လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးဦးဆောင်မှုအပိုင်းကို ကြည့်ရင် နိုင်ငံရေးလမ်းစဥ်နဲ့ပတ်သက်ပြီး အကြမ်းဖျင်း (၃) ခု ပိုင်းခြားကြည့်လို့ရတယ်လို့ မြင်ပါတယ်။ ပထမတစ်ခုကတော့ စစ်ကောင်စီ မပါဝင်တဲ့ နိုင်ငံရေးလမ်းစဥ် ဖြစ်ပါတယ်။ ဒုတိယတစ်ခုကတော့ စစ်ကောင်စီရဲ့ နိုင်ငံရေးလမ်းစဥ် ဖြစ်ပါတယ်။ တတိယတစ်ခုကတော့ စစ်ကောင်စီနဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဒိုင်ယာလော့ဒ်လုပ်ပြီး သွားမယ့် လမ်စဥ်ဖြစ်ပါတယ်။
ဒီဆောင်းပါးရဲ့ ရည်ရွယ်ချက်ကတော့ လက်ရှိသွားနေတဲ့ မြန်မာနိုင်ငံရေးဦးဆောင်မှုအပိုင်းက လမ်းကြောင်းတစ်ချို့ကို ကျယ်ကျယ်ပြန့်ပြန့်သိရှိလာအောင် မျှဝေလိုခြင်းပဲဖြစ်ပါတယ်။ ကျနော်တို့ ပြည်သူတွေဟာ အမြဲတမ်း ချာလည်ချာလည် ဖြစ်ကြရပါတယ်။ ဦးဆောင်သူများက ပြည်သူ နားလည်အောင် ရှင်းပြမှု အားနည်းတာ၊ အချက်အလက်အဖြစ်အပျက်တွေကို လျို့ဝှက်ထားတာ၊ တခါတလေ ရှင်းပြပေမယ့်လည်း လူထုနဲ့ ဝေးတဲ့ ပုံစံမျိုးတွေ၊ နားလည်ရ ခက်ခဲတဲ့ ပုံစံတွေ ဖြစ်နေတာကြောင့် ကျနော်တို့ ပြည်သူတွေဟာ နားလည်ဖို့ ခက်ပါတယ်။ လက်လှမ်းမီဖို့ ဝေးပါတယ်။ လမ်းစဥ် (၃) ရပ်ကို တစ်ခုချင်း ရှင်းပါ့မယ်။
ပထမ လမ်းစဥ်
ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ် အစိတ်အပိုင်း (၁) နဲ့ အစိတ်အပိုင်း (၂) ကို ၂၀၂၁ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီ ပဋိညာဥ် အစိတ်အပိုင်း (၁)၊ အခန်း (၃) မှာ အကောင်အထည်ဖော်မည့်လုပ်ငန်းစဥ် (သို့မဟုတ်) နိုင်ငံရေးလမ်းပြမြေပုံ ဆိုပြီး ပါဝင်ပါတယ်။ အချက် (၈) ချက်ပါ။ အဲ့ဒါက ပဋိညာဥ် ပထမ ဗားရှင်းပါ။ ပဋိညာဥ် ဒုတိယ ဗားရှင်းကိုတော့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ကနေ ၂၉ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ပထမအကြိမ် ပြည်သူ့ညီလာခံမှာ ပြင်ဆင်ဖြည့်စွက်ပြီး အတည်ပြုခဲ့ပါတယ်။ ဒုတိယဗားရှင်း အစိတ်အပိုင်း (၂) အခန်း (၃) မှာလည်း ပထမ ဗားရှင်းလိုပဲ အကောင်အထည်ဖော်မည့်လုပ်ငန်းစဥ် (သို့မဟုတ်) နိုင်ငံရေးလမ်းပြမြေပုံ ဆိုပြီး ဆက်ပါပါတယ်။ ဒါပေမယ့် (၈) ချက်ကနေ (၁၂) ချက် ပြောင်းသွားပါတယ်။ အဲ့ဒီလမ်းပြမြေပုံကို ကြည့်လိုက်ရင် စစ်ကောင်စီနဲ့ ဆွေးနွေးရေးလမ်းစဥ် မပါရှိပါဘူး။ ဒိုင်ယာလော့ဒ်ကို သွားဖို့ မပါရှိပါဘူး။
ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ်ရဲ့ နိဒါန်းထဲမှာလည်း “စစ်အာဏာရှင်စနစ်ကို အပြီးသတ် တိုက်ဖျက် ချေမှုန်း” ၊ “အာဏာရှင်စနစ်ဟူသမျှကို အမြစ်ပြုတ်တိုက်ဖျက်” စတဲ့ စကားလုံးတွေကို ထင်ထင် ရှားရှား ထည့်သွင်းရေးထားပါတယ်။ ပဋိညာဥ်အစိတ်အပိုင်း (၂) အခန်း (၁) ရည်ရွယ်ချက်မှာလည်း “စစ်အာဏာရှင်စနစ်အပါအဝင် မည်သည့်အာဏာရှင်စနစ်မဆို အပြီးတိုင် ချုပ်ငြိမ်းရေးကို ဦးတည်သည့် လုပ်ငန်းစဥ်များ” စသည်ဖြင့် ဖော်ပြထားပါတယ်။ ဒါ့အပြင် ပဋိညာဥ်ထဲမှာပဲ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပျက်ပြယ်သွားပြီဖြစ်ကြောင်း ဖော်ပြထားတာလည်း ရှိတယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အပြီးသတ်ဖျက်သိမ်းရေးဆိုတဲ့ ရည်ရွယ်ချက်လည်း ပါထားတယ်။ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကလည်း ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဖျက်သိမ်းကြောင်း ကြေညာခဲ့တယ်။
ဆိုတော့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ်အရ ပြောကြစတမ်းဆိုရင် စစ်ကောင်စီနဲ့ စေ့စပ်ဆွေးနွေး တာမျိုး မလုပ်ဘူး၊ ဒိုင်ယာလော့ဒ်လမ်းကြောင်းကို လက်မခံဘူးဆိုတာ ထင်ရှားပါတယ်။ အထက်က အချက်တွေကို ကြည့်ရင် စစ်ကောင်စီမပါတဲ့ နိုင်ငံရေးလမ်းကြောင်းကို သွားမယ်ဆိုတာ မြင်သာ ပါတယ်။ တကယ်လို့ စစ်ကောင်စီနဲ့ စကားပြောခဲ့ရင်တော့ ဒါက အာဏာလွှဲပြောင်းယူတဲ့ ဆွေးနွေးမှု၊ နိုင်ငံတော်အာဏာကို ပြန်လည်ရယူတဲ့ ဆွေးနွေးမှုပဲ ဖြစ်မယ်လို့ ယူဆပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဥ်အရ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၊ အမျိုးသားညီညွတ်ရေးအစိုးရတို့ဟာလည်း ပဋိညာဥ်အရ ပြောကြစတမ်းဆိုရင် စစ်ကောင်စီပါတဲ့ နိုင်ငံရေးဖြစ်စဥ်ကို သွားမှာ မဟုတ်ဘူး။ စစ်ကောင်စီနဲ့ ညှိနှိုင်းပေါင်းစပ်သွားမှာ မဟုတ်ဘူးလို့ နားလည်ရပါတယ်။ CRPH လည်း အဲ့ဒီအတိုင်းပါပဲ။ စစ်ကောင်စီနဲ့ ဆွေးနွေးညှိနှိုင်း ပူးပေါင်းမယ့် အစီအစဥ်မရှိဘူးလို့ နားလည်မိပါတယ်။ ထပ်ချဲ့စဥ်းစားကြည့်ရင် ပဋိညာဥ်ကို လက်ခံထားတဲ့ အဖွဲ့အစည်းတွေ တနည်းအားဖြင့် အမျိုးသားညီညွတ်ရေးကောင်စီ (NUCC) အဖွဲ့ဝင် အဖွဲ့အစည်းတွေဟာလည်း ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ်ကို အကောင်အထည်ဖော်ကြမယ်လို့ ကတိကဝတ်ပြုထားကြတာ ဖြစ်တဲ့အတွက် စစ်ကောင်စီမပါတဲ့ နိုင်ငံရေးလမ်းစဥ်အတိုင်းသွားမယ်လို့ နားလည်မိပါတယ်။
ဒုတိယလမ်းစဥ်
