ရည်မှန်းချက်ကြီးမားပြီး ပညာတော်တဲ့လူငယ်တယောက် …. သူတွေးနေတဲ့ အတွေးတခုက ….တော် လှန်ရေးကြီး ပြီးသွားချိန်မှာ လူငယ်မဟုတ်တော့ဘဲ လူကြီးဖြစ်နေမယ့် သူ့ရဲ့အနာဂတ် ….. သူနှမြောတမ်း တနေတာက ….အရင်ကလို လူငယ်ဘဝမျိုး ….
“လူငယ်တွေမှာ အနာဂတ်ရှိတယ်” ဆိုတဲ့ ကြွေးကြော်သံက ၂၀၂၁ ခုနှစ် နှစ်ဦးပိုင်းလောက်မှာ လမ်းမထက်ကနေ မိုးထိညံခဲ့တာပေါ့။ လူပင်လယ်ကြီးထဲမှာ ဒီကြွေးကြော်သံကို ရင်ထဲအသည်းထဲကနေ ခံစားချက်အပြည့်နဲ့ အော်ဟစ်နေခဲ့သူတယောက်ရှိပါတယ်။
အဲအချိန်တုန်းကဆိုရင် သူ့ရဲ့အသက်က ၂၆ နှစ်ပဲရှိသေးတာလေ။ သူဟာ ဒီဂရီဘွဲ့နှစ်ခု ၊ မာစတာဘွဲ့ တခုနဲ့ ဘွဲ့လွန်ဒီပလိုမာ လေးခုကို အရယူခဲ့ပြီး သံအမတ်ကြီးလုပ်မယ်ဆိုတဲ့ စိတ်ကူးနဲ့ အသက်ရှင်နေခဲ့တဲ့ လူငယ်လေး တယောက်ပါ။ သူ့ရဲ့ အိမ်မက်တွေကိုတော့ အာဏာရှင်တွေက ရိုက်ချိုးဖျက်ဆီး ပစ်လိုက်ပါတယ်။
အခုဆိုရင်မှာတော့ သူဟာစာသင်ခန်းတွေကို ကျောခိုင်းခဲ့ရပါပြီ။ ဒါ့ပြင် မောင်းပြန်ကိုင်ထားတဲ့ တော်လှန် တိုက်ခိုက်သူ တယောက်လည်း ဖြစ်လို့နေပါပြီ။
သူရဲ့ နာမည်က မျိုးသူရကိုကိုလို့ ခေါ်ပါတယ်။ သူက ဧရာဝတီတိုင်း ဟင်္သာတမြို့သားပါ။ ကလေးဘဝတုန်းက လေယာဉ်ပိုင်းလော့ကြီး ဖြစ်ချင်ခဲ့တာလို့ မျိုးသူရကိုကိုက ပြန်လည်ပြောပြပါတယ်။
သူ အထက်တန်းတက်တဲ့ နှစ်ကဆိုရင် မိသားစုစီးပွားရေး လုပ်ငန်းတွေကလည်း အရှုံးပေါ် ခဲ့တဲ့အပြင် ဖခင်ဖြစ်သူကလည်း လေဖြန်းရောဂါ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် သူဟာ မိသားစု စီးပွားရေးမှာ ဝင်ရောက် လုပ်ကိုင်ရင်းနဲ့ အထက်တန်းစာမေးပွဲကို ဖြေဆိုခဲ့ရတာပါ။
နောက်တော့ ဟင်္သာတနည်းပညာတက္ကသိုလ်မှာ မက်ကယ်နီကယ်ဘာသာရပ်နဲ့ ကျောင်းဆက်တက်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် ဘွဲ့ရချိန်မှာတော့ သူဟာရန်ကုန်ကို တက်လာခဲ့ပါတယ်။ အဲဒီမှာ သူက ရည်မှန်းချက်ကြီးကြီးနဲ့ ပညာရေးကို လိုက်စားတော့တာပါပဲ။
