ဒီဇင်ဘာ၊ ၁၀
မျက်နှာချင်းဆိုင်ဖြတ်သွားတဲ့ ဆိုင်ကယ်တစီးကို အမှီလိုက်နိုင်ဖို့ အရှိန်နဲ့ မောင်းလာတဲ့ ဆိုင်ကယ်ကို ရုတ်တရက် အရှိန်သတ်၊ ဂငယ်ကွေ့ ပြန်ကွေ့လိုက်ပြီးနောက်တော့ လမ်းကခပ်ကြမ်းကြမ်း၊ အတက်အဆင်းတွေကများရတဲ့ကြားထဲကနေပဲ ဆရာ ဦးငြိမ်းချမ်းတယောက် သူ့ဆိုင်ကယ်ကို အရှိန်တင်ပြီး ထပ်မောင်းရပြန်ပါတယ်။
“မှီတော့ သူတို့ဆိုင်ကယ်ကို ရပ်ခိုင်းပြီး စကားပြောတာပေါ့၊ ငါ့သမီးတို့ လာအုံး၊ ဘယ်ကိုသွားမှာတုန်းဆိုတော့ အလုပ်သွားမှာတဲ့၊ ဘယ်ကို အလုပ်သွားမှာလဲဆိုတော့ တလကို နှစ်သိန်း အိမ်ဖော်တဲ့” ဆိုပြီး သူ့တပည့်နှစ်ဦးနဲ့ နောက်ဆုံး တွေ့ဆုံခဲ့ရပုံကို ဆရာ ဦးငြိမ်းချမ်းက ပြန်ပြောပြပါတယ်။
အလုပ်သွားလုပ်တော့မှာဖြစ်တဲ့အတွက် ကျောင်းထွက်တော့မယ်ဆိုပြီး သတင်းကြားကြားချင်း အချိန်မှီ တားဆီးမယ် စိတ်ကူးနဲ့ သူ့တပည့်မလေး လွေးဆိုင်ပူး ရှိရာဆီ ထွက်လာခဲ့တဲ့ ဦးငြိမ်းချမ်းတယောက် တားဆီးဖို့ အခွင့်မသာတော့ဘဲ လမ်းမှာ နှုတ်ဆက်စကားပြောဖို့သာ တတ်နိုင်ပါတော့တယ်။
လွေးဆိုင်ပူးက တအာင်းလူမျိုး၊ အသက် ၁၄ နှစ်အရွယ် ငါးတန်းကျောင်းသူလေး၊ အသားဖြူဖြူ၊ မျက်လုံးဝိုင်းဝိုင်းနဲ့ အပြုံးချိုတဲ့ သူက အမြဲလိုလို ပြုံးနေတတ်သူ။
မိန်းကလေးပေမယ့် ထူးထူးခြားခြား ဘောလုံးကန်ဝါသနာပါတဲ့ လွေးဆိုင်ပူးဟာ သူတို့ကျောင်းက အမျိုးသမီးဘောလုံးအသင်းရဲ့ အသင်းသားတဦးဖြစ်သလို အတန်းပညာမှာလည်း ထူးချွန်လှတဲ့ ကျောင်းသူတဦးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ စာသင်နှစ်တုန်းက စုစုပေါင်းကျောင်းသား ရှစ်ဦးရှိတဲ့ လေးတန်းမှာ လွေးဆိုင်ပူးက ပထမဆု ရရှိခဲ့သလို အခုနှစ် ငါးတန်းမှာလည်း ကျောင်းသား ငါးယောက်ထဲ လွေးဆိုင်ပူးဟာ အထူးချွန်ဆုံးလို့ ဆရာ ဦးငြိမ်းချမ်းရဲ့ သတ်မှတ်ခံထားရသူပါ။
“မြန်မာစာပဲဖြစ်ဖြစ်၊ အင်္ဂလိပ်စာ၊ သင်္ချာပဲဖြစ်ဖြစ် သူက အကုန်လုံးကို လုံးစေ့ပတ်ချာနားလည်တယ်၊ သဘောပေါက်လွယ်တယ်၊ Bright ဖြစ်တာပေါ့ တခြားကလေးတွေထက်၊ တခြားဗဟုသုတရစရာတွေ ပြောပြရင်လည်း တခြားကလေးတွေထက် သူက အမြဲတမ်းအာရုံစိုက်တယ်” လို့ ဆရာ ဦးငြိမ်းချမ်းက မှတ်ချက်ပြုပါတယ်။
လွေးဆိုင်ပူးဟာ တအာင်းလူမျိုး မိန်းကလေးငယ်တဦးဖြစ်ပေမယ့် မန္တလေးတိုင်း၊ ကျောက်ဆည်မြို့က ဘုန်းတော်ကြီးသင် စာသင်ကျောင်းတခုမှာ ငါးနှစ်ကျော်လောက် ကျောင်းသွားတက်ဖူးတာကြောင့် ဗမာစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုနိုင်သလို ဗဟုသုတလည်း ထိုက်သင့်သလောက် ကြွယ်ဝသူတဦးပါ။
ဒါ့အပြင် သိလိုစိတ်၊ သင်ယူလိုစိတ် ပြင်းပြင်းပြပြရှိတဲ့ လွေးဆိုင်ပူးဟာ သူ သိလိုတာကို မဆိုင်းမတွ မေးရဲတဲ့ သတ္တိရှိသူတဦးလို့လည်း ဆိုပါတယ်။