ဒုတိယ လမ်းစဥ်ဖြစ်တဲ့ စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဥ် (၅) ချက်ကတော့ အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက ပြောလာတာတွေ ဖြစ်ပါတယ်။ အနှစ်ချုပ်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်ကနေ ရွေးကောက်ပွဲလုပ်၊ အဲ့ဒီရွေးကောက်ပွဲကနေ အနိုင်ရလာတဲ့ သူတွေကို အာဏာလွှဲပြောင်းပေးမယ်ဆိုတဲ့ လမ်းစဥ်ဖြစ်ပါတယ်။
၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲရဲ့ ရလဒ်တွေကို သေနက်ထောက်ဖျက်၊ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရအဖွဲ့ဝင်တွေကို ဖမ်းဆီး အာဏာသိမ်းတဲ့ စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမျှတ လွတ်လပ်မယ်လို့ မစင်စား ပြောတောင် ဘယ်သူမှ ယုံမှာ မဟုတ်ပါဘူး။ စစ်အုပ်စု အာဏာဆက်လက် လက်ဝယ်ရရှိရေး ရေးကောက်ပွဲပဲ ဖြစ်ပါတယ်။ ဒီဒုတိယလမ်းစဥ်ကတော့ အာဏာသိမ်းကတည်းက ခြောက်လအတွင်း ရွေးကောက်ပွဲလုပ်ပြီး အာဏာလွှဲပေးမယ်၊ တစ်နှစ် အတွင်း ရွေးကောက်ပွဲလုပ်ပြီး အာဏာလွှဲပေးမယ်နဲ့ အချိန်ဆွဲလာလိုက်တာ အခုဆိုရင် (၄) နှစ်ကျော်တောင် ရှိလာပါပြီ။
အခုလမ်းစဥ်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကနေ ပုံစံမျိုးစုံနဲ့ ထွက်လာတဲ့ သတင်းအချို့လည်း ကြားရဖူးပါတယ်။ အဲ့ဒါကတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ပါ။ အခုက ပြင်လို့ မရဘူး။ လွှတ်တော်ပေါ်မှ ပြင်လို့ရမယ်။ အခု တချို့အချက်တွေ အလွတ်သဘော ဆွေးနွေးပြီးတော့ သဘောတူညီချက်ယူထား၊ ပြီးရင် ရွေးကောက်ပွဲလုပ်၊ လွှတ်တော်ခေါ် အာဏာလွှဲ၊ အဲ့ဒီလွှတ်တော်ကနေမှ ပြင်ရမယ်ဆိုတာ ဖြစ်ပါတယ်။ သမိုင်းတလျှောက် အကြိမ်ကြိမ် ကတိဖျက်တဲ့ စစ်ကောင်စီ၊ ပြည်သူတွေကို နေ့စဥ်သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ ကောလဟာလ သတင်းလွှင့်မှုပဲ ဖြစ်ပါလိမ့်မယ်။ နိုင်ငံရေးအရ အမြတ်ထုတ်လိုမှုပဲ ဖြစ်ပါတယ်။
ဆိုတော့ ဒုတိယ လမ်းစဥ်က စစ်ကောင်စီရဲ့ လမ်းစဥ်ဖြစ်တယ်။ ရွေးကောက်ပွဲလုပ်၊ အနိုင်ရရှိသူကို အာဏာလွှဲ၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို မကြိုက်ရင် ရွေးကောက်ပွဲနောက်ပိုင်း လွှတ်တော်ပေါ်မှ ပြင်ဖို့ ကြိုးစား။ ဒါက ဒုတိယလမ်းစဥ်။
တတိယလမ်းစဥ်