ရန်ကုန်တက္ကသိုလ်မှာ နိုင်ငံရေးသိပ္ပံတန်းကို ဘွဲ့လွန်ဒီပလိုမာအနေနဲ့ စတင်တက်ရောက်ပါတယ်။ ပြီးတော့ ကိုရီးယားနိုင်ငံက တက္ကသိုလ်တစ်ခုနဲ့ ပူးပေါင်းဖွင့်လှစ်တဲ့ နိုင်ငံတကာ လေ့လာရေးအတတ်ပညာ ဒီပလိုမာတန်းကိုလည်း စကော်လာ ရရှိတာကြောင့် ထပ်မံတက်ရောက်ပါတယ်။
သူဟာ ၂၀၁၈ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ် နှစ်နှစ်တာအတွင်းမှာ ဒီပလိုမာလေးခုကို တစ်ပြိုင်တည်း တက်ရောက် အောင်မြင်ခဲ့ပါတယ်။ မျိုးသူရကိုကိုဆိုတာကတော့ ပညာရေးမှာတင် ထူးချွန်တာမဟုတ်ပါဘူး။ လူမှုရေး လုပ်ငန်းတွေ ၊ လူငယ်ရေးရာ ကိစ္စရပ်တွေမှာလည်း ထူးချွန်ပြောင်မြောက်သူ တဦးပါ။
ဟင်္သာတမြို့မှာ တက္ကသိုလ် တက်ရောက်နေချိန် ဧရာဝတီ လူငယ်ဖိုရမ်ကို ဟင်္သာတခရိုင် လူငယ်ကိုယ်စားလှယ် အနေနဲ့ မျိုးသူရကိုကို တက်ရောက်ခွင့် ရခဲ့ပါတယ်။ အဲဒီနောက်တော့ မြန်မာလူငယ်ဖိုရမ်ကို ဧရာဝတီတိုင်း ကိုယ်စားပြုအနေနဲ့ ထပ်မံတက်ရောက်ခွင့်ရခဲ့ပြန်ပါတယ်။
သူဟာ ဘယ်လောက်အထိ လူငယ်ရေးရာတွေကို လုပ်ကိုင်ခဲ့သလဲဆိုရင် လူငယ်ရေးရာ မူဝါဒရေးဆွဲတာတွေ ၊ အမျိုးသားအဆင့် လူငယ်ရေးရာ မဟာဗျူဟာရေးဆွဲတာတွေမှာတောင် ပါဝင်ခဲ့သူပါ။ နောက်ပြီးတော့ သူက ဧရာဝတီတိုင်း လူငယ်ရေးရာကော်မတီမှာ လူငယ်ကိုယ်စားပြုခေါင်းဆောင်တယောက် ။
ပရဟိတ နယ်ပယ်မှာဆိုရင်လည်း မျိုးသူရကိုကိုက ဟင်္သာတမြို့မှာ စိမ်းလန်းလူငယ်အဖွဲ့ကို ထူထောင်ပြီးတော့ အမှိုက်ကောက်တာ ၊ သစ်ပင်စိုက်တာတွေကို လုပ်ခဲ့ပါသေးတယ်။ နောက်ပြီး နည်းပညာဆိုင်ရာ ကမ့်တွေ ဦးဆောင်ကျင်းပတာ ၊ လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ဦးဆောင်လုပ်ကိုင်တာတွေကိုလည်း ဇာတိမြေမှာ လုပ်ဆောင်ခဲ့ပါတယ်။
ဟင်္သာတမြို့မှာ တက္ကသိုလ်တက်နေရင်း ကျောင်းစားရိတ်ရဖို့အတွက် မျိုးသူရကိုကိုဟာ ကွန် ပျူတာပြင်တာ ၊ ဖုန်းပြင်တာ ၊ ဓာတ်ပုံရိုက်တာ ၊ သတင်းရေးတာတွေ လုပ်ခဲ့ပါသေးတယ်။ ၂၀၁၉ ခုနှစ်ကျောင်းပြီးတဲ့အခါမှာတော့ Gender Equality Network (GEN) မှာ သူအလုပ်ရခဲ့ပါတယ်။
အဲဒီမှာ သူက နိုင်ငံတော်အဆင့် ဂျန်တာရေးရာမူဝါဒတွေ ရေးဆွဲတဲ့အပိုင်းမှာ အလုပ်လုပ်ခွင့်ရခဲ့ပါတယ်။
