စစ်မီးကူးစက်လာတဲ့ဧရာဝတီရဲ့ရင်တွင်းစကား


လွန်ခဲ့တဲ့ လေးနှစ်ကျော်မှာတော့ အခြေအနေတွေက ပြောင်းလဲသွားခဲ့ပါတယ်။၂၀၂၁ နှစ်နောက်ပိုင်း စစ်တပ်က အာဏာသိမ်းလိုက်တဲ့အခါမှာတော့ အမြောက်တပ် ၃၄၄ ထဲက အစိမ်းရောင်ဝတ်စစ်သားတွေ အစွယ်ပေါက်လာကြပါတော့တယ်။
“ကြွားပြောရင် ဂိတ်ဝက အစောင့်စစ်သားတွေနားမှာ အိပ်နေတဲ့ ခွေးတောင် ပုံစံပြောင်းသွားတယ်။ ခွေး ကအစ မျက်နှာကြောတင်းလာတာကို ပြောချင်တာ” လို့ ကိုမိုးကြီးကပြောပါတယ်။

၂၊ဇူလိုင်လ။

အမြောက်တပ်(၃၄၄)လို့သိကြတဲ့အမြောက်တပ်ကရေကြည်မြို့နယ်ရဲ့ အနောက်ဘက်မှာ တည်ရှိပြီး ဧရာဝတီတိုင်း ရဲ့ ခံတပ်ကြီးတခုလို့ဆိုကြပါတယ်။

အမြောက်တပ်၃၄၄ကအနီးဝန်းကျင်မှာတော့ညောင် ပင်သာ ၊ ရေစမ်း၊ ကျောင်းကုန်းစမ်း ၊ တောင်စမ်း၊ မြောက်စမ်း ၊ မျှောတူ၊ ကျောက်ခဲချောင်း ၊ ဂွေးတောက်ကွက်သစ် ၊ သီတာကုန်းပြင် ၊ ဆင်သေ၊ မိဿလင် ၊ စဉ့် အိုးကွဲရွာဆိုပြီးတော့ ရွာပေါင်း ၁၂ ရွာရှိပါတယ်။

သူ့ကိုယ်သူ ကိုမိုးကြီးလို့ နာမည်ဝှက်နဲ့ မိတ်ဆက်
လာတဲ့သူကတော့ အမြောက်တပ် ၃၄၄ ဆိုတဲ့ ခံတပ် ကြီးကို လှမ်းကြည့်လိုက်ရင် မြင်ရတဲ့ဒေသမှာနေထိုင်ပါတယ်။ သူက ရခိုင်ရိုးမတောင်ခြေမှာ မွေးပြီးတော့ ရခိုင်ရိုးမဝန်းကျင်မှာ ကြီးပြင်းခဲ့တဲ့သူပါ။
ကိုမိုးကြီးကိုမွေးတော့ အမြောက်တပ် ၃၄၄ ဆိုတာ မရှိသေးပါဘူး။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် လောက်ကမှ အမြောက်တပ် ၃၄၄ ဆိုတာက သူတို့ရွာနားကို ရောက်ရှိလာခဲ့တာလေ။ စရောက်တုန်း ကတော့ အမြောက်တပ် ၃၄၄ ဆိုတာက အသက်မရှိသလိုငြိမ်သက်နေခဲ့တာပါ။

ပတ်ဝန်းကျင်ကျေးရွာက အရပ်သားပြည်သူတွေနဲ့ အမြောက်တပ် ၃၄၄ ထဲက အစိမ်းရောင်ဝတ်စစ်
သားတွေလည်း ခင်မင်ကြပါတယ်လေ။ လွန်ခဲ့တဲ့ ၅ နှစ်ကျော်လောက်က တာဝန်ကျတဲ့ တပ်ရင်းမှူးဆိုရင် ကိုမိုးကြီးတို့ မေ့လို့တောင်မရပါဘူး။