တတိယလမ်းစဥ်ကတော့ အခုတလော အသံထွက်လာတဲ့ Joint Coordination Body (JCB) ရဲ့ လမ်းစဥ်ဖြစ်ပါတယ်။ ဂျေစီဘီ (JCB) ကို ဘယ်ခုနှစ်၊ ဘယ်လ၊ ဘယ်ရက်မှာ ဘာရည်ရွယ်ချက်အတွက် ဘယ်သူတွေနဲ့ ဖွဲ့တယ်ဆိုတာကိုတော့ တရားဝင် ထုတ်ပြန်ကြေညာထားတာ မရှိပါဘူး။ သိရသလောက် ရှမ်းအဖွဲ့တွေဖြစ်တဲ့ SNLD ပါတီနဲ့ RCSS တို့ အပါအဝင် တခြား KNU, KNPP, CNF တို့ပါ ပါဝင်တယ်လို့ ကြားရပါတယ်။ NUG လည်း ပါဝင်တယ်လို့ သိရပါတယ်။ ဂျေစီဘီ စုဖွဲ့မှုကတော့ ငွေဆောင် သဘောတူညီချက်နဲ့ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာ ဆွေးနွေးပွဲကနေ အခြေခံလာတာလို့ လည်း တချို့ ပြောကြပါတယ်။
ဂျေစီဘီ စုဖွဲ့မှုရဲ့ လမ်းစဥ်မှာတော့ အဆင့် (၉) ဆင့် တွေ့ရပါတယ်။ ပထမ တစ်ခုက Internal Talk ဖြစ်ပြီး တော်လှန်ရေး အင်အားစုတွေအချင်းချင်းကြား ဆွေးနွေးပြောဆိုမှုလို့ နားလည်မိပါတယ်။ ဒုတိယအဆင့်က Multi-Nations Collaboration Mechanism (နိုင်ငံများစွာပါဝင်သော ပူးပေါင်း ဆောင်ရွက်ရေးယန္တရား) ဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ၊ တရုတ်၊ အိန္ဒိယတို့လို အိမ်နီးချင်း နိုင်ငံတွေနဲ့ အနောက်နိုင်ငံတွေကို ဆိုလိုတာ ထင်ပါတယ်။ အဲ့ဒီကနေ တတိယအဆင့်အနေနဲ့ အလွတ်သဘောပြောဆို ဆွေးနွေးမှုတွေ (Informal Talks)၊ အကြိုဆွေးနွေးမှုတွေ (Pre-Talks) ကို ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။ ပထမအဆင့်ဖြစ်တဲ့ Internal Talk ကို အချင်းချင်းကြား ပြောဆိုဆွေးနွးမှုလို့ နားလည်မိတဲ့အတွက် အခု အလွတ်သဘော ဆွေးနွေးမှု၊ အကြိုဆွေးနွေးမှုဟာ စစ်ကောင်စီဘက်နဲ့ ဆွေးနွေးဖို့ ဖြစ်နိုင်ပါတယ်။ စတုတ္ထအဆင့်ကတော့ Inclusive Dialogue (လွှမ်းခြုံမှုရှိတဲ့ တွေ့ဆုံဆွေးနွေးရေး) ဖြစ်ပါတယ်။ ဒီအဆင့်မှာကတော့ စစ်ကောင်စီပါဝင်တယ် ဆိုတာ သေချာပါတယ်။ စစ်ကောင်စီနဲ့ ဆွေးနွေးတာကို ဆိုလိုတာ ဖြစ်ပါတယ်။ အဲ့ဒီဆွေးနွေးမှုကနေ အသွင်ကူးပြောင်းရေးကာလ အစီအမံတွေ သဘောတူရရှိပြီးတော့ အသွင်ကူးပြောင်းရေး ကာလ အစိုးရ ဖွဲ့ဖို့ဖြစ်ပါတယ်။ အဲ့ဒီကနေ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲ၊ ရွေးကောက်ပွဲစနစ်တွေ သတ်မှတ်၊ ရွေးကောက်ပွဲလုပ်၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကြီးဆီ ချီတက်ဆိုတာ ဖြစ်ပါတယ်။ အဆင့်တွေ (၉) ဆင့်တောင်ရှိတယ်ဆိုပေမယ့် အချုပ်သဘောကတော့ စစ်ကောင်စီနဲ့ ဆွေးနွေးသဘောတူညီချက် ရယူပြီး အသွင်ကူးပြောင်းရေးကာလအစိုးရ ဖွဲ့မယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ရေးမယ်။ ဒီကနေ ရွေးကောက်ပွဲကျင်းပပြီး ဖက်ဒရယ်ဒီမိုကရေစီဆီ ချီတက်မယ်ဆိုတာပဲ ဖြစ်ပါတယ်။