“တချို့ကလေးတွေဆို မသိရင် လာမေးပြောထားပေမယ့် လာမမေးကြဘူး၊ သိသလိုလို မသိသလိုလိုပေါ့၊ သူကတော့ နားမလည်တာ တခုရှိတာနဲ့ တခါတည်း တန်းလာတာပဲ၊ မြန်မာစကားတွေမှာလည်း သူ မရေလည်တဲ့စကားတွေ ရှိရင် တခါတည်းလာမေးတာပဲ၊ ကျနော်ကလည်း အမြဲလမ်းဖွင့်ပေးထားတယ်” လို့ ဆရာက ပြောပြပါတယ်။
ဒါပေမယ့် လွေးဆိုင်ပူးတယောက် ကျောင်းဆက်တက်ဖို့ အခွင့်မသာတော့ဘဲ ငါးတန်း စာသင်နှစ် တဝက်အပြီးမှာပဲ အလုပ်လုပ်ဖို့ လိုလို့ဆိုကာ ကျောင်းထွက်ရဖို့ အကြောင်းဖန်လာပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်၊ နေ့လယ် ၂ နာရီလောက်မှာတော့ လွေးဆိုင်ပူးနဲ့ သူ့ရဲ့ အတန်းဖော် လွေးအေမုပ်တို့ နှစ်ယောက်ဟာ မူဆယ်ဘက်မှာ အိမ်ဖော်အလုပ်ရမယ်ဆိုလို့ သူတို့ရွာက အမျိုးသမီးတဦးနဲ့အတူ ရွာကနေ လိုက်သွားခဲ့ကြပါတယ်။
လွေးဆိုင်ပူးတို့က ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PSLF/TNLA) ထိန်းချုပ်ရာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ လုံကိန်ကျေးရွာကပါ။
ကွတ်ခိုင်မြို့ပေါ်ကနေ ဆိုင်ကယ်နဲ့ လေးဆယ့်ငါးမိနစ်လောက် သွားရတဲ့ လုံကိန်ကျေးရွာမှာ ဖုန်းလိုင်းရော အင်တာနက်လိုင်းပါ မရပါဘူး။
ဟိုတစု ဒီတစုနဲ့ သုံးနေရာပြန့်ကျဲနေတဲ့ လုံကိန်ရွာမှာ အိမ်ခြေ ကိုးဆယ်ဝန်းကျင်ရှိပြီး ရွာခံတွေကတော့ တောင်ယာစပါး၊ ပြောင်းနဲ့ တခြားဟင်းသီးဟင်းရွက်တွေကို တပိုင်တနိုင် စိုက်ပျိုးကြပါတယ်။
လွေးဆိုင်ပူးတို့ မိသားစုကလည်း အများနည်းတူ တောင်ယာစိုက်ပျိုးကြပေမယ့် စားဝတ်နေရေး မဖူလှုံပါဘူး။
ပြီးခဲ့တဲ့ နှစ်ကပဲ အဖေဖြစ်သူ ဆုံးပါသွားပြီးနောက် အသက် သုံးဆယ်ကျော်အရွယ် လွေးဆိုင်ပူးရဲ့ အမေဖြစ်သူဟာ လွေးအေမုပ်ရဲ့ အဖေဖြစ်သူနဲ့ အိမ်ထောင်ပြုလိုက်လို့ လွေးဆိုင်ပူးနဲ့ လွေးအေမုပ်လည်း တအိမ်တည်းသားတွေ ဖြစ်နေကြပါပြီ။
လွေးဆိုင်ပူးတို့ရဲ့ အကိုဖြစ်သူတွေကလည်း မနှစ်လောက်က TNLA မှာ စစ်မှုထမ်းရတဲ့အထဲ ပါသွားတယ်လို့ဆိုပေမယ့် အကို ဘယ်နယောက်ရှိပြီး ဘယ်နယောက်ပါသွားလဲဆိုတာကိုတော့ တိတိကျကျမသိရပါဘူး။
နောက်ဆုံးမှာတော့ အသက်လည်းမပြည့်၊ ပညာလည်းမစုံသေးတဲ့ လွေးဆိုင်ပူးတို့ကပဲ ကျောင်းကနေထွက်ပြီး ဆွေမရှိ၊ မျိုးမရှိ တခါမှလည်း မရောက်ဖူးသေးတဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ တလကို လစာ နှစ်သိန်းနဲ့ အိမ်ဖော်အလုပ်သွားလုပ်ဖို့ ဖြစ်လာရပါတော့တယ်။
“သမီးတို့အိမ်က အခက်အခဲရှိလို့ပါတဲ့၊ အမေကလည်း ကျောင်းမတက်ရတော့ဘူးလို့ ပြောတယ်တဲ့၊ သမီးတို့ကိုယ်တိုင်က ကျောင်းမတက်ချင်တော့တာလား၊ ဒါမှမဟုတ်လို့ရှိရင် လွှတ်လို့ မိဘစကားနားထောင်ပြီး သွားရတာလားဆိုတော့ သမီးတို့က ကျောင်းပဲတက်ချင်တာဆိုပြီး ငိုတာပေါ့ ကလေးတွေက” လို့ နောက်ဆုံးတွေ့ဆုံခဲ့တဲ့အချိန်က ကျောင်းတက်ချင်သေးတဲ့အကြောင်း လွေးဆိုင်ပူးတို့ ပြောခဲ့ကြတာကို ဦးငြိမ်းချမ်းက ပြောပြပါတယ်။