“ ဝဝတုတ်တုတ်ကြီးနဲ့ အရမ်းခင်ဖို့ကောင်းတာ။ အမြောက်တပ်ထဲကိုလည်း အရပ်သားပြည်သူတွေ ဝင် ထွက်သွားလာကြတယ်။” လို့သူကဆိုပါတယ်။
ဒါပေမယ့် လွန်ခဲ့တဲ့ လေးနှစ်ကျော်မှာတော့ အခြေ အနေတွေက ပြောင်းလဲသွားခဲ့ပါတယ်။

၂၀၂၁ နှစ်နောက်ပိုင်း စစ်တပ်က အာဏာသိမ်းလိုက်တဲ့အခါမှာ တော့ အမြောက်တပ် ၃၄၄ ထဲက အစိမ်းရောင်ဝတ်စစ်သားတွေ အစွယ်ပေါက်လာကြပါတော့တယ်။

“ ကြွားပြောရင် ဂိတ်ဝက အစောင့်စစ်သားတွေနားမှာ အိပ်နေတဲ့ ခွေးတောင် ပုံစံပြောင်းသွားတယ်။ ခွေး ကအစ မျက်နှာကြောတင်းလာတာကို ပြောချင်တာ” လို့ ကိုမိုးကြီးကပြောပါတယ်။

မှန်ပါတယ်။ စစ်သားတွေက တပ်ရဲ့ခြံစည်းရိုးတွေကို အရင်နဲ့မတူပြုပြင်လိုက်ကြပါတယ်။

နောက်ပြီးတော့ သက်ကွင်းလို့ခေါ်တဲ့ လွင်ပြင်တွေကို ဖန်တီးလိုက်ကြတဲ့အပြင် ကတုတ်ကျင်းတွေ ၊ မျှော်စင်တွေ ၊ ကာကင်းတွေကို ဖန်တီးလိုက်ကြပါတော့တယ်။ အရပ်သားပြည်သူတွေနဲ့ ဆက်ဆံရေးကို လည်း စစ်သားတွေဘက်ကနေ ဖျက်တောက်လိုက်ပါပြီ။

၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာတော့အမြောက် တပ် ၃၄၄ ရဲ့ ပြင်ဆင်လှုပ်ရှားမှုတွေက ပိုလို့တောင် သိသိ သာသာပြောင်းလဲလာပါတယ်။ ဘာကြောင့် လဲဆိုတော့ အာရက္ခတပ်တော် AA က အမြောက် တပ် ၃၄၄ နဲ့ မိုင် ၅၀ ကျော်မှာရှိတဲ့ရခိုင်ပြည်နယ် ဂွမြို့ကို သိမ်းပိုက်လိုက်လို့ပါ။

ဒီတော့ ဂွ – ငသိုင်းချောင်း လမ်းပိုင်းမှာ တည်ရှိတဲ့ ခံတပ်ကြီးအနေနဲ့ ကြိုတင်ပြင်ဆင်တာတွေကို ပြု လုပ်ခဲ့ကြတာပါ။ ရခိုင်ပြည်နယ်ဘက်နေ ဧရာဝတီ တိုင်းဆီကို တော်လှန်ထိုးစစ်တွေ ဝင်ရောက်မလာခင် မှာ ပထမဦးဆုံး ဧရာဝတီတိုင်းထဲကို စီးဆင်းလာတာကတော့ စစ်ဘေးရှောင်တွေဖြစ်ပါတယ်။
ရခိုင်ပြည်နယ် ၊ ဂွမြို့နယ်ထဲက စစ်ဘေးရှောင်တွေဟာ ဂွ – ငသိုင်းချောင်း လမ်းပိုင်းအတိုင်း ဧရာဝတီ တိုင်းထဲကို သောင်းနဲ့ချိပြီးတော့ ရောက်ရှိလာခဲ့ကြတာပါ။

တချို့ဆိုရင် ခြေလျင်လာကြတာ။ ဖိနပ်တောင်မပါကြဘူး လို့ ငသိုင်းချောင်းမြို့ပေါ်မှာ နေထိုင်သူက ပြောပါတယ်။