ဒီတတိယလမ်းစဥ်ကို ကြည့်ရင် ငွေဆောင်ဆွေးနွေးပွဲက ထွက်လာတဲ့ (၇) ချက်နဲ့ လိုက်လျောညီထွေ ဖြစ်တာကို တွေ့ရပါတယ်။ ငွေဆောင်ဆွေးနွေးပွဲရဲ့ အနှစ်ချုပ်ကတော့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေးအတွက် သက်ဆိုင်သူအားလုံးလက်ခံတဲ့ နိုင်ငံရေးဘုံသဘောတူညီချက် ရရေးဖြစ်ပါတယ်။ နိုင်ငံရေးအကျဥ်းသားများလွှတ်၊ အပစ်ရပ်ထား၊ ပြီးရင် စစ်ကောင်စီအပါအဝင် အားလုံးပါတဲ့ အသွင်ကူးပြောင်းရေးဆိုင်ရာ စီမံခန့်ခွဲရေးယန္တရားတစ်ရပ် ဖွဲ့စည်းဖို့ဖြစ်ပါတယ်။ အသွင်ကူးပြောင်းရေးကာလ အစိုးရ ဒါမှမဟုတ် ကြားဖြတ်အစိုးရပုံစံမျိုးပါပဲ။ အဲ့ဒီကနေမှ စောနက ပြောတဲ့ ဖက်ဒရယ်ဒီမိုကရေစီကို ဦးတည်တဲ့ နိုင်ငံရေးသဘောတူညီချက် သွားရေးဖြစ်ပါတယ်။
ဒီတတိယလမ်းစဥ်ထဲမှာ တိုက်တိုက်ဆိုင်ဆိုင်တူနေတာ နောက်တစ်ခုကတော့ NCA လမ်းစဥ် အတိုင်း သွားပြီး စစ်အုပ်စုနဲ့ နီးနီးစပ်စပ်ဖြစ်နေတဲ့ 7 EAO Alliance ဖြစ်ပါတယ်။ ဧပြီလ (၂၉) ရက်ကနေ (၃၀) ရက်အထိ ကျင်းပတဲ့ 7 EAO Alliance ရဲ့ (၄) ကြိမ်မြောက်အစည်းအဝေးအပြီးမှာ ဖက်ဒရယ် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဆိုင်ရာ လုပ်ငန်းစဉ် (၅) ရပ်ဆိုပြီး ထုတ်ပြောလာတာ ရှိပါတယ်။ အပစ်ရပ်၊ ဖက်ဒရယ်ဒီမိုကရေစီဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေး၊ အသွင်းကူးပြောင်းရေး ကာလ အစိုးရဖွဲ့၊ ဖွဲ့စည်းပုံအခြေခံဥပဒေရေး၊ အဲ့ဒီရေးထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရှေ့ဆက်မယ် ဆိုတာပဲ ဖြစ်ပါတယ်။ ဒါကလည်း ဂျေစီဘီ ရဲ့ (၉) ချက်နဲ့ တူပါတယ်။
ငွေဆောင်ဆွေးနွေးပွဲက ထွက်လာတဲ့ အချက်အလက်တွေနဲ့ 7 EAO Alliance ရဲ့ အချက်တွေဟာ ဂျေစီဘီ ရဲ့ အချက်တွေနဲ့ တူနေရတဲ့ အကြောင်းအရင်းကလည်း ရှိပါတယ်။ ငွေဆောင်ဆွေးနွေးပွဲမှာ SNLD ဥက္ကဋ္ဌ ဦးစိုင်းညွှန့်လွင် ပါဝင်ပါတယ်။ 7 EAO Alliance မှာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့က RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ဖြစ်ပါတယ်။ ဂျေစီဘီ မှာ SNLD ရော၊ RCSS ရော ပါဝင်နေတာ ဖြစ်ပါတယ်။ ဂျေစီဘီ ပွဲတွေကို ပိုက်ဆံပေးတာ၊ စီစဥ်တာက EBO ဖြစ်ပါတယ်။ ဦးဟန်ညောင်ဝေက ဒါရိုက်တာ ဖြစ်ပါတယ်။ ဒါကလည်း အကြောင်းအရင်းတစ်ရပ် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
လမ်းစဥ် (၃) ရပ်ရဲ့ အဆက်အစပ်