လွေးဆိုင်ပူးတို့ အလုပ်သွားလုပ်မယ်ဆိုပြီး ထွက်သွားတဲ့ နယ်စပ်မြို့ မူဆယ်ဆိုတာကလည်း အေးအေးချမ်းချမ်းရှိလှတဲ့ ဒေသတော့မဟုတ်ပါဘူး။
ပွဲစားလုပ်သူတွေက အလုပ်ရမယ်လို့ မိန်းကလေးငယ်တွေကို လိမ်လည်ခေါ်ဆောင်လာပြီးနောက် တရုတ်မယားအဖြစ် ရောင်းစားတာ၊ ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေခံရတာ၊ လူကုန်ကူးခံရပြီး ကျားဖြန့်အလုပ်ရုံတွေမှာ ပိတ်လှောင် အလုပ်ခိုင်းစေခံရတာ စတာတွေဟာ မူဆယ်ဘက်မှာ အမြဲလိုလိုဖြစ်နေကျပါ။
“ဒီလိုမျိုးသာကြုံရရင် သူတို့တွေ ဘဝပျက်တဲ့အထိဖြစ်သွားမှာလေ၊ ပြီးတော့ ကျနော့ကလေးတွေက အရွယ်မရောက်သေးတဲ့ ကလေးတွေ၊ ကျနော့ကလေးတွေကို အဲလိုတွေ အဖြစ်မခံနိုင်ဘူး၊ တကယ်ရိုးရိုးသားသားနဲ့ အိမ်ဖော်လုပ်နေတယ်၊ အိမ်ရှင်ကလည်း ကလေးတွေအပေါ် အနိုင်မကျင့်ဘဲနဲ့ သူတို့ကို အိမ်မှာ ရိုးရိုးသားသားနဲ့ အလုပ်ခေါ်ခိုင်းတယ်ဆိုတဲ့အဆင့်ထိတော့ ကျနော် ဖြေသိမ့်နိုင်သေးတယ်” လို့ သူ့တပည့်တွေအပေါ် စိုးရိမ်တဲ့အကြောင်း ဦးငြိမ်းချမ်းက ပြောပါတယ်။
အဲဒါကြောင့်လည်း အခက်အခဲကြုံရတဲ့အချိန် အရေးပေါ်ဆက်သွယ်နိုင်ဖို့ သူ့ ဖုန်းနံပါတ်တလုံးကို နောက်ဆုံးတွေ့ခဲ့တဲ့အချိန်က ပေးလိုက်သေးတယ်လို့ ဆိုပါတယ်။
“ဆက်သွယ်မပြတ်ဖို့လည်း မှာလိုက်တယ်၊ ပြီးရင် သူတို့ အေးအေးချမ်းချမ်း နေထိုင်ရရဲ့လား၊ အလုပ်လုပ်တဲ့နေရာမှာလည်း အေးအေးဆေးဆေး ရှိရဲ့လားပေါ့၊ အဲလိုလေးတွေကအစ သူ့တို့ကို စိတ်မချတဲ့ စိတ်နဲ့ပေါ့၊ အေးအေးဆေးဆေး နေထိုင်စားသောက်ရတယ်၊ အေးအေးဆေးဆေး အလုပ်လုပ်ကိုင်နေတယ်ဆိုရင်တော့ ကျနော် စိတ်ချသေးတယ်ပေါ့လေ” လို့လည်း ဆရာ ဦးငြိမ်းချမ်းက ပြောပါတယ်။
ဒါပေမယ့် ရွာကထွက်သွားပြီး သုံးပတ်ကျော်ကြာတဲ့အထိ လွေးဆိုင်ပူးတို့နဲ့ ဆရာ ဦးငြိမ်းချမ်း အဆက်အသွယ် မရသေးပါဘူး။
အဲဒါကြောင့် လွေးဆိုင်ပူးတို့ကို ခေါ်သွားတဲ့ လုံကိန်ရွာခံ အမျိုးသမီးနဲ့ပဲ အရင် အဆက်အသွယ်ရအောင်လုပ်ပြီး သူတို့ကို နောက်ဆုံး ဘယ်ကိုပို့ခဲ့လဲ၊ ဘယ်မှာအလုပ်လုပ်ရမလဲ၊ ဘယ်လိုဆက်သွယ်လို့ရမလဲ စတာတွေကို အသေးစိတ်စုံစမ်းဖို့ ဦးငြိမ်းချမ်းက ဆုံးဖြတ်ထားပါတယ်။
“သူတို့ကို ခေါ်သွားတဲ့ မိန်းကလေးကိုလည်း ကျနော်ပြောလိုက်တယ်၊ တခုခုဖြစ်ရင် နင်တာဝန်ယူရမယ်၊ ငါ့ကလေးတွေ ဒုက္ခရောက်ရင်၊ တခုခုဖြစ်ရင်ပေါ့” ဆိုပြီး ဆရာ ဦးငြိမ်းချမ်းက ဒေါသတဝက်နဲ့ ပြောလိုက်တဲ့အကြောင်း ပြန်ပြောပါတယ်။