ကိုဗစ်ကာလမှာတော့ သူဟာ ပြည်သူ့ကျန်းမာရေးဌာနဲ့ ပူးပေါင်းပြီး ဧရာဝတီတိုင်းမှာ ကိုဗစ်ကြိုတင်ကာ ကွယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေခဲ့တာပါ။ တိုင်းဒေသကြီးတစ်ခုလုံးက လူငယ်ကွန်ရက်တွေနဲ့ ချိတ်ဆက်ပြီးတော့ အာဏာမသိမ်းခင်အထိ မျိုးသူရကိုကိုတစ်ယောက် မနားမနေလုပ်နေခဲ့ပါတယ်။
အာဏာသိမ်းလိုက်တဲ့ နေ့ရက်မှာတော့ မျိုးသူရကိုကိုတစ်ယောက် ပိုပြီး အလုပ်ရှုပ်ခဲ့ရပါတယ်။ သူက ဧရာဝတီတိုင်း လူငယ်ရေးရာကော်မတီကို အရေးပေါ်အစည်းအဝေး ချက်ခြင်းခေါ်လိုက်တယ်။ ပြီးတော့ ချက်ခြင်းဆိုသလိုပဲ အာဏာသိမ်းတာကို ဆန့်ကျင်ကန့်ကွက်တဲ့ စာထုတ်လိုက်ပါတော့တယ်။
အာဏာသိမ်းပြီး ဒုတိယမြောက်နေ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်မှာတော့ စစ်တပ်က မျိုးသူရကိုကို ကို လာရောက်ဖမ်းပါတယ်။ သူက နေအိမ်မှာ မရှိတဲ့အတွက် လွတ်မြောက်သွားပါတယ်။ အဲဒီအချိန်က စတင်လို့ မျိုးသူရကိုကိုတစ်ယောက် အခုချိန်အထိ အိမ်ကို ပြန်မရောက်တော့ပါဘူး။
ဟင်္သာတမြို့မှာရော ရန်ကုန်မြို့မှာပါ နည်းလမ်းမျိုးစုံနဲ့ မျိုးသူရကိုကိုဟာ အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြ ပါတယ်။ နောက်ဆုံး ၂၀၂၁ ခုနှစ် ဧပြီလမှာတော့ ကရင်ပြည်နယ်လွတ်မြောက်နယ်ကို ရောက်ရှိ သွားပါတော့တယ်။
ဒီနယ်မြေကို သူလွယ်လွယ်နဲ့ ရောက်ခဲ့တာမဟုတ်ပါဘူး။ ဖမ်းဝရမ်း ၃ ခုအထိ အထုတ်ခံထားရတဲ့ သူ့အတွက် ရန်သူတွေရဲ့ အစစ်အဆေးကို နည်းလမ်းမျိုးစုံအသုံးပြုပြီး ခက်ခက်ခဲခဲဖြတ်သန်းကျော်လွှားခဲ့ရတာပါ။
“နိုင်ငံရေးဘောင်က ကျဉ်းသွားပြီးတော့ စစ်ဘောင်က ကျယ်လာတယ်ဆိုတာကို ကျွန်တော်သိလိုက်တယ်။ လက်နက်အားကိုးတဲ့ စစ်တပ်ကို စစ်ဘောင်နဲ့ပဲ တိုက်ခိုက်တော့မယ်လို့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်”လို့ မျိုးသူရကိုကိုက လက်နက်ကိုင်တယောက်ဖြစ်လာတာနဲ့ ပတ်သက်လို့ ပြန်လည်ပြောပြပါတယ်။
မျိုးသူရကိုကို တောထဲရောက်သွားချိန်က PDF တပ်ဖွဲ့ဆိုလည်းမရှိသေးပါဘူး။ NUG အစိုးရဆိုတာ လည်းမရှိသေးပါဘူး။ အစစအရာရာ အကုန်လုံးက သူ့အတွက် အခက်အခဲတွေချည်းပါ။