ပထမ လမ်းစဥ်က ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ်လမ်းကြောင်းဖြစ်တယ်လို့ တင်ပြခဲ့ပါတယ်။ အဲ့ဒီ ပဋိညာဥ်အရ ပေါ်လာတာက အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ဖြစ်ပါတယ်။ အဲ့ဒီ NUCC အဖွဲ့ဝင်အချို့ဟာ တတိယလမ်းစဥ်ဖြစ်တဲ့ ဂျေစီဘီမှာ အဖွဲ့ဝင် အဖြစ် ပါဝင်နေပါတယ်။ KNU, KNPP, DPNS, ABSDF, WLB တို့ ဖြစ်ပါတယ်။ NUCC တစ်စုံလုံးကို ကြည့်လိုက်တယ်ဆိုရင် လက်နက်ကိုင်အဖွဲ့အစည်း (EROs) အနေနဲ့ တိုက်ရိုက်ပါတာက KNU, KNPP နဲ့ ABSDF (၃) ဖွဲ့ပဲ ရှိပါတယ်။ အဲ့ဒီ (၃) ဖွဲ့လုံးဟာ ဂျေစီဘီ မှာ ပါဝင်နေတဲ့ သဘောဖြစ်ပါတယ်။ NUCC မှာ နိုင်ငံရေးပါတီ ဆိုရင်လည်း DPNS တစ်ပါတီပဲ ရှိတာဖြစ်ပါတယ်။ အဲ့ဒီ DPNS ကလည်း ဂျေစီဘီမှာ ပါဝင်နေပြန်ပါတယ်။ နောက်တစ်ခုကတော့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ပါ။ NUG ဟာလည်း ဂျေစီဘီ နဲ့ ပတ်သက်ဆက်နွယ်နေပါတယ်။ ပါဝင်တယ်လို့ သတင်းကြားရပါတယ်။
တတိယလမ်းစဥ်အဖြစ်တင်ပြခဲ့တဲ့ ဂျေစီဘီဟာ ဒုတိယလမ်းစဥ်ဖြစ်တဲ့ စစ်ကောင်စီနဲ့လည်း ဆက်စပ်မှု ရှိတယ်လို့ ဆိုနိုင်ပါတယ်။ အဓိကတော့ RCSS ဖြစ်ပါတယ်။ RCSS ကို စစ်ကောင်စီဘက်ကလို့တော့ စွပ်စွဲလို့ မရပါဘူး။ သို့သော်လည်းပဲ RCSS ဟာ 7 EAO Alliance ကို ဦးဆောင်နေတာ ဖြစ်တယ်။ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ဦးဆောင်တာပဲဖြစ်တယ်။ 7 EAO Alliance ဟာ NCA လမ်းကြောင်းအတိုင်း ရပ်တည်ပြီး စစ်ကောင်စီနဲ့ ထိတွေ့မှုတွေရှိပါတယ်။ ပြည်သူတစ်ရပ်လုံး နည်းလမ်းပေါင်းစုံနဲ့ တော်လှန်ရေးဆင်နွှဲလာချိန်မှာ 7 EAO Alliance က စစ်ကောင်စီဘက်လှည့်ပြီး ကျည်တစ်ချက် မဖောက်ပါဘူး။
ပထမလမ်းစဥ် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ်နဲ့ ဒုတိယလမ်းစဥ်က စစ်ကောင်စီနဲ့ကတော့ ခပ်ဝေးဝေး ခပ်စိမ်းစိမ်းလို့ ဆိုရမှာပါ။ အဆက်အစပ် မရှိပါဘူး။ ပဋိညာဥ်ကလည်း စစ်ကောင်စီမပါတဲ့ နိုင်ငံရေးကို စဥ်းစားပါတယ်။ အလားတူပဲ စစ်ကောင်စီကလည်း သူ့လမ်းကို သူလျှောက်ပါတယ်။ ဆက်စပ်ကောင်း ဆက်စပ်ရင် ဂျေစီဘီ ကနေ သွယ်ဝိုက် ဆက်စပ်ပါလိမ့်မယ်။
ဒီလမ်းစဥ် (၃) ခုကို (၂) ပိုင်း ပိုင်းကြည့်လို့လည်း ရပါတယ်။ စစ်အုပ်စု မပါတဲ့ နိုင်ငံရေးဖြစ်စဥ်နဲ့ စစ်အုပ်စုပါတဲ့ တဲ့ နိုင်ငံရေးဖြစ်စဥ် ဖြစ်ပါတယ်။ ပထမလမ်းစဥ်ဖြစ်တဲ့ ပဋိညာဥ်နဲ့ သွားတဲ့ လမ်းစဥ်ဟာ စစ်အုပ်စု မပါတဲ့ လမ်းစဥ်ပါ။ ဒုတိယလမ်းစဥ်ဖြစ်တဲ့ စစ်ကောင်စီရဲ့ လမ်းစဥ်နဲ့ တတိယလမ်းစဥ်ဖြစ်တဲ့ ဂျေစီဘီ ကတော့ စစ်အုပ်စုပါတဲ့ လမ်းစဥ်ဖြစ်ပါတယ်။ အဲ့လို နှစ်ပိုင်းလည်း ကြည့်လို့ရပါတယ်။
