“အခွန်တွေ ကတိုးလာတယ် အခြား အဖွဲ့အစည်း အသီးသီးတွေကလည်း မညှာမတာ၊ တရားမရှိ ဓါးမရှိ ဆက်ကြေး တောင်းသလို တောင်းနေကြတော့ ပိုပြီးအဆင်မပြေ ဖြစ်ရတယ်”လို့ အုတ်ဖုတ်လုပ်ငန်းရှင်တဦးက DNA ကို ပြောပါတယ်။
၃၊ဇူလိုင်။
ဧရာဝတီတိုင်းမှာ လက်ရိုက်မြေအုတ် လုပ်ငန်းခွန်ကို တနှစ်အတွင်း နှစ်ကြိမ် ကောက်ခံနေတဲ့အပြင် လစဉ်ကြေးတွေပါ ပေးဆောင်နေရတဲ့အတွက် လုပ်ငန်းရပ်ဆိုင်းသွားတာတွေ ရှိနေပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ လက်ရိုက် မြေအုတ်ဖုတ် လုပ်ငန်း ပွင့်လင်းရာသီ ချိန်က တကြိမ်ကောက်ခဲ့ပြီး ယခု မိုး ရာ သီကာလ မိုးအုတ်လုပ်ငန်းချိန် မှာလည်း လုပ်ငန်း ခွန် ပေးဆောင်ဖို့တစ်ကြိမ် ထပ်မံ ကောက်ခံတာ ပါ။
“အရင်တုန်းက တစ်နှစ်လုံး အတွက် လုပ်ငန်းရာသီ ပွင့်လင်းချိန် သတင်းကျွတ်လ လောက်(အောက်တိုဘာလ)မှာ လုပ်ငန်းခွန်ဆောင်ရတယ် ခုက နှစ်ကြိမ်ဆောင်ရ တယ် လေ ပြီးတော့ လစဉ်ကြေးက တလ ကို ကျပ် သုံးသောင်းခွဲ ပေးရတယ်” ဟု ပုသိမ်မြို့ရှိ မြေလက်ရိုက်အုတ် လုပ်ငန်း လုပ်ကိုင်သူ တဦး ကပြောပါတယ်။
အခွန်နှစ်ကြိမ် ကောက်တာ၊ လစဥ်ကြေးပေးရတာ၊ စစ်နယ်မြေတပ် ရဲတပ်ဖွဲ့ ပြည်သူ့စစ်အဖွဲ့ တွေက တရား မဲ့ငွေတောင်းတာတွေကြောင့် အုတ်လုပ်ငန်းလုပ်သူအချို့ လုပ်ငန်း ရပ်ဆိုင်းတာတွေရှိလာပြီး အုတ်အလုံးတရာ ငွေကျပ် နှစ်သောင်းဝန်းကျင်အထိ ကာလပေါက်ဈေးရှိလာပါတယ်။
“ဘိလပ်မြေဈေးကလည်းတက်။ အုတ်ဈေးကလည်းတက်။ အခြားပစ္စည်းတွေကလည်းဈေးတက်တယ်။
တနေ့တနေ့ဈေးတွေတက်နေတော့ လုပ်ငန်းအဆင်မပြေဘူး ခွက်ခွက် လန်ရှုံးတယ်လေ။ လေလံအောင်တုန်းက ပစ္စည်းဈေးနှုန်းတွေနဲ့ ခုကာလပေါက်ဈေးက ခေါက်ချိုးကွာတယ်”လို့ ဆောက်လုပ်ရေး ကန်ထ ရိုက်တာတဦးကပြောပါတယ်။
ပုသိမ်မြို့နယ်အတွင်းက အုတ်ဖိုတွေ အနေနဲ့ တပြေးညီ ကျပ်သုံးသိန်းကို ဒုတိယ အကြိမ်မြောက် ထပ်မံအခွန် ဆောင်ရသလို ကန်ကြီးထောင့် အိမ်မဲ၊ မအူပင်၊ ဝါးခယ်မ စတဲ့ မြို့နယ်တွေမှာလည်း ဒုတိယအကြိမ် ကျပ်သုံးသိန်း ထပ်ပြီးအခွန်ဆောင်ရပေမယ့် လစဉ်ကြေး မပေးရဘူးလို့ သိရပါတယ်။
စစ်ကောင်စီက အုတ်အလုံး တစ်သောင်းခွဲထွက် လိုင်စင်ဖိုကြီး တဖိုကို ကျပ် ၃ သိန်း လုပ်ငန်းခွန်တောင်းပြီး အုတ်အလုံး ငါးထောင်အတွင်းထွက်တဲ့ တနိုင်တပိုင် အုတ်ဖိုတဖိုကိုတော့ လုပ်ငန်းခွန်အဖြစ် ကျပ်တသိန်းခွဲ တောင်းပါတယ်။
