“ထမင်းသွားပို့တဲ့ ထော်လာဂျီက အလံထောင်ပြီးသွားရတာ” လို့ လက်သမားကြီးကျေးရွာမှာနေထိုင်သူ က DNA ကို ပြောပါတယ်။ အခုလို ထမင်းထုပ်ပို့ဖို့အတွက် လေးမျက်နှာမှာ ရှိတဲ့ မဘသ အင်အားစုတွေ ၊စစ်တပ် ထောက်ခံသူတွေက ဦးစီး လုပ်ကိုင်ပေးနေတယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်း ၊ လေးမျက်နှာမြို့နယ်ထဲက ကျေးရွာအုပ်စုတွေဟာ စစ်တပ်အတွက် ရှေ့တန်းကို ထမင်းထုပ် အလှည့်ကျပို့ပေးနေရတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။
လေးမျက်နှာမြို့ကနေ ၅ မိုင်ခန့် အကွာ ဆီဆုံကုန်းရွာမှာ စစ်တပ်ရဲ့ ရှေ့တန်းအဖြစ် အထိုင်ချနေပြီး ပန်းတောကြီး ၊ မြို့ကုန်း ၊ သရက်ကုန်း အစရှိတဲ့ ကျေးရွာတွေ တဝိုက်မှာ အာရက္ခတပ်တော်နဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတာပါ။
တချို့ကျေးရွာတွေကတော့ ထမင်းထုပ်အတွက် ကိုယ်တိုင် ပြင်ဆင်စရာမလိုပဲ လေးမျက်နှာမြို့ ကြံ့ခိုင်ရေးရုံးရှေ့က ထမင်းဆိုင်ကို ကျသင့်ငွေ ပေးသွင်း တာဝန်ယူရတယ်လို့ သိရပါတယ်။
“ကျေးရွာအုပ်စု တစုကို အလှည့်ကျ ထမင်းထုပ် ၃၀၀ ရာတာဝန်ယူရတယ် ။ တို့ရွာဆို တအိမ်ကို ခွဲတမ်း လေးထောင်နဲ့ ငါးထောင်ကြား ပေးရတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။
ဘိသလွန် ကျေးရွာမှာ နေထိုင်သူတဦးကတော့ အခုလိုကာလာမှာ စစ်ရှောင်ကြရတဲ့အတွက် ဒုက္ခရောက်ကြသလို စစ်မှုထမ်း အတွက် ပိုက်ဆံပေးရ ၊ ထမင်းထုပ် ခွဲတန်းအတွက် စားစရာမရှိတဲ့ကြားက ချေးငှားပေးနေရတယ်လို့ ဆိုပါတယ်။
“ စစ်မှုထမ်းကြေးမပေးရင် မဲဖေါက်ပြီး စစ်ထဲဝင်ရမယ် ၊ အဲလိုမျိုးဆိုတော့ ကြောက်ကြတယ်လေ ၊ မရှိ ရှိတာ အတိုးပေါ် အတိုးတွေဆင့်ပြီး လူတွေလည်း ဒုက္ခတော်တော် ရောက်ကြပါတယ်”လို့ DNA ကိုပြောပါတယ်။
စစ်တပ်ဟာ ငဝန်မြစ် နဲ့ ပုသိမ်-မုံရွာ ကားလမ်းကြား ကျေးရွာတွေကို ပြန်လည်စိုးမိုးနိုင်ဖို့ အပြင်းအထန် ကြိုးစားနေရပါတယ်။ လေးမျက်နှာ-ပန်းတောကြီး လမ်းပေါ်မှာရှိတဲ့ ငဝန်မြစ်ကူးတံတား အဆင်းက ခတ္တူ၊ဒေါင့်ကွေး ၊ နင်းကြမ်း စတဲ့ကျေးရွာတွေက ဘုန်းကြီးကျောင်းတွေမှာ အထိုင်ချ ခံစစ်ပြင်ထားသလို ဆီဆုံကုန်းကျေးရွာမှာ ရှိနေတဲ့ ရှေ့တန်း အင်အားတွေ အတွက်လိုအပ်တဲ့ နေ့စဉ်ရိက္ခာတွေကို မြို့ပေါ်ကနေ နေ့စဉ်ထောက်ပို့ပေးနေရတာ ဖြစ်ပါတယ်။