တအာင်းအမျိုးသမီးအဖွဲ့အစည်း(TWO) ပြောရေးဆိုခွင့်ရှိသူကလည်း တအာင်းဒေသကနေ မူဆယ်၊ လောက်ကိုင်တို့ဘက်မှာ အလုပ်သွားလုပ်ရင်းကနေ လူကုန်ကူးခံရတဲ့ တအာင်းမိန်းကလေးငယ်တွေ အများအပြားရှိပြီး အခုနှစ်အတွင်းမှာပဲ အဲဒီလိုလူကုန်ကူးခံရလို့ သူတို့ကူညီပေးခဲ့ရသူတွေတောင်ရှိတယ်လို့ ပြောပါတယ်။
“တချို့ကလည်း အိမ်ဖော်အလုပ်နဲ့ သွားပေမယ့် ပွဲစားတွေက လုပ်အားခတွေယူသွားပြီး ကလေးတွေက အဲဒီမှာ ကျန်ခဲ့ရင်းနဲ့ လုပ်ဆပ်နေရတာမျိုးတွေ၊ အဲလိုမျိုးဖြစ်စဥ်တွေတော့ ရှိပါတယ်” လို့ TWO ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
TWO အနေနဲ့ကတော့ အဲဒီလို တအာင်းအမျိုးသမီးငယ်တွေ လူကုန်ကူးခံရတာ၊ လုပ်အားခေါင်းပုံဖြတ် လိမ်လည်ခံရတာတွေနဲ့ပတ်သက်ပြီး တအာင်းဒေသအတွင်း အသိပညာပေးမှုတွေ မကြာခဏ ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။
“အသိပညာပေးမှုတွေက တောက်လျှောက်လုပ်ခဲ့တယ်ဆိုပေမယ့် တချို့ကျတော့လည်း မိသားစုစားဝတ်နေရေးခက်ခဲကြောင့်ပဲ ကိုယ့်ရဲ့ကလေးတွေကို တခြားဒေသစေလွှတ်တာမျိုးတွေ၊ ပိုက်ဆံရလို ရငြားဆိုတဲ့ လုပ်အားခကို မျှော်ကိုးတဲ့အနေနဲ့ စေလွှတ်တာမျိုးတွေ၊ စသဖြင့် အဲဒါမျိုးတွေကြောင့်ပေါ့နော် လူကုန်ကူးမှုတွေက တောက်လျှောက်ဖြစ်လာနေတဲ့ အနေအထားတော့တွေ့နေရတယ်” လို့ TWO ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ဒါ့အပြင် မူဆယ်မြို့ဟာ စစ်ကောင်စီတပ်နဲ့ ညီနောင်မဟာမိတ်တပ်တွေကြား စစ်ရေးတင်းမာနေတဲ့ ဒေသဖြစ်ပြီး အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်တဲ့ အနေအထားရှိနေပါတယ်။
လက်ရှိအချိန်ထိတော့ မူဆယ်မြို့ကို စစ်ကောင်စီတပ်နဲ့ သူ့လက်အောက်ခံ ပြည်သူ့စစ်တွေက ထိန်းချုပ်ထားဆဲဖြစ်ပေမယ့် မြို့ပတ်ပတ်လည်ကိုတော့ ညီနောင်မဟာမိတ်တပ်တွေက ဝန်းရံပိတ်ဆို့ထားတာပါ။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းကပဲ ညီနောင်မဟာမိတ်တပ်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း မူဆယ်မြို့ပြင်မှာလည်း နှစ်ဖက်တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး ဒေသခံတွေ သေဆုံးထိခိုက်တာတွေရှိခဲ့သလို ရှောင်တိမ်းမရဘဲ ပိတ်မိနေတာတွေလည်း ရှိခဲ့ပါတယ်။
အဲဒါတွေကြောင့်ပဲ အခြေအနေပေးရင် လွေးဆိုင်ပူးတို့ကို ချက်ချက်ပြန်ခေါ်ပြီး ကျောင်းပြန်တက်ခိုင်းချင်နေတာပါ။
“ကျနော့မှာ ပိုက်ဆံတွေ ပေါများနေတယ်ဆိုရင်တော့ သူ့အိမ်ကို တလ ပိုက်ဆံနှစ်သိန်းပေးပြီး ကလေးကို ဘယ်မှမလွှတ်ပါနဲ့၊ ကျောင်းပဲ တက်ခိုင်းပါဆိုပြီး ပြောချင်တာပေါ့၊ ဒီလိုက ကျနော့အတွက်လည်း မဖြစ်နိုင်တဲ့ အခြေအနေ” လို့ ဦးငြိမ်းချမ်းက ဖွင့်ဟပါတယ်။