ဒီအခက်အခဲတွေကို ရင်ဆိုင်ပြီးတော့ သူက စစ်သင်တန်းကို ၇ ခုအထိ တက်လိုက်ပါတော့တယ်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလလောက်မှာတော့ မျိုးသူရကိုကိုတယောက် စစ်သင်တန်းဆင်းခဲ့ပါတယ်။ သင်တန်း တွေထဲမှာတော့ Free Burma Ranger သင်တန်းက သူ့အတွက် အခက်ဆုံးပဲလို့ ဆိုပါတယ်။
“အခြားသင်တန်းတွေနဲ့ မတူဘူး။ လေ့ကျင့်ရေးပိုင်းကော ၊ စိတ်ဓာတ်ပိုင်းကော ၊ နည်းပညာပိုင်းကော အပြင်းအထန်လေ့ကျင့်ရတာမျိုးပါ” လို့ သူက သင်တန်းနဲ့ပတ်သက်လို့ ပြောပြပါတယ်။
မျိုးသူရကိုကိုရဲ့ ပထမဦးဆုံး တိုက်ပွဲကတော့ နိုင်ငံကျော်လေးကေ့ကော်တိုက်ပွဲနဲ့ အစပြုခဲ့တာပါ။ သူနဲ့ သူ့ဆရာက တောင်ကုန်းတစ်ခုကို ကင်းထောက်သွားခဲ့ကြပါတယ်။ အဲဒီအချိန်မှာပဲ စစ်ကောင်စီဘက်က လက်နက်ပေါင်းမျိုးစုံနဲ့ ဆက်တိုက်ကိုပစ်ပါတော့တယ်။
မျိုးသူရကိုကိုတို့ စီးလာတဲ့ကားလည်း မှောက်သွားပါတော့တယ်။ လူလည်း နဖူးတွေကွဲ ၊ ဒူးတွေပြဲ။ လက်ထဲမှာကိုင်ထားတဲ့ သေနက်ကလည်း စစ်ကောင်စီတပ်သားတွေရှိတဲ့ တည်နေရာကို လှမ်းပစ် နိုင်လောက်တဲ့အထိ အဆင့်အတန်းမမီပါဘူး။ ဒီတော့ မျိုးသူရကိုကိုတစ်ယောက် ပြေးတာတစ်ခုတည်း ကိုပဲ အားစိုက်လိုက်ပါတော့တယ်။
“ရန်သူကို ဒုတိယတိုက်ပွဲကြမှ ပြန်ပစ်နိုင်တော့တယ်။ အဲအချိန်တုန်းက ကျွန်တော်တို့ကိုင်တဲ့ သေနတ်တွေ ကလည်း ခေတ်မမီဘူး။ ကျည်ကလည်း ၁၅ တောင့်ပဲရတာ။ အခုလို စိတ်ကြိုက်ပစ်လို့လည်း ရတာ မဟုတ်ဘူး” လို့ မျိုးသူရကိုကိုက တစ်ချိန်တုန်းက တိုက်ပွဲဝင်ခဲ့ရတဲ့အခြေအနေကို ရှင်းပြပါတယ်။
လက်ရှိအချိန်မှာဆိုရင်တော့ မျိုးသူရကိုကိုဟာ တိုက်ပွဲပေါင်းကို မရေမတွက်နိုင်လောက်အောင် ကျော်ဖြတ်ခဲ့ ပြီးပါပြီ။ သူဟာ လူအများသိကြတဲ့ ဗိုလ်တာဘောဦးဆောင်တဲ့ ကော်ဘရာစစ်ကြောင်း စကတည်းက ပါဝင်တိုက်ခိုက်ခဲ့သူလည်း ဖြစ်ပါတယ်။
“တိုက်ပွဲစဉ်တွေက မရေမတွက်နိုင်တော့ဘူး။ မှတ်မှတ်ရရ ရှိနေတာကတော့ ကော့ကရိတ်မြို့သိမ်းတိုက်ပွဲပါ” လို့ မျိုးသူရကိုကိုက ပြောလာပါတယ်။ တော်လှန်ရေးအင်အားစုတွေဟာ ကော့ကရိတ်မြို့ကို အချိန် အကြာကြီးသိမ်းပိုက်ထားနိုင်ခဲ့တာပါ။