“ အုတ်ဖိုတွေရဲ့ လုပ်ငန်းခွန်ကို အထက်က သတ်မှတ်နှုန်း အတိုင်းကောက် ပေးရတာ လစဉ်ကြေးကတော့ ရပ်ရွာဖွံ့ဖြိုးရေး လုပ်ငန်းတွေနဲ့ လုံခြုံရေးလုပ်ငန်းတွေအတွက် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ရဲ့ အစီအစဉ်နဲ့ တောင်းတာပါ ” လို့ အုပ်ချုပ်ရေးအဖွဲ့ ဝင်တဦးက ပြောပါတယ်။
စစ်ကောင်စီ အုပ်ချုပ်ရေး အဖွဲ့သာမက မြေစာရင်းဦးစီးနဲ့ စည်ပင်သာယာရေး အဖွဲ့တွေကိုလည်း အခွန်ပေးဆောင် ရတဲ့အပြင် စစ်ကောင်စီ နယ်မြေစိုးမိုးရေးတပ်ဖွဲ့၊ ရဲတပ်ဖွဲ့ ၊မီးသတ်တပ်ဖွဲ့ နဲ့ ပျူစောထီး(ပြည်သူ့စစ်) အဖွဲ့တွေကလည်း အကြောင်း အမျိုးမျိုးပြ ငွေတောင်းကြတယ်လို့ ပြောပါတယ်။
စစ်တပ်အာဏာမသိမ်းခင်က အုတ်အလုံး ၂၀၀၀ မှ ၅၀၀၀ အတွင်း ထွက်တဲ့ အုတ်ဖို တနိုင်တပိုင် လုပ်ကိုင်သူတွေ အနေနဲ့ လိုင်စင်လုပ်ပြီး လုပ်ငန်းခွန် ပေးဆောင်ဖို့ မလိုပဲ အုတ်အလုံး တစ်သောင်းခွဲ ထွက်တဲ့ အုတ်ဖိုတွေသာ လိုင်စင်လုပ်ပြီး တနှစ်စာအတွက် လုပ်ငန်းခွန် ကျပ်တသိန်းခွဲ ပေးဆောင်ခဲ့ရတာ ဖြစ်ပါတယ်။
အုတ်ဖိုလုပ်ငန်းရှင်တွေအနေနဲ့ ဒေသအတွင်းမှာ စီမံကိန်း၊တည်ဆောက်ရေး လုပ်ငန်းတွေ နည်းပါးနေလို့ အုတ်အရောင်းအဝယ် အေးနေပြီး လုပ်သားတွေနဲ့ အုတ်ဖိုပိုင်ရှင်တွေ အတွက် စားသောက်စရိတ်၊ နေထိုင်စရိတ်ကြေ တနိုင်တပိုင်သာ လုပ်ကိုင် နေကြရပါတယ်။
“အခွန်တွေ ကတိုးလာတယ် အခြား အဖွဲ့အစည်း အသီးသီးတွေကလည်း မညှာမတာ၊ တရားမရှိ ဓါးမရှိ ဆက်ကြေး တောင်းသလို တောင်းနေကြတော့ ပိုပြီးအဆင်မပြေ ဖြစ်ရတယ်”လို့ အုတ်ဖုတ်လုပ်ငန်းရှင်တဦးက DNA ကို ပြောပါတယ်။
အခုလို အခွန်တိုးမြင့်ကောက်ခံတာ စစ်ကောင်စီ လက်အောက်ခံ အဖွဲ့ အစည်းအသီးသီးက ဆက်ကြေးတောင်းသလို ငွေတောင်းနေကြတာကြောင့် လက်ရိုက်အုတ် လုပ်ငန်းအချို့ ရပ်တန့်သွားပါတယ်။
ဧရာဝတီတိုင်း အတွင်းမှာ လက်ရိုက်မြေ အုတ်ဖုတ်တဲ့ လုပ်ငန်းလုပ်ကိုင်သူ အများအပြား ရှိနေပြီး ပုသိမ်မြို နယ် တခုတည်း အတွင်းမှာ အုတ်ဖုတ်တဲ့ ဖိုပေါင်း ၂၄၀ ကျော်ရှိကာ အုတ်ဖုတ် လုပ်ငန်းခွင် လုပ်သား ၃၀၀၀ နီးပါး ရှိနေပါတယ်။