အသက် ၄၇ နှစ် ရှိပြီဖြစ်တဲ့ ဆရာ ဦးငြိမ်းချမ်းက မန္တလေးတိုင်း၊ တံတားဦးမြို့သား ကဗျာဆရာ၊ ကိုငြိမ်းချမ်း(တံတားဦး) ကလောင်နဲ့ တကိုယ်တော် ကဗျာစာအုပ်နှစ်အုပ် ထုတ်ဝေးထားပြီးဖြစ်သလို တခြားစာစောင်တွေမှာလည်း ကဗျာတွေ အများအပြား ရေးသားထုတ်ဝေခဲ့ဖူးသူပါ။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုဖြစ်တော့ တခြားကဗျာဆရာတွေနည်းတူ ဦးငြိမ်းချမ်းကလည်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး သပိတ်တိုက်ပွဲတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့ရာကနေ စစ်ကောင်စီတပ်က သူ့ကို့ ဖမ်းဆီးဖို့ ကြိုးပမ်းလာတာကြောင့် မတ်လထဲမှာပဲ နေအိမ်ကို ကျောခိုင်းထွက်လာခဲ့ရပါတယ်။
အဲဒီနောက် ၂၀၂၂ ခုနှစ်ထဲမှာတော့ လွေးဆိုင်ပူးတို့ ဇာတိ လုံကိန်ရွာကို ဦးငြိမ်းချမ်း ရောက်သွားခဲ့ပြီး ကျောင်းဆရာအဖြစ် ကလေးတွေကို စာသင်ပေးဖို့ဖြစ်လာပါတယ်။
တအာင်းအမျိုးသားပညာရေးကော်မတီ(TLEC)ရဲ့ ဦးဆောင်မှုအောက်မှာရှိတဲ့ လုံကိန်ရွာက မူလတန်းလွန်ကျောင်းမှာ ဦးငြိမ်းချမ်းက ကျောင်းအုပ်ဆရာအဖြစ် တာဝန်ယူထားပြီး ခြောက်တန်းအထိ ဖွင့်လှစ်ထားနိုင်ပါတယ်။
ကျောင်းစဖွင့်တဲ့ မနှစ်ကတော့ တကျောင်းလုံးမှာ ဦးငြိမ်းချမ်းနဲ့ တခြား သူငယ်ချင်း ကျောင်းဆရာတို့ နှစ်ဦးသာရှိပေမယ့် အခုနှစ် စာသင်နှစ်မှာတော့ TLEC ကနေ တအာင်းလူမျိုး ဆရာမနှစ်ဦးကို ခန့်အပ်ပေးထားတာကြောင့် စုစုပေါင်း ဆရာ၊ ဆရာမ လေးဦးအထိ ရှိနေပါပြီ။
လက်ရှိမှာတော့ ဆရာ ဦးငြိမ်းချမ်းက လေးတန်း၊ ငါးတန်းနဲ့ ခြောက်တန်းတွေမှာ မြန်မာစာ၊ အင်္ဂလိပ်စာနဲ့ သင်္ချာဘာသာရပ်တွေ သင်ကြားပေးနေပြီး နောက်နှစ် စာသင်နှစ်မှာတော့ ခုနစ်တန်းအထိ ဖွင့်လှစ်နိုင်ဖို့ ရည်ရွယ်ထားတာကြောင့် ကျောင်းဆောင်အသစ်တခုလည်း ဆောက်လုပ်နေတယ်လို့ ဆိုပါတယ်။
ဒါ့ပေမယ့် လိုအချက်တွေကြောင့် အခုထိ ကျောင်းဆောင်အသစ် ဆောက်လုပ်မပြီးစီးသေးသလို လာမယ့်နှစ်မှာ ခုနစ်တန်း စတင်ဖွင့်လှစ်နိုင်လောက်တဲ့အထိလည်း အဆင်သင့်မဖြစ်သေးဘဲ အကူအညီတွေ လိုအပ်နေဆဲဖြစ်ပါတယ်။
ဆရာ ဦးငြိမ်းချမ်းတို့ လုံကိန်ရွာကို စတင်ရောက်ရှိစဥ်ကတော့ တအာင်းလူမျိုး ကလေးငယ်တချို့က ဆရာတို့ဆီမှာ စာလာသင်ဖို့ တွန့်ဆုတ်နေခဲ့ကြသေးတယ်လို့ ဆိုပါတယ်။
“ရောက်ခါစကဆိုရင် ဗမာဆရာတွေဆိုပြီးတော့ တချို့ဆိုရင် ကျောင်းမနေချင်တာမျိုး၊ အခုကျတော့ ဆရာပြန်သွားရင် မဖြစ်တော့ဘူးဆိုတဲ့ ပုံစံမျိုး၊ ရပ်ရွာကရော ကလေးတွေကရောပေါ့နော်” လို့ ရွာခံတွေက သူတို့ကို ခင်တွယ်လာတဲ့အကြောင်း ဆရာက ပြောပြပါတယ်။
ပြီးခဲ့တဲ့ စာသင်နှစ်တုန်းကတော့ အဲဒီကျောင်းမှာ တတန်းကနေ ခြောက်တန်းအထိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၀၅ ဦး ရှိခဲ့ရာကနေ လွေးဆိုင်ပူးတို့လို ကျောင်းထွက်သွားတဲ့ သူတွေ ရှိတာကြောင့် လက်ရှိမှာတော့ ၉၅ ဦးသာ ကျန်ပါပြီ။
