွက်လာနိုင်တယ်လို့ထင်ရင် ထောင်ပြောင်းပါတယ် ပိုက်ဆံပေးရင် မပြောင်းရအောင်လုပ်ပေးမယ်ဆိုတာမျိုးပေါ့။ တကယ်ထောင်ပြောင်းစာရင်းပါရင် ငွေဘယ်လောက်ပေးပေး မပြောင်းရအောင် လုပ်ပေးလို့မရပါဘူး။ ပြီးတော့ ထောင်ပြောင်းဖို့ဆိုတာကလည်း အဆင့်ဆင့်သော ညွှန်ကြားချက်တွေနဲ့ ပြီးတော့ သတ်မှတ်ချက်တွေ ကိုက်ညီမှ ပြောင်းလို့ရတာမျိုးပါ ” လို့ ဆိုပါတယ်။
ဟင်္သာတအကျဉ်းထောင်ဝန်ထမ်းကတော့ ထောင် ပြောင်းပါတဲ့သူ ၁ ယောက်အတွက် တရားဝင် “ ကာ ” ကြေးဟာ ၅ သိန်း ၇ သောင်းကျပ်ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိ ဟင်္သာတမှာ သတင်းထွက်နေတဲ့ ကိစ္စမှာပါဝင်နေတဲ့ ထောင်ချခံရသူတွေဟာ လက်နက်ကိုင် ပုဒ်မတွေနဲ့ ငြိစွန်းနေပြီး ထောင်ဒဏ် ၁၀ နှစ်နဲ့ အထက်ချခံရသူတွေ ဖြစ်တာကြောင့် ဒီလူတွေကို ထောင်သေးလေးတွေမှာ မထားဘဲ ထောင်မကြီးတွေဆီကို ပြောင်းရွေ့ဖို့ ညွှန်ကြားချက်ရထားပြီးသားဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
သူက “ ကျွန်တော်တို့ကို လိမ်တယ်လို့ပြောတာ တကယ်က အဲ့လိုပဲလုပ်နေတာ အခုမှ အခုမဟုတ် ဘူး ကြာလှပြီ။ ဒါက တရားဝင်တယ်။ လာ ကာ တဲ့သူတွေဒီမှာ ကျန်ခဲ့တယ် မကာတဲ့သူတွေ ပါသွားတယ်။ အဲ့တော့ ကျန်ခဲ့တယ်ဆိုတာ လာ ကာ လို့။ ရှင်းရှင်းလေးပဲ ” လို့ ဆိုပါတယ်။
ပုံမှန်အားဖြင့် ထောင်သားတွေကို ရွေ့ပြောင်းတယ် ဆိုတာဟာ သက်ဆိုင်ရာထောင်မှာ ဝင်ဆန့်နိုင်တဲ့ လူဦးရေထက်ပိုနေလို့၊ အဆမတန်များနေလို့ ဒါမှမဟုတ်ရင် နိုင်ငံရေး အကျဉ်းသားဖြစ်တာကြောင့် ထောင်ရဲ့လုံခြုံရေးနဲ့ ဆူပူမှုတွေဖြစ်မှာစိုးတာကြောင့်ဖြစ်ပြီး နောက်တချက်ကတော့ ရဲဘက်ပါတာကြောင့် စတဲ့အကြောင်းရင်းတွေကြောင်း ပြောင်းရွေ့ရလေ့ရှိပါတယ်။
ဒီလိုပြောင်းရွေ့ရာမှာလည်း အသက် ၅၅ နှစ်အထက်ဖြစ်သွားတဲ့သူတွေ၊ ညွှန်ကြားရေးမှူးချုပ်ရုံးကနေ သီးသန့်ညွှန်ကြားထားတဲ့သူတွေ၊ ကျန်းမာရေးအရ ပြောင်းရွေ့ဖို့အဆင်ပြေတဲ့သူတွေဖြစ်ဖို့ လိုတယ်လို့ ထောင်လုပ်ထုံးလုပ်နည်းတွေကို ကျွမ်းကျင်နေတဲ့ ဝန်ထမ်းဟောင်းတဦးက DNA ကိုရှင်းပြပါတယ်။
DNA ရဲ့ စုံစမ်းမှုအရတော့ ယခုဇူလိုင်လအတွင်းမှာ ဟင်္သာတထောင်ကနေ အခြားထောင်ကို ပြောင်းရွေ့တာမျိုးတွေ မရှိသေးဘူးလို့ ကနဦး သိရှိထားရပေမယ့် အချက်အလက် တိကျဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။