“ခုက နေဖို့ အိမ်ဆောက်ဖို့ ကို မပြောနဲ့ သေရင်တောင် အုတ်ဂူ အတွက် စရိတ်က ငါးဆကျော် မြင့်တက် သွားတယ် စစ်တပ်အာဏာ သိမ်း လိုက်လို့ သေရေး နေရေး ခက်တဲ့ ခေတ်ရောက် သွားတယ် “ လို့ နာရေးကူညီမှု ပရဟိတ သမား တဦး က ဆိုပါတယ်။
၁၂၊ ဇွန်
ဧရာဝတီတိုင်းထဲက ဒေသတချို့မှာ ဘိလပ်မြေ လိုသလောက်ဝယ်မရဘဲဖြစ်နေပြီး နာရေးအုတ်ဂူလုပ်ဖို့အတွက်တောင် ဘိလပ်မြေကို လုံလုံလောက်လောက် ဝယ်ယူဖို့ အခက်အခဲရှိနေပါတယ်။
“နာရေးအုတ်ဂူလုပ်ဖို့တောင် နှစ်အိတ်ပဲရတယ်၊ မလောက်လို့ ထပ်ပြောမှ တအိတ် (ထပ်)ပေးတာ” လို့လည်း ကျုံပျော်က အသက် ၂၀ ဝန်းကျင် အမျိုးသမီးတဦးက ပြောပါတယ်။
တိုက်ပွဲတွေနဲ့ နီးစပ်တဲ့ ဒေသတွေမှာဆိုရင် ဗုံးခိုကျင်း ဆောက်ဖို့အတွက်ပါ အခက်တွေ့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျုံပျော်မြို့နယ်ထဲမှာ နေထိုင်တဲ့ ဒေသခံတဦးက သူတို့ဘက်မှာ ဗုံးခိုကျင်းတူးတဲ့အချိန် အောက်ခံကို ကွန်ကရစ်မလောင်းနိုင်လို့ မြေပြန်ဖို့လိုက်ရတဲ့အကြောင်း DNA ကို ပြောပါတယ်။
“ဗုံးခိုကျင်းတူးတာ ရေတွေဝပ်လို့ မြေပြန်ဖို့ရတယ်၊ ဘိလပ်မြေ ဝယ်လို့မရဘူး” လို့ ဆိုပါတယ်။
မြစ်ဝကျွန်းပေါ်ဒေသဖြစ်တဲ့ ဧရာဝတီတိုင်းထဲက ဒေသတချို့မှာ အခုလိုမိုးရာသီအတွင်း ဗုံးခိုကျင်းတူးရင် ရေဝပ်လို့ အောက်ခံကို ကွန်ကရစ်လောင်းတာ ဒါမှမဟုတ် သဲအိတ်ခင်းတာတွေလုပ်မှ အဆင်ပြေနိုင်တဲ့ အနေအထားရှိပါတယ်။
အခုရက်ပိုင်းအတွင်း ကျုံပျော်ဘက်မှာတော့ ဘိလပ်မြေတအိတ်ကို လေးသောင်းဝန်းကျင်အထိ စျေးပေါက်နေပြီး လိုသလောက်လည်း ဝယ်မရဘူးလို့ သိရပါတယ်။
အလားတူပဲ ဖျာပုံဘက်မှာလည်း ဘိလပ်မြေကို အကန့်အသတ်နဲ့သာရောင်းချပေးနေပြီး စျေးနှုန်းကလည်း အမျိုးအစားအပေါ် မူတည်ပြီး သုံးသောင်းကနေ လေးသောင်းအထိ စျေးပေါက်နေတယ်လို့ သိရပါတယ်။
“ငါးအိတ်၊ ဆယ်အိတ် အဲလိုတော့ ရောင်းပေးတယ်၊ ဂိုဒေါင်ထဲ သိုထားပြီး မျှရောင်းပေးနေတာလား၊ တကယ်ပဲမရှိတော့တာလားမသိဘူး၊ ဆောက်လက်စအိမ်တချို့ဆို တိုးလိုးတန်းလန်းပဲ” လို့ ဖျာပုံဒေသခံတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက် စစ်ကိုင်းငလျင်ပြီးကတည်းက ဧရာဝတီအပါအဝင် နိုင်ငံတဝန်း ဒေသတော်တော်များများမှာ ဘိလပ်မြေဝယ်ရခက်နေတာဖြစ်ပြီး စျေးနှုန်းကလည်း တအိတ် တသောင်းခွဲဝန်းကျင်ကနေ သုံးသောင်း၊ လေးသောင်းလောက်အထိ အမျိုးအစားအပေါ်မူတည်ပြီး စျေးတက်သွားပါတယ်။
“ခုက နေဖို့ အိမ်ဆောက်ဖို့စရိတ် ကို မပြောနဲ့ သေရင်တောင် အုတ်ဂူ အတွက် စရိတ်က ငါးဆကျော် မြင့်တက် သွားတယ် စစ်တပ်အာဏာ သိမ်း လိုက်လို့ သေရေး နေရေး ခက်တဲ့ ခေတ်ရောက် သွားတယ် “ လို့ နာရေးကူညီမှု ပရဟိတ သမား တဦး က ဆိုပါတယ်။
စစ်ကောင်စီကတော့ အခုလို ဘိလပ်မြေစျေးတက်လာတဲ့အချိန် တအိတ် ၁၇၀၀၀ နှုန်းနဲ့ ရောင်းဖို့ စျေးနှုန်းသတ်မှတ်ပေးထားပြီး သတ်မှတ်စျေးအတိုင်းမရောင်းတဲ့ ဆိုင်ရှင်တွေကိုလည်း ဖမ်းဆီးအရေးယူတာတွေ ရှိနေပါတယ်။