လွေးဆိုင်ပူး ကျောင်းစပျက်တာက နိုဝင်ဘာ ဒုတိယအပတ်၊ တရက်၊ နှစ်ရက်ကနေ တပတ်လုံးလုံး လွေးဆိုင်ပူးတယောက် ကျောင်းရောက်မလာ။
“ဒီမှာက တခါတလေ မိဘတွေ အလုပ်မအားလို့ ကလေးတွေကို ကျောင်းမလွှတ်ဘဲနဲ့ တောင်ယာမှာ ကူခိုင်းတာလေးတွေရှိတယ်၊ အဲတော့ ပထမ တရက်၊ နှစ်ရက်ကတော့ အမှုမဲ့ အမှတ်မဲ့ပေါ့၊ ဒါပေမယ့် တပတ်လုံးလုံး သူ ကျောင်းမလာလိုက်ဘူး” လို့ လွေးဆိုင်ပူး ကျောင်းစပျက်တဲ့ အကြောင်းကို ဆရာက ပြောပြပါတယ်။
အဲဒီနောက် သောကြာနေ့ညနေမှာတော့ သတင်းလေးဘာလေး နားစွင့်ချင်လို့ ခါတိုင်းလိုပဲ ဦးငြိမ်းချမ်းက ကွတ်ခိုင်မြို့ပေါ်တက်၊ တနင်္လာနေ့ ကျောင်းပြန်ရောက်တော့လည်း ကျောင်းကထိန်ပွဲအတွက် ဦးဆောင်နေရလို့ လွေးဆိုင်ပူး ကျောင်းပျက်တဲ့အပေါ် သေချာအလေးမစိုက်နိုင်။
“သူ့သူငယ်ချင်းတွေကိုတော့ မှာလိုက်သေးတယ်၊ ကထိန်ပွဲရှိတယ် ဆိုင်ပူးကိုလည်း ခေါ်ခဲ့၊ ကထိန်ပွဲလုပ်မှာဆိုပြီး” ဆရာ ဦးငြိမ်းချမ်းက ပြောပါတယ်။
ဒါပေမယ့် တကျောင်းလုံး ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲကြတဲ့ ကျောင်းကထိန်ပွဲကို ဆိုင်ပူးမရောက်လာခဲ့။
“အင်္ဂါနေ့မှာ ကထိန်ပြီးတော့ ဗုဒ္ဓဟူးနေ့ကျလည်း ကျောင်းမလာဘူး၊ မလာတော့ နေ့လယ် ထမင်းစားပြန်တဲ့ ကလေးတယောက်ကို ကျနော်မှာလိုက်တာ၊ ဆိုင်ပူးကို ခေါ်ခဲ့၊ ဆရာက ခေါ်ခိုင်းတယ်လို့ပြော၊ အခု နေ့လယ် လိုက်မလာရင် ဆရာက ညနေကျောင်းဆင်းရင် အိမ်လိုက်လာမယ်လို့သာပြောလိုက်” ဆိုပြီး ဆိုင်ပူးကို ခေါ်ခိုင်းခဲ့တဲ့အကြောင်း ဆရာက ပြောပါတယ်။
ဒါပေမယ့် အခေါ်လွှတ်လိုက်တဲ့ ကျောင်းသူလေးနဲ့အတူ ပါလာတဲ့ သတင်းက ဆရာ ဦးငြိမ်းချမ်း မကြားဝံ့သာ။
“ဆရာကြီးတဲ့ သူက ကျောင်းထွက်တော့မယ်တဲ့၊ ကျောင်းမတက်တော့ဘူးတဲ့၊ ကျနော်အဲမှာပဲ ကျနော်နေတဲ့အိမ်ကနေ ဆိုင်ကယ်ပြန်ယူ၊ အဲကလေးကို ခေါ်ပြီး ရွာထဲလိုက်သွားတာ၊ ရွာကို သွားတဲ့ လမ်းမှာတင် သူတို့နဲ့တွေ့တယ်၊ အဲမှာ သူတို့က ထွက်လာနေပြီ၊ တခါတည်းသွားတော့မယ့်သဘောမျိုးဖြစ်သွားတာပေါ့” လို့ မူဆယ်ဘက် သွားတော့မယ် လွေးဆိုင်ပူးတို့နဲ့ လမ်းမှာဆုံခဲ့ပုံကို ဦးငြိမ်းချမ်းက ပြောပြပါတယ်။
လွေးဆိုင်ပူးတို့လိုပဲ ကျောင်းနေပျော်ပေမယ့် ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောင်းထွက်ပြီး မိသားစုတာဝန် ဝင်ယူလိုက်ရသူ နောက်ထပ် တအာင်းမိန်းကလေးငယ်တဦးကတော့ လွေးအေသုန်။
လွေးအေသုန်က အသက် ၁၂ နှစ်၊ မနှစ်က စာသင်နှစ်မှာ သူက တတိယတန်းကျောင်းသူတဦးပါ။
စာတော်တဲ့အပြင် ပညာတတ်ဖြစ်ချင်စိတ် ပြင်းပြင်းပြပြရှိသလို စာသင်တဲ့အခါတိုင်းလည်း အာရုံစူးစိုက် သင်ယူလေ့ရှိတဲ့ လွေးအေသုန်ဟာ ကျောင်းပိတ်ရက်တွေကိုတောင် နှစ်သက်တဲ့သူတယောက်မဟုတ်ပါဘူး။