ရခိုင်စစ်ဘေးရှောင်တချို့ဟာ ဆွေမျိုးတွေ ၊ အသိ မိတ်ဆွေတွေရှိလို့ ပြောင်းလာကြတာပါ။ တချို့က တော့ အသိလည်းမရှိ ၊ ဆွေမျိုးလည်းမရှိဘဲ နေရပ် ကိုစွန့်ခွာလာခဲ့ကြတာပါ။ ဧရာဝတီတိုင်းသားတွေက ရခိုင်ပြည်သူတွေကို ကြိုဆိုခဲ့ကြပါတယ်။
တချို့ဆိုရင် ကိုယ်ပိုင်တောင်ယာတွေထဲမှာ တဲဆောက်ပြီးတော့ အခမဲ့နေထိုင်ခွင့်ပြုခဲ့ကြပါတယ်။ စစ်ပွဲ ဆိုတာကို မမြင်ဘူးသေးတဲ့ ဧရာဝတီတိုင်းသားတွေဟာ ရခိုင်ပြည်နယ်က စစ်ရှောင်တွေအပေါ် ဂရုဏာအပြည့်နဲ့ တက်နိုင်သလောက် ကူညီခဲ့ကြတာပါ။

အခြေအနေတွေက ထပ်မံပြောင်းလဲခဲ့ပါပြီ။ အာရက္ခတပ်တော် AA ပူးပေါင်းတပ်က ရခိုင်ရိုးမပေါ်ကနေ ဆင်းလာပြီးတော့ အမြောက်တပ် ၃၄၄ ဆိုတဲ့ ခံတပ်ကြီး ဖြိုချဖို့အတွက် ထိုးစစ်ဆင်လာပါတော့တယ်။ ဒါကြောင့် ဧရာဝတီတိုင်းထဲက လေးမျက်နှာမြို့နယ်နဲ့ ရေကြည်မြို့နယ်ထဲက အရပ်သားပြည်သူတွေဟာ စစ်ဘေးရှောင်ဖို့အတွက် နေရပ်တွေကို စွန့်ခွာရပါတော့တယ်။

၂၀၂၅ ခုနှစ် မတ်လထဲမှာ အမြောက်တပ် ၃၄၄ ပတ် ဝန်းကျင်မှာရှိတဲ့ ကျေးရွာတွေအားလုံးက အရပ် သား ပြည်သူအများစုဟာ နေရပ်ကို စွန့်ခွာပြီး ငသိုင်းချောင်းမြို့ ၊ ရေကြည်မြို့နဲ့ အခြားဆက်စပ်မှုရှိတဲ့တည် နေရာတွေကို ပြောင်းရွှေ့ခဲ့ကြပါတယ်။
တချို့ကတော့ အခြေအနေစောင့်ကြည့်ဖို့နဲ့ နေအိမ် ကိုစောင့်ရှောက်ဖို့အတွက် ကျန်ရစ်ခဲ့ကြပါတယ်။

“တချို့ကလည်း ပြေးစရာပိုက်ဆံမရှိတာကြောင့်ပဲ မပြေးဘဲကျန်ရစ်နေခဲ့ကြတာပါ။ ကျန်တော်လည်းပြေး ပါတယ် လို့ ကိုမိုးကြီးကပြောပါတယ်။သူတို့ မိသားစုဟာ ရေကြည်မြို့နယ် အနောက်ဘက်ကနေ ရေကြည်မြို့နယ် အရှေ့ဘက်ဆီကို ထွက်ပြေး ခဲ့ကြတာပါ။ တည်နေရာသစ်မှာက သူတို့မိသားစုအတွက် အလုပ်အကိုင်မရှိခဲ့ပါဘူး။ ကိုမိုးကြီးတို့မိသားစုဟာ အရင်ကဆိုရင် လယ်ယာလုပ်ငန်းကို လုပ်ကိုင်ကြပါတယ်။

နောက်ပြီးတော့ ရာသီအလိုက် ရခိုင်ရိုးမပေါ်တက်
ပြီး ဝါးခုတ် ၊ မီးသွေးဖုတ်တဲ့လုပ်ငန်းကိုလည်း လုပ် ကိုင်ကြပါသေးတယ်။ ဒီတော့ မိသားစုစီးပွားရေး အဆင်ပြေတယ်လို့ ပြောရမှာပါ။ တည်နေရာသစ် မှာကတော့ ဝင်ငွေဆိုတာ ဗလာနတ္ထိပါပဲ။