ဒါပေမယ့် စစ်ကောင်စီသတ်မှတ်ပေးထားတဲ့ စျေးနှုန်းနဲ့က ဘယ်လိုမှ ရောင်းချဖို့တွက်ချေမကိုက်ဘူးလို့ အရောင်းဆိုင်ရှင်တွေဘက်ကပြောပါတယ်။
“သတ်မှတ်စျေးနဲ့က ဘယ်မှ ဝယ်မရဘူး၊ စျေးကြီးရင် ဆိုင်ပိတ်ခံထိမှာ၊ ငွေရှိတိုင်း ဝယ်မရတဲ့အထဲမှာ ဘိလပ်မြေလည်းပါတယ်၊ အလကားနေရင်း မှောင်ခိုဖြစ်သွာတာပေါ့” လို့ ဟင်္သာတမြို့ခံ လုပ်ငန်းရှင်တဦးက DNA ကို ပြောပါတယ်။
စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးအဖွဲ့နဲ့ စားသုံးသူရေးရာ ဦးစီးဌာနက ဘိလပ်မြေ တအိတ် ရောင်း ဈေး ကျပ် တသောင်း ငါးထောင် နဲ့ ကျပ် တသောင်း ခုနှစ်ထောင် အကြား သတ်မှတ်ထား ပေမယ့် မြေပြင်ဈေး ကွက်မှာတော့ ကျပ်လေးသောင်းငါးထောင် ကနေ ကျပ် ငါးသောင်း ဝန်း ကျင် အထိ ပေးဝယ်နေရတယ် လို့ ဆောက်လုပ်ရေး လုပ်ငန်း လုပ် ကိုင်သူတွေက ပြောပါတယ်။
“ရန်ကုန် ကနေ ပစ္စည်း အဝင်နည်းတယ် လမ်း မှာ ဂိတ်ကြေး တွေ ကပေးကမ်းရတာ များတယ် ကုန်ကားတွေ ဆိုတာ ညဖက်လည်း မောင်းကြရတော့ ဂိတ်ကြေး ကပိုပေးရတယ် အဲဒီတော့ သူ တို့ (စစ် ကောင်စီ)ရဲ့ သတ်မှတ်ဈေးနှုန်းနဲ့ ရောင်းဖို့ကအဆင် မပြေဘူး”လို့ ဘိလပ်မြေနဲ့ အိမ်ဆောက် ပစ္စည်း အမျိုးမျိုး ရောင်းချသူ တဦး က ပြောပါတယ်။
စစ်ကိုင်းငလျင်အပြီးမှာ အဆောက်အအုံတွေ ပြန်ဆောက်ဖို့ ဘိလပ်မြေတွေ အလုအယက် ဝယ်ယူရာကနေ ပစ္စည်းပြတ်လပ်တဲ့အထိ ဖြစ်သွားပြီး လက်ရှိမှာတော့ ပစ္စည်းပြန်ရနေပေမယ့် လူသုံးများတဲ့ ပြည်တွင်းထုတ် အယ်ဖါ တံဆိပ် ဘိလပ်မြေထုတ်တဲ့ စက်ရုံက ဒေသခံPDFတွေရဲ့ ထိန်း ချုပ်နယ်မြေထဲ ကျသွားတော့ စစ်ကောင်စီ အနေနဲ့ ပြည်တွင်းထုတ်လုပ် ဘိလပ်မြေတွေ ဖြန့်ချိ ရောင်းချမှု နိုင်မှု လျော့ကျ သွားခဲ့တာပါ။
ရန်ကုန်နဲ့ နီးတဲ့ ဒေးဒရဲဘက်မှာတော့ ဘိလပ်မြေ ဝယ်ရသိပ်မခက်ပေမယ့် အသုံးများတာတွေတော့ ဝယ်ရခက်နေဆဲပဲလို့ ဆိုပါတယ်။
“ဆိုင်တွေကလည်း သူနဲ့ဘယ်လောက် အဆင်ပြေလဲဆိုတဲ့အပေါ်မူတည်ပြီး နည်းနည်းရမလား၊ များများရမလားက ကွာတယ်။ ဆောက်လုပ်(ရေး) ဆိုက်အကြီးတွေကတော့ ရန်ကုန်က တိုက်ရိုက်သယ်ကြတယ်” လို့လည်း ဒေးဒရဲ မြို့ခံတဦးက ပြောပါတယ်။
ဒါပေမယ့် ဓနုဖြူ၊ ပုသိမ် အပါအဝင် တချို့မြို့တွေမှာတော့ လက်ရှိပေါက်စျေးအတိုင်း ဘိလပ်မြေ ပုံမှန်ဝယ်လို့ ပြန်ရနေပြီလို့ ဆိုပါတယ်။
“ဘောက်ချာတဈေး ရောင်းတဲ့ဈေးက တဈေးဆိုရင်တော့ ဝယ်လို့ရတယ်”လို့ လေးမျက်နှာဒေသခံတဦးက မှတ်ချက်ပြုပါတယ်။
လက်ရှိအခြေအနေမှာ ပြည်ပက တင်သွင်းတဲ့ ကြံ့ နီတံဆိပ် နဲ့ CROWN တံဆိပ် ဘိလပ်မြေတွေ ကို ဈေးကွက်အတွင်း ရောင်းချနေတာ ဖြစ်ပြီး ပြည်ပက ကုန်ပစ္စည်း ဝင်မှုအပေါ် မူတည်ပြီး ဈေး ဆက်မြင့်တက် နိုင် တယ်လို့ ဘိလပ်မြေ နဲ့ အိမ်ဆောက် ပစ္စည်းရောင်းချ တဲ့ လုပ်ငန်း ရှင် တွေ က သုံးသပ်ပါ တယ်။