“ဆရာကြီး သမီးကျောင်းမပိတ်ချင်ဘူး၊ ကျောင်းပဲတက်ချင်တာ၊ ကျောင်းတက်ရတာပဲပျော်တယ်၊ ကျောင်းပိတ်ရင် သမီးပျင်းတယ်” ဆိုပြီး လွေးအေသုန်က ဆရာ ဦးငြိမ်းချမ်းကို ပြောနေကျပါ။
ဒါပေမယ့် လွေးအေသုန်တယောက်လည်း တတိယတန်းကိုပဲ စာသင်နှစ်တဝက်သာ တက်လိုက်ရပြီး သူတွယ်တာလှတဲ့ စာသင်ကျောင်းကို ကျောခိုင်းခဲ့ရပါတော့တယ်။
မောင်နှမ သုံးယောက်ရှိတဲ့အထဲ လွေးအေသုန်က အကြီးဆုံးသမီးဖြစ်ပြီး သူ့အောက်က မောင်ငယ်လေးက ပထမတန်းနဲ့ မောင်အငယ်ဆုံးဖြစ်သူက တနှစ်ကျော်သာသာ ရှိပါသေးတယ်။
အဖေဖြစ်သူက တောင်ယာလုပ်ပြီး အမေဖြစ်သူ ကျန်းမာရေးမကောင်းဖြစ်နေစဥ်က လွေးအေသုန်ကလည်း သူ့မောင်အငယ်ဆုံးလေးကို ထိန်းဖို့နဲ့ အိမ်ရဲ့ ဝေယျာဝစ္စတွေ လုပ်ဖို့လိုလို့ ကျောင်းခဏခဏ ပျက်ခဲ့ရပါတယ်။
“တခါတလေ ကလေးထိန်းရင်းနဲ့ ကျောင်းကိုပါ ပါပါလာတယ်၊ ကျနော်ကလည်း ခေါ်ခဲ့ ကလေးကိုလည်း၊ ရတယ်၊ အဓိကက ကျောင်းတက်ရဖို့ပဲ” လို့ လွေးအေသုန် ကျောင်းတက်စဥ်က အခြေအနေကို ဆရာက ပြောပြပါတယ်။
အဲဒီနောက် သူ့အမေဆုံးသွားတဲ့ အချိန်မှာတော့ လွေးအေသုန်တယောက် ကျောင်းကနေ လုံးဝထွက်လိုက်ရပါတော့တယ်။
“သူက သမီးအကြီးဆုံးလည်းဖြစ်တယ်၊ အမေမရှိတော့ အဖေက တောင်ယာအလုပ်တွေနဲ့ ဆိုတော့ အိမ်မှာ ရေခပ်၊ ထမင်းချက်၊ အဝတ်လျှော်၊ ထင်းခုတ်တာကအစ ကလေးငယ်လေးထိန်းတာကအစ သူ့တာဝန်ဖြစ်သွားတာ” လို့ ဆရာ ဦးငြိမ်းချမ်းက ပြောပါတယ်။
လုံကိန်ရွာက စာသင်ကျောင်းမှာ ကျောင်းတက်ဖို့ ကျောင်းစရိတ် တပြားတချပ်မှ ပေးစရာမလိုသလို လိုအပ်တဲ့ စာအုပ်၊ စာရေးကိရိယာတွေကိုပါ ကျောင်းဘက်ကနေ ထောက်ပံ့ပေးပါတယ်။
ဒါပေမယ့် အဲဒီဒေသတဝိုက်မှာ လွေးဆိုင်ပူး၊ လွေးအေမုပ်၊ လွေးအေသုန်တို့လိုပဲ ကျောင်းတက်ချင်ကြပေမယ့် ကျောင်းထွက်လိုက်ကြရတဲ့ တအာင်းကလေးငယ် အများအပြားရှိနေပါတယ်။
အဲဒီလို တအာင်းကလေးငယ် အများအပြား ဆုံးခန်းတိုင် ပညာသင်ကြားခွင့်မရကြတာဟာ မိသားစု စားဝတ်နေရေး မပြေလည်တာတွေကြောင့်ရှိသလို တချို့မိဘများက ဆယ်ကျော်သက်အရွယ်ရောက်လာတဲ့ သူတို့ကလေးငယ်တွေကို ကျောင်းဆက်တက်ခိုင်းမယ့်အစား ဝင်ငွေရမယ့် အလုပ်တွေသာ လုပ်ခိုင်းစေချင်ကြတာကြောင့်လည်း ပါတယ်လို့ ဆရာ ဦးငြိမ်းချမ်းက မှတ်ချက်ပြုပါတယ်။
လုံးကိန်ရွာနဲ့ အနီးအနားတဝိုက်မှာ ပြောင်းချိုး၊ တောင်ယာခုတ်၊ ခြံခုတ် စတဲ့ နေ့စားအလုပ်တွေ လိုက်လုပ်တာ တရက်ကို တသောင်းကနေ တသောင်းခွဲအထိ ရကြတာမျိုးရှိသလို တချို့ကလည်း မူဆယ်၊ လောက်ကိုင်တို့လို့ နယ်စပ်ဘက်ထွက်ပြီး အလုပ်လုပ်ကြတာတွေလည်းရှိတယ်လို့ သိရပါတယ်။