ကိုမိုးကြီးတို့ ထွက်ပြေးလာတုန်းကဆိုရင် သေနတ် သံတွေက တချက်တလေပဲကြားရသေးတာပါ။ တိုက် ပွဲက သူတို့နဲ့ မိုင် ၂၀ လောက်အကွာဆိုတော့ ဝေးသေးတယ်လေ။ ဘာပဲပြောပြော အဲဒီအချိန်က ကြောက် ကြောက်နဲ့ ပြေးလိုက်ကြတာ ငသိုင်းချောင်းမြို့လမ်းဆုံမှာဆို လူတွေကိုပြည့်လို့နေတာပါ။

အချိန်သုံးလလောက်ကြာတော့ တည်နေရာသစ်မှာ ဆက်လက်နေထိုင်ဖို့က မဖြစ်နိုင်တော့ပါဘူး။ အိမ် ငှားခတွေ ၊ နေ့စဉ်စားသောက်စရိတ်တွေ ၊ ဆေးဝါးကုသစရိတ်တွေကြောင့် ရှိစုမဲ့စုပိုက်ဆံကလည်း ကုန်သလောက်ဖြစ်နေပါပြီ။

ဒါနဲ့ပဲရွာပြန်မယ်ဆိုပြီးကိုမိုးကြီးတယောက်ဆုံးဖြတ်
လိုက်ပါတော့တယ်။ သူဆုံးဖြတ်ချက် ချလိုက်တဲ့ အချိန်မှာ တိုက်ပွဲက သူတို့ရွာနဲ့ဆိုရင် ၅ မိုင်အကွာလောက်မှာ ရောက်ရှိနေပါတယ်။ ဒါပေမယ့်လည်း မပြန်လို့ကလည်း မဖြစ်တော့တဲ့အခြေအနေတခုကိုသူကြုံတွေ့နေရတာပါ။

ကိုမိုးကြီးလိုပဲ တည်နေရာအသစ်မှာ မရပ်တည်နိုင်လို့ မွေးရပ်မြေကို တစတစနဲ့ ပြန်လည်အခြေချသူတွေက အများကြီးပါ။

“သေလည်းသေဟာဆိုပြီး ပြန်လာဖြစ်တာ”လို့ ကိုမိုးကြီးကပြောပါတယ်။

ပြီးတော့ သားဖြစ်သူကို စိုးရိတ်စိတ်ကြားကနေပဲ စာသင်ကျောင်းတောင် ထားလိုက်ပါသေးတယ်။
အမြောက်တပ် ၃၄၄ နားက စာသင်ကျောင်းတွေဆိုတာက လက်နက်ကြီးသံတွေ ၊ လေယာဉ်ဗုံးကြဲသံ တွေကြားမှာ စာသင်နေကြရတာပါ။ ဒေသခံတွေအဆိုအရ အမြောက်တပ် ၃၄၄ ရဲ့ အနောက်ဘက် ဂွ – င သိုင်းချောင်း လမ်းပိုင်းက ကျေးရွာတွေမှာတေ့ အရပ်သားပြည်သူတွေ နေထိုင်ခြင်းမရှိတော့ပါဘူး။
တိုက်ပွဲက အမြောက်တပ် ၃၄၄ ရဲ့ အနောက်ဘက် လေးမိုင်အကွာလောက်မှာ အပြင်းအထန်ဖြစ်ပွားနေတာပါ။ ဒါပေမယ့်လည်း အမြောက်တပ် ၃၄၄ ရဲ့ အရှေ့ဘက် ၊ မြောက်ဘက် (ရွာအနည်းငယ်) နဲ့ တောင်ဘက်ပိုင်းက ရွာတွေမှာတော့ အရပ်သားပြည်သူတွေရှိနေကြပါတယ်။