နောက်တစ်နည်း (၂) ပိုင်းခွဲကြည့်လို့ရတာကတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကိစ္စ ဖြစ်ပါတယ်။ ပထမ ပဋိညာဥ်လမ်းစဥ်နဲ့ တတိယ ဂျေစီဘီ လမ်းစဥ်ဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လက်မခံပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ရေးကြမှာ ဖြစ်ပါတယ်။ အဲ့ဒီရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်နဲ့ ဆက်လက်ချီတက်မှာ ဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထားခဲ့မှာ ဖြစ်ပါတယ်။ စစ်ကောင်စီကပဲ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆက်လက် သွားလိုတာ ဖြစ်ပါတယ်။ ဒီလိုလည်း ကြည့်လို့ရပါတယ်။
လမ်းစဥ် (၃) သွယ်အပြင်ဘက်က အစုအဖွဲ့တွေ
အထက်မှာ ဆွေးနွေးရှင်းလင်းခဲ့တဲ့ လမ်းစဥ်တွေထဲမှာ မပါတဲ့ အစုအဖွဲ့တွေလည်း ရှိပါသေးတယ်။ KIA, AA, MNDAA တို့က မပါပါဘူး။ အရင်ကတော့ KIA ဟာ KPICT ကနေ တဆင့် NUCC ထဲမှာ ပါတယ်လို့ ပြောလို့ရကောင်း ရနိုင်ပါတယ်။ အခုတော့ KPICT လည်း NUCC ထဲမှာ မရှိတာ ကြာပါပြီ။ ဒါကလည်း ရှင်းရှင်းလင်းလင်းတော့ မဟုတ်ပါဘူး။ TNLA ကတော့ တိုက်ရိုက်မပါပေမယ့် Ta’ang Land Council (ယခင် TPCC) ကနေ တဆင့် NUCC ထဲမှာ ပါတယ်လို့ ပြောလို့ရနိုင်ပါတယ်။ ကျန်တဲ့ UWSA, NDAA တို့ကလည်း ဒီဖြစ်စဥ်တွေမှာ မပါနေပါဘူး။ NLD ပါတီကလည်း ဒီလမ်းစဥ် (၃) ခုထဲ မပါနေပါဘူး။ အခြားမပါဝင်တဲ့ အစုအဖွဲ့တွေလည်း ရှိပါသေးတယ်။ ဒါတွေကလည်း ထည့်သွင်း စဥ်းစားကြရမှာ ဖြစ်ပါတယ်။
နိဂုံး
လက်ရှိ ကျနော်တို့ ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးဟာ အင်မတန် အားကောင်းပါတယ်။ မြန်မာ့ တော်လှန်ရေးတွေထဲမှာ အောင်မြင်ဖို့ အလားအလာအကောင်းဆုံး တော်လှန်ရေးလို့လည်း ပြောလို့ရပါတယ်။ အောင်မြင်မှုတွေလည်း တော်တော်ရထားပါပြီ။ ကျနော်တို့ လိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ဖို့ အကောင်းဆုံး အခွင့်အရေးဖြစ်ပါတယ်။ ကျနော်တို့ တော်လှန်ရေးဟာ အာဏာရှင်စနစ်ကို ဖြုတ်ချဖို့ ရည်ရွယ်တယ်။ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ဖို့ မျှော်မှန်းတယ်။ ဦးဆောင်နေကြသူများအနေနဲ့ ရွေးချယ်လိုက်တဲ့ လမ်းစဥ်ဟာ တော်လှန်ရေးရဲ့ အန္တိမ ပန်းတိုင်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီဆီဦးတည်ရဲ့လား။ တော်လှန်ရေးရဲ့ ပန်းတိုင် ဟုတ်ရဲ့လာဆိုတာ အစဥ် မေးခွန်းထုတ်ဖို့လိုအပ်ပါတယ်။
မြင့်မာန်
၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၆) ရက်