“ဗမာပြည် ပညာရေးစနစ်ကြီးရဲ့ ဆိုးကျိုးလည်းပါတာပေါ့၊ သူတို့ နားလည်သလောက် ဆယ်တန်းအောင်၊ ဘွဲ့ရတွေတောင်မှ အလုပ်ရှားပါးနေတဲ့အချိန်ပေါ့၊ နောက်ပြီး ဘွဲ့ရတဲ့အထိ သူတို့ မပြုစု မပျိုးထောင်နိုင်တာလည်းပါတာပေါ့၊ သူတို့ကိုယ်တိုင်က ပညာကောင်းကောင်းမသင်ခဲ့ရတာလည်းပါတယ်၊ သေစာရှင်စာ ရပြီ၊ သူတို့ အတန်းလေး လေး၊ ငါး၊ ခြောက်တန်းပြီးသွားရင် ကျောင်းထွက် အလုပ်လုပ်ခိုင်းတာက ထုံးစံတခုလို ဖြစ်နေတယ်” လို့လည်း ဆရာက ဆိုပါတယ်။
ဒါ့အပြင် ရွာနဲ့ အနီးဝန်းကျင်မှာ အခြေခံပညာ ပြီးဆုံးတဲ့အထိ သင်ကြားနိုင်တဲ့ အခွင့်အရေး မရှိတာကလည်း ကျောင်းနေအရွယ် ကလေးငယ်တွေ ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောင်းထွက်ရမယ့် အခြေအနေကို တွန်းပို့နေပါတယ်။
လက်ရှိအချိန်ထိတော့ လုံကိန်ရွာမှာ ခြောက်တန်းအထိသာ ဖွင့်ထားနိုင်ပြီး အလယ်တန်းကို ဟိုနောင်ရွာနဲ့ အထက်တန်းကိုတော့ ကွတ်ခိုင်မြို့ပေါ်မှာသာ သွားရောက် တက်ရောက်နိုင်တာပါ။
လွေးဆိုင်ပူးတို့ရဲ့ ဇာတိရွာ လုံကိန်မှာတော့ ဆယ်တန်းအထိ နေခဲ့ဖူးသူတချို့ ရှိပေမယ့် အခုထိ ဆယ်တန်းအောင်ဖူးတဲ့သူ တယောက်မှ မရှိသေးဘူးလို့လည်း သိရပါတယ်။
ဆရာ ဦးငြိမ်းချမ်းတယောက်ကတော့ မိဘတွေအနေနဲ့ ကျောင်းနေအရွယ်ကလေးငယ်တွေရဲ့ ပညာရေးကို ထောက်ပံ့ပေးကြဖို့ စရောက်ချိန်ကတည်းက ကျောင်းကော်မတီအဖွဲ့ဝင်တွေနဲ့အတူ ကြိုးစားလာခဲ့တာ အခုထိ ဇွဲမလျော့သေးပါဘူး။
“ကျနော်တို့ စိတ်တွေပဲ ရှေ့တအားရောက်နေလို့လားမသိဘူး၊ စိတ်ရော လူရောတော့ တော်တော်ပင်ပန်းရတယ်၊ ဒါပေမယ့် ကျနော်တို့ မရောက်ခင်ကထက်တော့ ကျနော်တို့ ရောက်နေတဲ့ နှစ်ပိုင်းခြားအတွင်းမှာ တော်တော်လေး တိုးတက်အောင်မြင်လာတယ်” လို့လည်း ဆရာက ပြောပါတယ်။
ဒါပေမယ့် အခုနှစ် စာသင်နှစ်အစ ငါးတန်းမှာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ငါးဦးရှိခဲ့ရာကနေ လွေးဆိုင်ပူးနဲ့ လွေးအေမုပ်တို့ ကျောင်းထွက်လိုက်တာကြောင့် အခုဆို ကျောင်းသားတယောက်နဲ့ ကျောင်းသူနှစ်ယောက်၊ စုစုပေါင်း သုံးယောက်သာ ကျန်ပါတော့တယ်။
နဂိုရှိတဲ့ ကျောင်းသားဦးရေထက် တစတစပိုများလာအောင် ရပ်ရွာလူကြီးတွေနဲ့ ပူးပေါင်းပြီး ကြိုးပမ်းနေတဲ့အချိန် ကျောင်းတက်ချင်ပေမယ့် ကျောင်းထွက်လိုက်ကြရတဲ့ လွေးဆိုင်ပူးတို့လို့ ကျောင်းသားတွေ တဖြည်းဖြည်း များလာတဲ့အပေါ် ဆရာ ဦးငြိမ်းချမ်းတယောက်ကတော့ တကယ်ယူကြုံးမရလောက်အောင်ပါပဲ။
“ကျနော်တို့က စာသင်ခန်းနဲ့ ဝေးရာက ကလေးတွေကိုတောင် စာသင်ခန်းထဲ မရောက်ရောက်အောင် ခေါ်သွင်းနေတာ၊ ကိုယ့်စာသင်ခန်းထဲ၊ ကိုယ့်ရင်ခွင်ထဲက ကလေးက အဝေးတနေရာကို ရောက်သွားတယ်၊ ရောက်သွားတဲ့ ပုံစံကလည်း အခုလိုမျိုး ပုံစံဆိုတော့ ကျနော် မခံစားနိုင်ဘူး” လို့ ဆရာ ဦးငြိမ်းချမ်းက သူ့ခံစားချက်ကို ဖွင့်ဟပါတယ်။