သေနတ်သံလေးတချက်နှစ်ချက်လောက်ကြားတာကို အိပ်မပျော်ခဲ့ဘူး။ အခုတော့ အမြောက်သံ ဗုံးသံ မကြားရင်တောင် စားမဝင်အိပ်မပျော်နဲ့ ဟာတိဟာတာဖြစ်နေတယ် လို့ ကိုမိုးကြီးက ပြောပြပါတယ်။
ဟုတ်ပါတယ်။ အမြောက်တပ် ၃၄၄ အနီးမှာက တိုက်ပွဲတွေ မရှိရင်တောင် လေယာဉ်နဲ့က နေ့တိုင်းဗုံးကြဲ နေတာဖြစ်ပါတယ်။

ဒီတော့ ပေါက်ကွဲသံတွေက ယဉ်ပါးနေတာပေါ့။ တိုက်ပွဲတွေ လက်တကမ်းကိုရောက်ရှိနေပေမယ့် ကိုမိုးကြီးအပါအဝင် အမြောက်တပ် ၃၄၄ အနီးအနားက အရပ်သားပြည်သူတွေ လက်ရှိအထိရွေ့ပြောင်းဖို့ မစဉ်း စားကြသေးပါဘူး။

ငွေကြေးတက်နိုင်တဲ့လူတွေက ပထမအကြိမ်ပြောင်းပြီးကတည်းက ပြန်မလာကြဘူး။ အခုရှိနေသူတွေက တကြိမ်ပြေးပြီးသားလူတွေ။ ဒီလူတွေအကုန်လုံးက ပြေးစရာမရှိတော့လို့ ပြန်ရောက်လာကြတာ။ မပြေးဘဲ အသေခံမယ့်လူတွေဆိုပါတော လို့ ကိုမိုးကြီးကပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ဖို့နီးစပ်နေတဲ့အမြောက်တပ် ၃၄၄ အနီးအနားက ကျေးရွာတွေ မှာတော့ အရပ်သားပြည်သူတွေ သိန်းဂဏန်းရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ဒီလောက်များပြားတဲ့ လူဦးရေက စစ်ပွဲကိုအံတုဖို့အတွက် ကြိုတင်ပြင်ဆင်ထားတာဆိုလို့ ကောင်း ကောင်းမွန်မွန်မရှိပါဘူး။

“ပြည်တွင်းစစ်ဖြစ်နေတာ။ ပြည်တွင်းရဲ့ ဘယ်နေရာပြေးပြေး အနှေးနဲ့အမြန်မလွတ်ဘူး။ ပြောချင်တာ ပြည်တွင်းမှာ ပြေးစရာမြေမရှိဘူး။ ပြေးလည်း အခုမြင်နေရတဲ့ စစ်ရှောင်တွေလိုပဲ မျက်နှာငယ်လေးနဲ့ ဖြစ်နေရမှာ” လို့ ကိုမိုးကြီးကပြောပါတယ်။

Delta News နဲ့ စကားပြောနေချိန်မှာ သူဟာ အမြောက်တပ် ၃၄၄ အနီးမှာ ကလေးဖြစ်သူကို ကျောင်းကြိုနေတာပါ။ ကျောင်းဆင်းခေါင်းလောင်းကထိုးပါပြီ။ ဒါပေမယ့် ကလေးတွေကော ကျောင်းကြိုတဲ့ မိဘတွေပါ မကြားလိုက်ကြပါဘူး။

ဘာလို့လဲဆိုတော့ စာသင်ကျောင်းရဲ့ အနောက် မြောက်အရပ်ကနေ ပေါက်ကွဲသံအကျယ်ကြီးထွက်ပေါ်လာတာကြောင့်ပါ။ အဲဒီနောက်တော့ကျောင်းဆင်းခေါင်းလောင်းသံက နောက်တကြိမ်ပြန်လည်ထွက်ပေါ်လာပါ တယ်။ ကလေးတွေ ကျောင်းဆင်းပါပြီ။

“ ခေါင်းလောင်းသံနဲ့ ဗုံးကွဲသံကတော့ ဒီမှာတော့ အပြိုင်ပဲ”လို့ ကိုမိုးကြီးက ပေါ့ပေါ့ပါးပါးပြောဆိုရင်း အိမ်ပြန်ဖို့ နှုတ်ဆက်သွားပါတော့တယ်။