နောက်ပိုင်းမှာတော့ စစ်ကောင်စီတပ်က လေကြောင်းကော မြေပြင်ကပါ အင်အားအလုံးအရင်းသုံးပြီး ထိုးစစ်ဆင်လာတဲ့နောက် တော်လှန်ရေးတပ်တွေ နောက်ဆုတ်ပေးလိုက်ရပါတယ်။ ကော့ကရိတ်က ဆုတ်ပေးလိုက်ရချိန်ကဆိုရင် ရင်ထဲမှာ အတော်ကိုစိတ်မကောင်းဖြစ်ရတယ်လို့ မျိုးသူရကိုကိုက ဆိုပါတယ်။
“ကျွန်တောတို့ တပ်က ကော့ကရိတ်ကနေ ညဘက်ကြီး နောက်ဆုံးဆုတ်တာပဲ။ လေးကေ့ကော်ဆိုရင်လည်း သုံးခါလောက်ဆုတ်ခဲ့ရဖူးတယ်။ ဒါပေမယ့် ကော့ကရိတ်လိုမျိုး မခံစားရဘူး” လို့ သူက ခံစားချက် ကို ပြောပြပါတယ်။
မျိုးသူရကိုကိုဟာ တိုက်ပွဲအတွေ့အတွေ့အကြုံတွေကို ကော်ဘရာစစ်ကြောင်းမှာ ကောင်းကောင်းကြီး အရယူခဲ့ပါတယ်။ နောက်ပိုင်းမှာတော့သူဟာ KLNA တပ်ရင်း ၂၇ တပ်ခွဲ ၂ ကို ပြောင်းရွှေ့သွားပါတယ်။ သူ့တို့တပ်ခွဲက တပ်မဟာ ၆ ရဲ့တစ်ခုတည်းသော ကွန်မိုဒိုတပ်ခွဲပါ။
ဒီတပ်ရင်းက တနင်္သာရီတိုင်းကို ထိုးဖောက်ဝင်ရောက်တဲ့ တပ်ရင်းပါ။ “ကျွန်တော် တပ်ရင်း ၂၇ ဆီကနေ ဘာတွေ သင်ယူလိုက်ရလဲဆိုတော့ စစ်ချီတာ ၊ စစ်ထိုးတာ ၊ နယ်မြေတွေကို ထိန်းသိမ်းတာ ၊ အရပ်သား ပြည်သူတွေနဲ့ ဆက်ဆံတာ ဒါမျိုးတွေအစုံရလိုက်တယ်” လို့ သူက ပြောပြပါတယ်။
အခုဆိုရင်တော့ မျိုးသူရကိုကိုဟာ အထူးလှုပ်ရှားတပ်မှာ တပ်ဖွဲ့မှူးတာဝန်ကို ရယူထားပါတယ်။ ဒီတပ်က ဇာတိမြေဧရာဝတီကို ပြန်ဖို့အတွက်ဖြစ်တယ်လို့လည်း မျိုးသူရကိုကိုကဆိုပါတယ်။ “ကျွန်တော် အိမ် ပြန်ချင်နေပြီ” လို့ သူကဆိုပါတယ်။
အိမ်ပြန်ဖို့အတွက် စစ်ရည်စစ်သွေးပြည့်ဝပြီးတော့ စည်းကမ်းကျနတဲ့ တပ်တစ်ခုကို ပြင်ဆင်နေတယ်လို့ သူက ဆိုလာပါတယ်။ ဒီတပ်က ပြည်သူလူထု အထိခိုက်နည်းပြီးတော့ ရန်သူတွေကိုချေမှုန်းနိုင်တဲ့ တပ် ဖြစ်ရအောင် ပြင်ဆင်စုဖွဲ့လေ့ကျင့်နေတယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေရပ်တန့်ပြီး တော်လှန်ရေးကြီး ပြီးသွားခဲ့ရင်တော့ သူဟာ မိသားစုနဲ့ တစ်နေရာရာမှာ အခြေချပြီး ဘဝကို ပြန်လည်တည်ဆောက်မယ်လို့ တွေးထားပါတယ်။
ဒါပေမယ့် တစ်ချိန်ဆိုတဲ့ လူကြီးဘဝကို ဘယ်လိုတည်ဆောက်ပြီး အခြေချရမယ်ဆိုတာကိုတော့ သူ့အနေနဲ့ စဉ်းစားဆုံးဖြတ်လို့ မရသေးပါဘူးလို့ ဆိုပါတယ်။